Latest News

Sunday, June 3, 2018

လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်နှင့်တွေ့ဆုံ မေးမြန်း

လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်နှင့်တွေ့ဆုံ မေးမြန်း

ဂျပန်ကစားသမားကခံနိုင်ရည်အား ကောင်းတာကြောင့် ဒီပွဲက နည်းနည်းကြာနိုင်မယ် MMA ကမ္ဘာ့ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်နှင့် တွေ့ဆုံ မေးမြန်းမှုကို ဖော်ပြပေးလိုက်ပါတယ်။

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့ကိုကာကွယ်မယ့် ကချင်တိုင်းရင်းသား အောင်လအန်ဆန် က ပြိုင်ပွဲ မတိုင်မီ ဧပြီ ၂၃ ရက်ကတည်းက အမေရိကန်နိုင်ငံ ဖလော်ရီဒါမှာ လေ့ကျင့်နေပြီ ဖြစ်ပါတယ်။ ဒီပွဲက အောင်လအတွက် ပထမဆုံး မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲဖြစ်လို့ သူ့အတွက် အရေးကြီးတဲ့ ပွဲဖြစ်သလို ဂျပန်နိုင်ငံသားနဲ့ ပထမဆုံး ယှဉ်ပြိုင်ရမှာ ဖြစ်လို့ ရင်ခုန်ရမယ့် ပွဲဖြစ်ပါတယ်။ One Championship အနေနဲ့ အောင်လအန်ဆန်နဲ့ မစ်ဒယ်ဝိတ် ချန်ပီယံ ကာကွယ်ပွဲကို အစက ဘရာဇီး ကစားသမား လီအန်ဒရိုနဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ပေမယ့် လီအန်ဒရို ဒဏ်ရာရသွားလို့ ဂျပန် ဂျူဒိုကစားသမား ကမ်ဟာစီဂါဝါနဲ့ ယှဉ်ပြိုင်ဖို့ ဖြစ်လာတာပါ။ ဒါကြောင့် ဇွန် ၂၉ ရက်မှာ မြန်မာနိုင်ငံ ပရိသတ်ရှေ့ကို ပြန်လာတော့မယ့် အောင်လ အနေနဲ့ ဒီပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံ မေးမြန်းမှုကို ဖော်ပြပေးလိုက်ပါတယ်။

မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲ အတွက် ဂျပန်ကစားသမားနဲ့ ယှဉ်ပြိုင်ဖို့ ဘယ်လို ပြင်ဆင်ထားပါသလဲ။

ဂျပန်ကစားသမားနဲ့ ယှဉ်ပြိုင်ဖို့ ကျွန်တော် ဧပြီ ၂၃ ရက်ကစပြီး လေ့ကျင့်နေပါတယ်။ အခုဆိုရင် ရက်သတ္တခြောက်ပတ်ရှိပါပြီ။ တစ်ရက်မှာ နှစ်ကြိမ်လေ့ကျင့်ရေးလုပ်တယ်။ အားရှိအောင် ဝိတ်လည်း ကောင်းကောင်း ကစားထားတယ်။ နပန်းကိုလည်း ပိုပြီးတော့ ကျွမ်းကျင်အောင် လေ့ကျင့်နေပါတယ်။

ပထမက ဘရာဇီးကစားသမားနဲ့ ယှဉ်ပြိုင် ရဖို့စီစဉ်ထားရာက ဂျပန်ကစားသမားနဲ့ဆိုတော့ လေ့ကျင့်ရေးပိုင်းမှာရော အခက်အခဲ ရှိပါသလား။

အစကတော့ ဘရာဇီး ကစားသမား လီအန်ဒရိုနဲ့ ချန်ပီယံ ကာကွယ်ပွဲ ယှဉ်ပြိုင် ရမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ လီအန်ဒရိုက လေ့ကျင့်ရေးမှာ ဒဏ်ရာရသွားတော့ ဂျပန်ကစားသမားနဲ့ ပြောင်းလိုက်တာပါ။ လေ့ကျင့်မှုကိုတော့ သိပ်မပြောင်းလဲပါဘူး။ ကျွန်တော့်အားသာချက်ကိုပဲ ကျွန်တော် ဆက်လေ့ကျင့်တယ်။ ကျွန်တော့် အားနည်းချက်ကိုလည်း အကောင်းဆုံး လေ့ကျင့်ပြီး အားသာချက်ဖြစ်အောင် လုပ်ထားတယ်။ လီအန်ဒရိုနဲ့လို့ ပြောတော့ သူ့ကို ယှဉ်ပြိုင်ဖို့ အတွက် ရပ်ပြီး ထိုးဖို့ လေ့ကျင့်တယ်။ သူကညာသန်ပါ။ ဂျပန် ကစားသမားနဲ့ ဆိုတော့ သူ့ကိုလည်း ရပ်ပြီးထိုးမယ်။ သူကတော့ ဘယ်သန်။ ဒါကြောင့် အပြောင်းအလဲ သိပ်မရှိပါဘူး။  

လက်ရှိမှာ ယှဉ်ပြိုင်ရမယ့် ဂျပန်ကစားသမားကမ်က ပိုပြီးသန်မာတယ်လို့ ပြောနေတဲ့ အပေါ်မှာရော ဘာပြောချင်ပါသလဲ။ သူတို့က ဘယ်လိုထင်ကြလဲ၊ ပြောကြလဲ တော့မသိဘူး။

ကျွန်တော့်စိတ်မှာတော့ အဲဒီစကားတွေကို နားမထောင်ဘူး။ ကျွန်တော်က ကျွန်တော့်ကိုယ် ကျွန်တော်သိတဲ့အတွက် ကမ်က ကျွန်တော့်ထက် အားသာတယ်ဆိုတာကို မယုံကြည်ပါဘူး။ အရင် ယှဉ်ပြိုင်ခဲ့တဲ့ပွဲတွေ အများစုမှာ ပထမအချီမှာပဲ အလဲထိုးပြီး အနိုင်ရခဲ့တာဆိုတော့ ဒီပွဲ ချန်ပီယံကာကွယ်ပွဲမှာရော ဘယ်အချီလောက် ပွဲသိမ်းနိုင်မလဲ။ သူက ဂျပန်လူမျိုးကစားသမားဆိုတော့ အရမ်းကောင်းတဲ့ MMA ကစားသမားတစ်ဦး ဖြစ်တယ်။ သူက ခံနိုင်ရည် အရမ်းကောင်းတယ်။ ပြီးတော့ နည်းစနစ်ပိုင်း ပိုကောင်းတယ်။ ဒါကြောင့် ဒီပွဲက နည်းနည်း ကြာမယ်လို့ ထင်ပါတယ်။  

ကမ်ရဲ့ အားသာချက်က ဘာဖြစ်မလဲ၊ ဘယ်လို အနိုင်ယူဖို့ ပြင်ဆင်ထားသလဲ။

လာကြည့်တဲ့ ပရိသတ်တွေ ကြိုက်နှစ်သက်အောင် အကောင်းဆုံး ကြိုးစားကစားမယ်။ လောလောဆယ်တော့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့ လေ့ကျင့်နေတယ်။ သူ့ရဲ့အားသာချက်က နပန်း ကစားတာပါ။ ဒါကြောင့် သူ့ကိုရပ်ပြီး ယှဉ်ပြိုင်မယ်။ သူက ဘယ်သန်ဆိုတော့ ဘယ်လို ကာကွယ်ရမလဲ ပြင်ဆင်ထားတယ်။ ပြီးတော့ ကမ်နဲ့သိတဲ့ ဂျပန်တစ်ယောက်နဲ့ လေ့ကျင့်ထားတယ်။ သူ့ရဲ့အားသာချက်ကို ထုတ်သုံးလို့ မရအောင် Game Plan ဆွဲထားပါတယ်။  

ကမ်က အရင်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ဘက်တွေနဲ့ ဘယ်လိုကွာခြားလဲ။ ပြီးတော့ သူက နောက်ဆုံးငါးပွဲမှာ လေးပွဲကို အလဲထိုး အနိုင်ရထားတာဆိုတော့ ဘယ်လို သုံးသပ်မလဲ။

သူက ခံနိုင်ရည် အရမ်းရှိတယ်။ သူများထိုးတဲ့ ဒဏ်ကို တော်တော်ခံနိုင်တယ်။ ပြီးတော့ သူက ဂျူဒိုခါးပတ်နက်ဆိုတော့ အတွေ့အကြုံ ကောင်းတွေရှိတယ်။ ဘာကွာလဲ ဆိုရင် ဂျပန် ကစားသမားတွေက ခံနိုင်ရည် အရမ်းရှိတယ်။ ပြီးတော့ ဂျပန်ကစားသမား နဲ့ကျွန်တော် တစ်ခါမှ မယှဉ်ပြိုင်ဖူးဘူး ဆိုတော့ ဒီပွဲက ကျွန်တော့်အတွက် ရင်ခုန်ရမယ့်ပွဲ ဖြစ်တယ်။  

