Latest News

Sunday, June 3, 2018

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲ ယခင်စီစဉ်ထားသည့်အတိုင်း ပြန်ဖြစ်ပြီဟု ထရမ့်ပြော

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲ ယခင်စီစဉ်ထားသည့်အတိုင်း ပြန်ဖြစ်ပြီဟု ထရမ့်ပြော

ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ကျင်းပရန် စီစဉ်ထားသည့် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲသည် စီစဉ်ထားသည့်အတိုင်း ပြန်လည်ဖြစ်မြောက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်၁ ရက်တွင်ပြောသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ညာလက်ရုံး ဖြစ်သည့်အပြင် အမေရိကန်ပြည်ထောင်စု၏ အရေးယူ ပိတ်ဆို့မှု ခံထားရသည့် ဗိုလ်ချုပ်ကြီး ကင်ယောင်ချိုနှင့် အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်း၌ တစ်နာရီနီးပါးကြာ ဆွေးနွေးပြီးနောက် ထရမ့်က ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။ မြောက်ကိုရီးယားနှင့် ထိပ်သီး ဆွေးနွေးပွဲသည် တိုးတက်မှု ရှိလာပြီဖြစ်ပြီး နောက်ဆုံးတွင် အောင်မြင်မှုရရှိမည်ဟု ယုံကြည်ကြောင်း ထရမ့်ကပြောသည်။

မြောက်ကိုရီးယား အနေဖြင့် အမေရိကန်နှင့် ဆွေးနွေးပွဲကို အလိုရှိကြောင်း၊ ထိုဆွေးနွေးပွဲက အရေးကြီးသည်ဟု အမေရိကန်အစိုးရက သုံးသပ်ကြောင်း၊ ယင်းထိပ်သီး ဆွေးနွေးပွဲ မဖြစ်မြောက်ပါက သမိုင်းတွင် အကြီးမားဆုံးသော အမှားကို ကျူးလွန်ရာ ရောက်မည်ဟု ယုံကြည်ကြောင်းနှင့် ဇွန် ၁၂ ရက်တွင် မြောက်ကိုရီးယားနှင့် ထိပ်သီးဆွေးနွေးပွဲကို ယခင် စီစဉ်ထားသည့်အတိုင်း ကျင်းပသွားမည် ဖြစ်ကြောင်း ထရမ့်က သတင်းထောက်များကို ပြောသည်။

ထို့ပြင် ကင်ဂျုံအွန်က ကင်ယောင်ချို မှတစ်ဆင့် ၎င်းထံသို့ စာတစ်စောင်ပေးခြင်းသည် အလွန်ကောင်းမွန်ပြီး အလွန် စိတ်ဝင်စားဖွယ် ကောင်းကြောင်း၊ သို့သော် ထိုစာကို ယခုအချိန်အထိ ဖွင့်မဖတ်ရသေးကြောင်း ထရမ့်က ဆက်ပြောသည်။ သို့သော်လည်း ထရမ့်သည် မြောက်ကိုရီးယား၏ လုပ်ဆောင်မှုများကို နွေးထွေးသော စကားလုံးများဖြင့် ကြိုဆိုလိုက်ပြီး ဆွေးနွေးမှုများက မြောက်ကိုရီးယား၏ နျူကလီးယား ကင်းစင်ရေးနှင့် စီးပွားရေး တိုးတက်မှုတို့ကို ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ထရမ့်သည် ကင်ယောင်ချိုနှင့် ကိစ္စအများအပြားကို ဆွေးနွေးခဲ့ပြီး ထိုကိစ္စရပ်များတွင် အရေးယူ ပိတ်ဆို့မှုများနှင့် တောင်ကိုရီးယား နိုင်ငံရှိ အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက် တို့လည်း ပါဝင်သည်။

ဧပြီ ၂၇ ရက်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ တွေ့ဆုံပြီးနောက် အမေရိကန်မြောက်ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲကို ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေး လေ့ကျင့်မှုအပေါ် မြောက်ကိုရီးယား၏ တုံ့ပြန်မှုသည် ရန်လိုသော အပြုအမူရှိသည်ဟု ထရမ့်က ယူဆကာ ထိုဆွေးနွေးပွဲကို ဖျက်သိမ်းခဲ့သည်။

ထို့နောက် မွန်ဂျေးအင်၏ ကြားဝင်ဖျန်ဖြေမှု နှင့်အတူ နှစ်နိုင်ငံ တာဝန်ရှိသူများက ဆွေးနွေးမှုများ ပြန်လည် လုပ်ဆောင်ကာ သဘောတူညီချက်များ ရရှိသည့်အတွက် အဆိုပါ ထိပ်သီး ဆွေးနွေးပွဲကို ယခင်စီစဉ်ထားသည့် အတိုင်း ကျင်းပရန် ထရမ့်က သဘောတူလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment