Latest News

Saturday, June 16, 2018

တောင်သူနှင့်မိုး

တောင်သူနှင့်မိုး

ရာသီလေပြင်း မိုးစက်သွင်း၍
ယာခင်းကိုဖြတ် အချမ်းဓာတ်နှင့်
လွှမ်းပတ်သိုင်းခြုံ ရှစ်တိုင်းမှုန်သည်
မုတ်သုံနှုတ်ဆက်ကြမ်းနေ၏။

ပျိုးပင်နုနု မိုးပြင်းထုသော်
ကျိုးလုရွက်ခက် မြေမှာသက်သည်
မရပ်မနား လေတိုက်အားက
ရွက်များကြွေဖို့အကြောင်းဖန်၏။

မိုးစက်မြေရောက် သီးနှံပေါက်၏
မိုးပြောက်ပုံမှန် အသီးသန်၏
လေထန်လျှပ်စီး မိုးလည်းကြီးသော်
ပျက်စီးသီးနှံ တောင်သူ့ကံသည်
မဟန်ဒုက္ခ စုပုံကျမည်
နွမ်းလျနိုင်သောဘဝများ။

သြော်...
မရွာတောင့်တ ရွာကြောင့်ကြသည့်
ဒုက္ခကိုပိုက် ကံမျှော်လိုက်နှင့်
ကိုယ့်ထိုက်ကိုယ့်ကံ ကောင်းကင်ယံသည်
မိုးဆန်မိုးခဲအပြည့်တည်း။

မောင်စိုးဝေ(မြို့သာ)

No comments:

Post a Comment