Latest News

Wednesday, June 20, 2018

သက်ငယ်မုဒိမ်းမှုများ လျော့နည်းကင်းစင်ရေး

သက်ငယ်မုဒိမ်းမှုများ လျော့နည်းကင်းစင်ရေး

မြန်မာနိုင်ငံတစ်ဝန်း ပြစ်မှုကျူးလွန်မှုစာရင်းတွင် သက်ငယ် မုဒိမ်းမှုကျူး လွန်ခြင်းများ ပါဝင်နေသည်ကို တွေ့ရသည်။ ဤသို့ ပြစ်မှုကျူးလွန်မှုများ ဖြစ်ပွားနေရသည့် အကြောင်းရင်းများ ကိုကြည့်လျှင် အသိအမြင်နည်းပါးသ ကဲ့သို့ တစ်ဖက်သားအား ယုံကြည်မှုလွန်ကဲနေခြင်းကြောင့်ဖြစ်သည်ကို တွေ့ရသည်။ အထူးသဖြင့် အသက်ငယ်ရွယ်သည့်ကလေးများအား စည်းရုံး သိမ်းသွင်းရန်လွယ်ကူခြင်းနှင့် အထိန်း အကွပ်နည်းသည့် ကလေးများတွင် အတွေ့ရများခြင်းလည်း ဖြစ်သည်။

သို့ဖြစ်၍ ကလေးငယ်များအား ငယ်ရွယ်သည်ဆိုသော် လည်း သိသင့်သိထိုက်သည့် လိင်ပညာပေး လုပ်ငန်းများကို ငယ်ရွယ်စဉ်ကပင် ရင်းနှီးစေသင့်လေသည်။ ထို့အတူ အုပ်ထိန်း
သူမိဘများအနေနှင့်လည်း သတိလက်လွတ်ဖြစ်နေတတ်သည့် အဖြစ်မျိုး ရှိနိုင်လေသည်။ သို့ ဖြစ်၍ အသက်အရွယ်ငယ်စဉ်မှာပင် ပန်းကောင်းအညွန့်ကျိုးဖြစ်ရသည့် သတင်းများကို ရင်နင့်ဖွယ်ကြားသိရ သကဲ့သို့ လူမဆန်သည့် အကျင့်စရိုက်ရှိသူ များအား ရှုတ်ချဖွယ်ရာများလည်းဖြစ်သည်။
မကြာသေးမီကပင် ကံကော်မြေမှတွဲလက်များ ပညာရေး အထောက်အကူပြုအသင်းမှ ဖြန့်ဝေမှုတစ်ခုကို တွေ့ရသည်။ အဆိုပါဖြန့်ဝေမှုတွင် သက်ငယ်မုဒိမ်းမှုများ နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်နေ၍ အုပ်ထိန်း သူမိဘများနှင့် ကလေးသူငယ်များလိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်မှုများကို တွေ့ရလေသည်။

ကလေးသူငယ်များ သတိပြုရန် အချက်များမှာ-

(၁) နေအိမ်မှဝေးရာသို့ မိဘ၊ အုပ်ထိန်းသူများ မသိဘဲလုံးဝမသွားပါနှင့်။
(၂) နေအိမ်မှ အပြင်ဘက်သို့ ထွက်ကစားလျှင် မိဘ၊အုပ်ထိန်းသူများကို အသိပေးပြီးမှသွားပါ။
(၃) ကျောင်း၊ သင်တန်း၊ ကျူရှင်မှ ပြန်လျှင် အိမ်သို့တန်းပြန်ပါ။ ဖြစ်နိုင်လျှင် အဖော်နှင့်ပြန်ပါ။
(၄) မိမိမသိသောနေရာသို့ မည်သူခေါ်ခေါ် မလိုက်ပါနှင့်။
(၅) မိမိမသိသော သူစိမ်းများနှင့် လုံးဝစကားမပြောပါနှင့်။
(၆) မိမိမသိသူများကျွေးသည့် အစားအသောက်၊ အအေးများကို လုံးဝမစားသောက်ပါနှင့်။
(၇) လူထူထပ်သောနေရာများသို့ တစ်ယောက်တည်း မသွားပါနှင့်။
(၆) မိမိ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဓာတ်ပုံအရိုက်မခံပါနှင့်။
(၉) ဖုန်းအတွင်းမှ ဓာတ်ပုံများ၊ ဗီဒီယိုများကို မည်သူလာပြပြ  လုံးဝမကြည့်ပါနှင့်။
(၁၀) လူရှင်းသောလမ်းများ၊ မှောင်သောနေရာများသို့တစ်ယောက်တည်း လုံးဝမသွားပါနှင့် စသည့်အချက် များဖြစ်သည်။အုပ်ထိန်းသူများ၊ မိဘများသတိပြုရန် အချက်များမှာ-

(၁) နေအိမ်မှဝေးရာသို့ ခိုင်းစေခြင်း၊ စေလွှတ်ခြင်း၊ လုံးဝမပြုလုပ်ပါနှင့်။
(၂) မှောင်မိုက်သည့်အချိန်တွင် ကလေးတစ်ယောက်တည်းမည်သည့်နေရာကိုမျှ မလွှတ်ပါနှင့်။
(၃) မူးယစ်ဆေးဝါး၊ အရက်သေစာ သောက်စားထားသူများအနီး ကလေးကို လုံးဝမထားပါနှင့်။
(၄) အခြားသူများကိုယုံကြည်ပြီး ကလေးကို ဘယ်နေရာသို့မျှ မထည့်ပါနှင့်။
(၅) ကလေးကို အခြားသူများနှင့်ထားခဲ့ခြင်း၊ အခြားသူများအား စောင့်ကြည့်ခိုင်းခြင်း လုံးဝမလုပ်ပါနှင့်။
(၆) ကျောင်း၊ အသင်း၊ ကျူရှင်သို့ တစ်ယောက်တည်းလုံးဝမလွှတ်ပါနှင့်။
(၇) ကလေးရှေ့တွင် လိင်ပိုင်းဆိုင်ရာအပြုအမူများ မလုပ်မိစေရန်ကို သတိထားရှောင်ကြဉ်ပါ။
(၈) ကလေးတွင် ပြောင်းလဲလာသော အပြုအမူ အနေအထိုင်များရှိပါက ချက်ချင်းမေးမြန်းပါ။
(၉) ကလေးရင်ဖွင့်သည့် ပြောပြသည့် စကားများကို အလေးထားနားထောင်ပါ။
(၁၀) လိင်မှုဆိုင်ရာများကို ကလေးသိတတ်သည့်အရွယ်မှစ၍ဗဟုသု တအဖြစ် ပြောပြပါ။

စင်စစ် ယခုဖော်ပြခဲ့သည့် သတိပြုဆင်ခြင်ဖွယ် အကြောင်းအချက်များသည် မိဘအုပ်ထိန်းသူနှင့် ကလေးငယ်များကြားတွင် အမှန်ပင် ရင်းနှီးပွင့်လင်းစွာ သိသင့်သော အကြောင်းခြင်းရာ များပင် ဖြစ်ပါသည်။ အထူးသဖြင့် နယ်နှင့် ကျေးလက်ဒေသများတွင် ကလေးငယ်များကို ကစားခွင့်ပေးခြင်း၊ ဈေးဝယ်ခိုင်းခြင်း၊ အဖော်မပါဘဲ ကလေးငယ်တစ်ဦးတည်း လွတ်ခြင်းများရှိတတ်ရာ ယင်းသို့သော ဒေသများတွင် သက်ငယ်မုဒိမ်းမှုခင်း များ အများအပြားဖြစ်ပွားနေသည်ကို တွေ့ရ၏။ မြို့ ကြီးများ တွင်မူ မိဘအုပ်ထိန်းမှုအောက်တွင်ရှိခြင်း၊ မိဘကိုယ်တိုင် ကျောင်းကြိုပို့လုပ်ခြင်း သို့မဟုတ် အခပေးဖယ်ရီ နှင့်ပို့ခြင်း၊ ကလေးငယ်များကိုယ်တိုင် ပြင်ပတွင်ထွက်၍ကစားရန် အခွင့် အလမ်းနည်းပါးခြင်းတို့ကြောင့် ယင်းသို့သော ပြစ်မှုများ ဖြစ်ပွားမှုနည်းပါးသည်ကို တွေ့ရမည်ဖြစ်သည်။
သို့ဖြစ်၍ ကလေးငယ်များနှင့် မိဘအုပ်ထိန်းသူများအား အသိပညာပေး လုပ်ငန်းများ ပြုလုပ်ရာတွင် မြို့ ပြကြီးများနှင့် ဝေးလံသော ဒေသများ၊ ကျေးလက်ဒေသများတွင် ပို၍ပြုလုပ် ပေးသင့်ပေသည်။ ယင်းသို့သော ဝေးလံသည့်ဒေသများတွင် နိစ္စဓူဝဖြစ်ပျက်နေသော ပြစ်မှုများနှင့်ပတ်သက်၍ သိရှိကောင်းမှ သိရှိနိုင်ကြမည်ဖြစ်သည်။ သို့ဖြစ်၍လည်း ကျေးလက်ဒေသသဘာဝရိုးသားမှု၊ ယုံကြည်မှုများကြောင့် မဖြစ်သင့်သည့် ပြစ်မှုများ ဖြစ်ပွားနေရခြင်းပင်ဖြစ်သည်။ ကျေးလက်ဒေသများ သို့ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကလေးငယ် များသိရှိရန် အသိပေးနှိုးဆော်မှုများကို သင်ကြားမှုအထောက် အကူများသဖွယ် ဗီနိုင်းများပြုလုပ်၍ ချိတ်ဆွဲထားစေခြင်းဖြင့် နေ့စဉ် အသိပညာပေး ရာရောက်စေ ပါသည်။ ထို့အတူ ကျေးရွာ ရပ်ကွက်များအတွင်း၌လည်း အသိပညာပေးလုပ်ငန်းများ ပြုလုပ်ခြင်းဖြင့် အုပ်ထိန်းသူ၊ မိဘများနှင့် ပူးပေါင်းဆောင်ရွက် နိုင်လေသည်။