ကမ်က One Championship မှာ အတွေ့အကြုံနည်းတယ်။ အဲဒီအချက်က အကို့အတွက် အားသာချက် ဖြစ်လာမလား။

အဲဒါက အားသာချက်လို့ ပြောလို့ရမယ်။ ဒါပေမဲ့ သူက အတွေ့အကြုံ နည်းပေမယ့် တခြား ပြိုင်ပွဲတွေမှာ အတွေ့အကြုံကောင်း ကောင်းရှိတဲ့သူ ဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုရင် သူက ပွဲပေါင်း တော်တော်များများ ယှဉ်ပြိုင်ထားတာဆိုတော့ အထင်သေးလို့ မရပါဘူး။

ဂျပန်ကစားသမားနဲ့ ယှဉ်ပြိုင်ရမည့်အချိန်မှာ အကို့ရဲ့ အားနည်းချက်က ဘာဖြစ်မလဲ။

အားနည်းချက်ကိုတော့ မပြောချင်ဘူး။ ပြိုင်ပွဲက နီးနေပြီဖြစ်လို့ ပြိုင်ဘက်ကို မသိစေချင်ဘူး။ ဒါပေမဲ့ ကျွန်တော် အားနည်းချက် မရှိအောင် အမြဲတမ်း ကြိုးစားနေပါတယ်။   ချန်ပီယံဘွဲ့  ကာကွယ်ရမယ်ဆိုတော့ ဖိအားတွေ ရှိနေမလား။ ကျွန်တော့်အတွက် စိတ်လှုပ်ရှားမှုတော့ ရှိတယ်။ ဖိအားနဲ့တော့ မဆိုင်ဘူး။ ကျွန်တော် က ကမ္ဘာ့ချန်ပီယံ ဖြစ်တဲ့အတွက် ပိုအားရှိတယ်။ လက်ရှိ MMA ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဝိတ်တန်းနှစ်ခု ချန်ပီယံဖြစ်နေပြီ ဆိုတော့ အဲဒီနောက်ပိုင်း ဘာတွေပြောင်းလဲမှု ရှိလာသလဲ။ ဆက်ပြီးတော့ ကြိုးစားနေမယ့် စိတ်ပဲရှိတယ်။ ကျွန်တော့်ကို လာစိန်ခေါ်မယ့် သူကိုပဲ ဘယ်လိုရင်ဆိုင်မလဲ ဆိုတဲ့စိတ်ပဲ ရှိပါတယ်။ ကမ္ဘာ့ ချန်ပီယံအနေနဲ့ ကျွန်တော် ဆက်ရှိဖို့ နေ့တိုင်း ကြိုးစားနေပါတယ်။

ပြိုင်ပွဲတွေ အများစုကို မြန်မာနိုင်ငံမှာ ကစားရတဲ့အပေါ် ဘာပြောချင်လဲ။

မြန်မာနိုင်ငံမှာ ကစားရတော့ ကျွန်တော့် ပရိသတ်တွေ ကြည့်လို့ရတာပေါ့။ တခြားနိုင်ငံမှာ ကစားရင် ရုပ်သံကပဲ ကြည့်လို့ ရမယ်လေ။ ကိုယ့်နိုင်ငံမှာ ပြိုင်ရလို့ အားရှိတာပေါ့။ ကျွန်တော် ကစားတဲ့အချိန်မှာ အားပေးသံတွေက ကျွန်တော့်အတွက် အားဆေးပါ။ အဲဒီအတွက် အရမ်းကို ကျေးဇူးတင်တယ်။   ကမ္ဘာ့ ချန်ပီယံနှစ်ခု အပါအဝင် ရန်ကုန်မှာ ယှဉ်ပြိုင်ရတဲ့ပွဲတိုင်း အနိုင်ရတာတွေ့ရတယ်။ ဒါက ရန်ကုန်မှာ ယှဉ်ပြိုင်လို့ အနိုင်ရတာလား။ ကျွန်တော့်မှာ အဲဒီလို အယုံအကြည်မရှိဘူး။ နိုင်ပွဲရတယ် ဆိုတာက ကျွန်တော့်ရဲ့ ကြိုးစားမှု၊ ပြင်ဆင်မှုနဲ့ပဲ ပိုဆိုင်ပါတယ်။ ပြင်ဆင်မှု ကောင်းရင် အောင်မြင်မှု ရပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ပြင်ဆင်မှုက အရေးကြီးတယ်။ ရန်ကုန်မှာ ကစားတိုင်း နိုင်ရင် ပြင်ဆင် လေ့ကျင့်စရာ မလိုဘူးလေ။ ဒါကြောင့် ပြင်ဆင်မှုနဲ့ ကြိုးစားမှုကြောင့် အောင်မြင်မှု ရတယ်လို့ ယုံကြည်ပါတယ်။  

