Latest News

Monday, June 18, 2018

ရန္ကုန္တြင္ ျဖစ္ပြားခဲ့ေသာ ေ႐ႊဆိုင္မ်ားမွ ေ႐ႊထည္မ်ား လိမ္လည္ရယူသြားသည့္ အမ်ိဳးသမီးတစ္ဦးအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူထား



ေနျပည္ေတာ္၊ ဇြန္ ၁၈
ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ရန္ကုန္တြင္ ျဖစ္ပြားခဲ့ေသာ ေ႐ႊဆိုင္မ်ားမွ ေ႐ႊထည္မ်ား လိမ္လည္ရယူသြားသည့္ အမ်ိဳးသမီးတစ္ဦးအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူထားေၾကာင္း သိရွိ ရသည္။
ျဖစ္စဥ္မွာ ၂၀၁၈ ခုႏွစ္၊ ေမလ ၅ ရက္ေန႔ နံနက္ ၁၁ နာရီအခ်ိန္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ (ဆ/က)ရပ္ကြက္၊ ေလးေထာင့္ကန္လမ္းမႀကီး၊ ဘီအိုစီမွတ္တိုင္အနီးရွိ “ေ႐ႊျမင့္မိုရ္”ေ႐ႊဆိုင္သို႔ အမ်ိဳးသမီးတစ္ဦးေရာက္ရွိလာၿပီး ႀကံဆစ္လက္ေကာက္(၂)ကြင္းႏွင့္ သံႀကိဳးပုံဆြဲႀကိဳး(၁)ကုံး စုစုေပါင္းတန္ဖိုးေငြက်ပ္(၁,၄၉၄,၀၀၀)အား ဝယ္ယူမည္ေျပာဆိုကာ ေဘာက္ခ်ာျဖတ္ခိုင္းခဲ့ေၾကာင္း၊ ေငြက်န္ခဲ့၍ ေလးေထာင့္ကန္လမ္းမေပၚတြင္ ေစာင့္ဆိုင္းေနမည္ျဖစ္ေၾကာင္းေျပာသျဖင့္ ေ႐ႊထည္ ပစၥည္းမ်ားအား အဆိုပါလမ္းေပၚသို႔ သြားေရာက္ေပးပို႔ခဲ့ေၾကာင္း၊ ဆိုင္မွေပးသည့္ လက္ေဆာင္ ပစၥည္းမ်ားအား သြားေရာက္ယူေပးရန္ေျပာဆိုသျဖင့္ သြားေရာက္ယူကာျပန္လာစဥ္ အဆိုပါအမ်ိဳး သမီးမွာ အငွားယာဥ္တစ္စီးျဖင့္ ထြက္ခြာသြားေသာေၾကာင့္ အေရးယူေပးရန္တိုင္တန္းခ်က္အရ သဃၤန္းကြၽန္းၿမိဳ႕မရဲစခန္း(ပ)၄၄၉/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀ ျဖင့္ အမႈဖြင့္စုံစမ္းခဲ့သည္။
၂၅-၅-၂၀၁၈ ရက္ေန႔ မြန္းလြဲ ၁ နာရီအခ်ိန္ ရန္ကင္းၿမိဳ႕နယ္၊ (၁၂)ရပ္ကြက္ရွိ “လိုတရ” အေပါင္ဆိုင္သို႔ အမ်ိဳးသမီးတစ္ဦးေရာက္ရွိလာၿပီး ဘတ္ႀကိဳး(၁)ကုံး၊ လက္ေကာက္(၂)ကြင္း စုစုေပါင္းတန္ဖိုးေငြက်ပ္(၁,၅၅၄,၅၀၀)အား ေဘာက္ခ်ာဖြင့္ခိုင္း၍ လိုတရဆိုင္၏ (၃)ဆိုင္ေက်ာ္တြင္ ေငြလိုက္ယူရန္ေျပာဆိုကာ ေ႐ႊထည္ပစၥည္းမ်ားအား ယူေဆာင္သြားေၾကာင္း၊ ေငြေတာင္းရန္ လိုက္ သြားစဥ္ အဆိုပါအမ်ိဳးသမီးမွာ လမ္းၾကားတစ္ခုအတြင္းသို႔ ဝင္သြားၿပီးေနာက္ မေတြ႕ရွိေတာ့သျဖင့္ အေရးယူေပးရန္တိုင္တန္းခ်က္အရ ရန္ကင္းၿမိဳ႕မရဲစခန္း(ပ)၂၁၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀ ျဖင့္ အမႈဖြင့္စုံစမ္းခဲ့သည္။
ဇြန္လ ၇ ရက္ေန႔ နံနက္ ၁၀ နာရီ ၄၅ မိနစ္အခ်ိန္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ (စ်)ရပ္ကြက္ရွိ “ေ႐ႊမင္းသမီး” ေ႐ႊဆိုင္သို႔ အမ်ိဳးသမီးတစ္ဦးေရာက္ရွိလာၿပီး ေ႐ႊဆြဲႀကိဳး(၁)ကုံးဝယ္ယူလိုေၾကာင္း ေျပာဆိုကာ တန္ဖိုးေငြက်ပ္(၁,၃၈၀,၀၀၀)ရွိ ေ႐ႊဆြဲႀကိဳး(၁)ကုံးကို ေဘာက္ခ်ာျဖတ္၍ ယူေဆာင္ သြားကာ ေငြရွင္းရန္အတြက္ ေ႐ႊဆိုင္အနီးရွိ ၎၏ေစ်းဆိုင္သို႔ ေငြလိုက္ယူရန္ေျပာေသာေၾကာင့္ လိုက္ယူရာ အဆိုပါအမ်ိဳးသမီးအား ေစ်းအတြင္း၌ မ်က္ေျချပတ္သြားသျဖင့္ အေရးယူေပးရန္ တိုင္တန္းခ်က္အရ ေျမာက္ဥကၠလာပၿမိဳ႕မရဲစခန္း(ပ)၇၅၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၂၀ ျဖင့္ အမႈဖြင့္စုံစမ္းခဲ့သည္။