ယခုအခါတွင် အစိုးရအဖွဲ့အစည်းများသာမက အင်န်ဂျီအိုများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပုဂ္ဂလိက ပရဟိတအဖွဲ့များလည်း ဒေသအနှံ့တွင် ဖွဲ့စည်းလာ နိုင်ပြီဖြစ်၏။ ယင်းအဖွဲ့အစည်းများအနေဖြင့်လည်း ယခုအခါ သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေးနှင့်ပတ်သက်၍ ပါဝင်လာ သကဲ့သို့ ယခုထက်ပို၍လည်း ပါဝင်လာသင့်ပါသည်။ လူငယ် ဘက်စုံဖွံ့ ဖြိုးရေးပွဲတော်တွင် အသိပညာပေးအစီအစဉ်များ ပြုလုပ်ပြီး လက်ကမ်းစာစောင်များ မျှဝေပေးခြင်း၊ ပညာရေး အစီအစဉ် ဉာဏ်စမ်းပဟေဠိများကို ဖတ်၍ ဖြေဆိုစေခြင်းနှင့် မှန်လျှင် လက်ဆောင်ပစ္စည်းများပေးခြင်း အစီအစဉ်များ ပါဝင်ခဲ့ရာ ယင်းအဖွဲ့နှင့်အတူ ရုပ်ရှင်သရုပ်ဆောင်ခိုင်နှင်းဝေ ပရဟိတအဖွဲ့ကလည်း သက်ငယ်မုဒိမ်းမှု ပပျောက်ရေးနှင့် ပတ်သက်၍ ပါဝင်ကူညီခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်း ဝေက “သက်ငယ်မုဒိမ်းမှု တွေပပျောက်ဖို့၊ စွန့်ပစ်ခံကလေးတွေ လျော့ကျဖို့ ကူညီပေးတာပါ၊ ပြဇာတ်တိုလေးတွေ၊ တေးသရုပ် ဖော်တွေ စီစဉ်ခဲ့ပါတယ်၊ သက်ငယ်မုဒိမ်း ဘာကြောင့်ဖြစ်သလဲ ဆိုတာ အသိပညာပေး ချင်တာပါ” ဟု ပြောသည်။
ထို့ကြောင့် သက်ငယ်မုဒိမ်းမှုများ လျော့နည်းကင်းစင် ရေးအတွက် ဆောင်ရွက်ရာတွင် လက်ရှိပညာ ပေးဆောင်ရွက် နေမှုများအပြင် သက်ငယ်မုဒိမ်းမှု အဖြစ်အများဆုံး အသက်အရွယ် အပိုင်းအခြား၊ အဖြစ် အများဆုံး နေရာဒေသများ၊ဖြစ်ပွားရသည့် ပုံသ္ဌာန်အမျိုးအစားများကို စစ်တမ်းအဖြစ် လေ့လာပြုစုထား ခြင်းဖြင့် ကြိုတင်အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်သည့်အခါ မည်သည့်နေရာဒေသများတွင် မည်သည့် အသွင်သ္ဌာန်ဖြင့် ချဉ်းကပ်လုပ်ဆောင်ပါက ပို၍ထိ ရောက်အောင်မြင်မှုရှိနိုင်မည်ကို မှန်းဆနိုင် ပါလိမ့်မည်။ ဤသို့ အသိပညာဖြန့်ဝေမှု ပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ့လူမှုအဖွဲ့အစည်းအတွင်း အရုပ်ဆိုးအကျည်းတန်လှသည့် မှုခင်းတစ်ခုဖြစ်သောသက်ငယ် မုဒိမ်းမှု များကို လျော့နည်းကင်းစင်လာအောင် ဆောင်ရွက် သွားနိုင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ ။

ခင်မောင်ဌေး(ပညာရေး)

No comments:

Post a Comment