ကမ္ဘာကျော်တွေအများစုက မြန်မာနိုင်ငံမှာ အခြေမစိုက်ဘဲ ပြည်ပမှာအခြေစိုက်တဲ့သူတွေ ဖြစ်နေတာကို ဘာပြောချင်သလဲ။

မြန်မာနိုင်ငံမှာနေပြီး ကြိုးစားရင်လည်း ကမ္ဘာကျော်နိုင်တယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက သာမန်လူ မဖြစ်ချင်ဘူး။ သာမန်ဘဝနဲ့ အသက် မရှင်ချင်ဘူး။ ကြိုးစားပြီး ဖြစ်ချင်တာကို လုပ်ချင်တယ်။ မြန်မာနိုင်ငံက လူတွေကလည်း ပညာယူပြီး ကြိုးစားမယ် ဆိုရင် ဘယ်နေရာကမဆို ကမ္ဘာကျော်နိုင်ပါတယ်။  

ဒီနှစ်မှာ ဘယ်နှပွဲယှဉ်ပြိုင်ဖို့ရှိလဲ။ ဒါတွေပြီးသွားရင် မြန်မာနိုင်ငံကို ပြန်လာဖို့ ရှိပါသလား။

ဒီနှစ်မှာ တစ်ပွဲကနေ နှစ်ပွဲယှဉ်ပြိုင်မယ်။ ဒီနှစ်ကုန်ရင် နယ်က လူငယ်တွေကို အနာဂတ် အတွက် MMA ကစားသမားဖြစ်အောင် သင်တန်းပေးဖို့ ရှိပါတယ်။  

အစ်ကို့ပြိုင်ပွဲတွေမှာ ပွဲသိမ်းမြန်တာကြောင့် လုပ်ပွဲဆိုပြီး စွပ်စွဲတာရှိတဲ့ အပေါ်ရော ဘာပြောချင်ပါသလဲ။

မြန်မာနိုင်ငံမှာ ငါးပွဲကစားတာ နှစ်ပွဲက အချိန်ကြာကြာ ယှဉ်ပြိုင်ခဲ့ရတယ်။ အဲဒီလို ပြောတဲ့သူတွေက MMA ကို သိပ်နားမလည်လို့ ပြောတာဖြစ်မယ်။ ဘာဖြစ်လို့လဲ ဆိုရင် ပြီးခဲ့တဲ့ ဘရာဇီး ကစားသမားဆိုရင် သူကစား လာတာ နှစ်ပေါင်း ၂ဝ ကျော်ရှိပြီ။ အရမ်း ဝါရင့်သူဖြစ်တယ်။ သူ့ဂျူဂျစ်စုက အရမ်းကောင်းတယ်။ ဒါကို ဘယ်လိုလုပ်ပွဲဖြစ်မလဲ။ အဓိကအချက်က Game Plan ပါပဲ။ အလိန်းနဲ့ပွဲကလည်း သူက ကစ်ဘောက်ဆင် ကစားတာ နှစ်ပေါင်း ၂ဝ လောက်ရှိပြီ။ သူ့ကိုဆိုရင် ရပ်ပြီးထိုးလို့ မရဘူး။ နပန်းနဲ့ ကစားရတယ်။ အဲဒီတော့ ပြောချင်တာက လုပ်ပွဲဆိုတာ မဟုတ်ပါဘူး။ MMA က ပညာသား အများကြီးပါတယ်။ ဒါကြောင့် မယုံကြည်တဲ့သူ ရှိရင်တော့ လုပ်ပွဲလို့ ထင်နေမှာပါ။

MWD

No comments:

Post a Comment