ျပစ္မႈက်ဴးလြန္သူအမ်ိဳးသမီးအား ဖမ္းဆီးရမိေရးအတြက္ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ မႉး႐ုံးမွတပ္ဖြဲ႕ဝင္မ်ား၊ အေရွ႕ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးမွတပ္ဖြဲ႕ဝင္မ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕က လိုက္လံစုံစမ္းေဆာင္႐ြက္ခဲ့ရာ ျပစ္မႈက်ဴးလြန္သူမွာ သန္လ်င္ၿမိဳ႕နယ္ေန မာလာ(ခ)ေဇာင္းတလား (၃၀)ႏွစ္ျဖစ္ေၾကာင္း သိရွိရၿပီး ဇြန္လ ၁၇ ရက္ေန႔ မြန္းလြဲ ၁ နာရီ ၃၀ မိနစ္အခ်ိန္တြင္ ပဲခူးၿမိဳ႕၊ ဥႆာၿမိဳ႕သစ္၊ ရပ္ကြက္ႀကီး(၇)၊ ေပါက္ပင္လမ္းရွိ ေနအိမ္တစ္အိမ္မွ ဖမ္းဆီးရမိခဲ့သည္။
စစ္ေဆးခ်က္အရ ၎သည္ ၂၀၁၈ ခုႏွစ္၊ ေမလအတြင္းက ေ႐ႊျမင့္မိုရ္ေ႐ႊဆိုင္သို႔ သြား ေရာက္ကာ ေ႐ႊဆြဲႀကိဳး(၁)ကုံးႏွင့္ ေ႐ႊလက္ေကာက္(၂)ကြင္းအားခ်ိန္တြယ္ခိုင္းကာ ေငြမပါေသး ေၾကာင္း၊ ေဘးတြင္ ၎၏စားေသာက္ဆိုင္ရွိ၍ ေငြလာယူေပးရန္ေျပာဆိုကာ လိမ္လည္ထြက္သြား ခဲ့ေၾကာင္း၊ အလားတူ ေမလအတြင္း၌ပင္ လိုတရအေပါင္ဆိုင္သို႔သြားေရာက္ၿပီး ေ႐ႊဘတ္ႀကိဳး (၁)ကုံး၊ ေ႐ႊလက္ေကာက္(၂)ကြင္း ဝယ္ယူလိုေၾကာင္းေျပာကာ ေနအိမ္မွာ ဒီနားတြင္ရွိေၾကာင္းႏွင့္ ေငြမ်ားအား လိုက္ယူရန္ေျပာဆို၍ လိမ္လည္ယူေဆာင္သြားခဲ့ေၾကာင္း၊ ဇြန္လ ၇ ရက္ေန႔တြင္ ေ႐ႊမင္းသမီး ေ႐ႊဆိုင္သို႔ သြားေရာက္ၿပီး ေ႐ႊဆြဲႀကိဳးတစ္ကုံးအား ခ်ိန္တြယ္ဝယ္ယူခဲ့ၿပီး ေငြမပါ လာသျဖင့္ အနီးတြင္ ၎ဖြင့္ထားသည့္ အ႐ုပ္ဆိုင္သို႔ ေငြလိုက္ယူရန္ေျပာဆို၍ လိမ္လည္ယူ ေဆာင္သြားေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေသာေၾကာင့္ အမႈျဖင့္ဆက္လက္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။
ရဲဇာနည္

ရန်ကုန်တွင် ဖြစ်ပွားခဲ့သော ရွှေဆိုင်များမှ ရွှေထည်များ လိမ်လည်ရယူသွားသည့် အမျိုးသမီးတစ်ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူထား
နေပြည်တော်၊ ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရန်ကုန်တွင် ဖြစ်ပွားခဲ့သော ရွှေဆိုင်များမှ ရွှေထည်များ လိမ်လည်ရယူသွားသည့် အမျိုးသမီးတစ်ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူထားကြောင်း သိရှိ ရသည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ မေလ ၅ ရက်နေ့ နံနက် ၁၁ နာရီအချိန် သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်၊ လေးထောင့်ကန်လမ်းမကြီး၊ ဘီအိုစီမှတ်တိုင်အနီးရှိ “ရွှေမြင့်မိုရ်”ရွှေဆိုင်သို့ အမျိုးသမီးတစ်ဦးရောက်ရှိလာပြီး ကြံဆစ်လက်ကောက်(၂)ကွင်းနှင့် သံကြိုးပုံဆွဲကြိုး(၁)ကုံး စုစုပေါင်းတန်ဖိုးငွေကျပ်(၁,၄၉၄,၀၀၀)အား ဝယ်ယူမည်ပြောဆိုကာ ဘောက်ချာဖြတ်ခိုင်းခဲ့ကြောင်း၊ ငွေကျန်ခဲ့၍ လေးထောင့်ကန်လမ်းမပေါ်တွင် စောင့်ဆိုင်းနေမည်ဖြစ်ကြောင်းပြောသဖြင့် ရွှေထည် ပစ္စည်းများအား အဆိုပါလမ်းပေါ်သို့ သွားရောက်ပေးပို့ခဲ့ကြောင်း၊ ဆိုင်မှပေးသည့် လက်ဆောင် ပစ္စည်းများအား သွားရောက်ယူပေးရန်ပြောဆိုသဖြင့် သွားရောက်ယူကာပြန်လာစဉ် အဆိုပါအမျိုး သမီးမှာ အငှားယာဉ်တစ်စီးဖြင့် ထွက်ခွာသွားသောကြောင့် အရေးယူပေးရန်တိုင်တန်းချက်အရ သင်္ဃန်းကျွန်းမြို့မရဲစခန်း(ပ)၄၄၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။
၂၅-၅-၂၀၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရန်ကင်းမြို့နယ်၊ (၁၂)ရပ်ကွက်ရှိ “လိုတရ” အပေါင်ဆိုင်သို့ အမျိုးသမီးတစ်ဦးရောက်ရှိလာပြီး ဘတ်ကြိုး(၁)ကုံး၊ လက်ကောက်(၂)ကွင်း စုစုပေါင်းတန်ဖိုးငွေကျပ်(၁,၅၅၄,၅၀၀)အား ဘောက်ချာဖွင့်ခိုင်း၍ လိုတရဆိုင်၏ (၃)ဆိုင်ကျော်တွင် ငွေလိုက်ယူရန်ပြောဆိုကာ ရွှေထည်ပစ္စည်းများအား ယူဆောင်သွားကြောင်း၊ ငွေတောင်းရန် လိုက် သွားစဉ် အဆိုပါအမျိုးသမီးမှာ လမ်းကြားတစ်ခုအတွင်းသို့ ဝင်သွားပြီးနောက် မတွေ့ရှိတော့သဖြင့် အရေးယူပေးရန်တိုင်တန်းချက်အရ ရန်ကင်းမြို့မရဲစခန်း(ပ)၂၁၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။
ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် မြောက်ဥက္ကလာပမြို့နယ်၊ (စျ)ရပ်ကွက်ရှိ “ရွှေမင်းသမီး” ရွှေဆိုင်သို့ အမျိုးသမီးတစ်ဦးရောက်ရှိလာပြီး ရွှေဆွဲကြိုး(၁)ကုံးဝယ်ယူလိုကြောင်း ပြောဆိုကာ တန်ဖိုးငွေကျပ်(၁,၃၈၀,၀၀၀)ရှိ ရွှေဆွဲကြိုး(၁)ကုံးကို ဘောက်ချာဖြတ်၍ ယူဆောင် သွားကာ ငွေရှင်းရန်အတွက် ရွှေဆိုင်အနီးရှိ ၎င်း၏စျေးဆိုင်သို့ ငွေလိုက်ယူရန်ပြောသောကြောင့် လိုက်ယူရာ အဆိုပါအမျိုးသမီးအား စျေးအတွင်း၌ မျက်ခြေပြတ်သွားသဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ မြောက်ဥက္ကလာပမြို့မရဲစခန်း(ပ)၇၅၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်စုံစမ်းခဲ့သည်။
ပြစ်မှုကျူးလွန်သူအမျိုးသမီးအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုက်လံစုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ သန်လျင်မြို့နယ်နေ မာလာ(ခ)ဇောင်းတလား (၃၀)နှစ်ဖြစ်ကြောင်း သိရှိရပြီး ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၇)၊ ပေါက်ပင်လမ်းရှိ နေအိမ်တစ်အိမ်မှ ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်အရ ၎င်းသည် ၂၀၁၈ ခုနှစ်၊ မေလအတွင်းက ရွှေမြင့်မိုရ်ရွှေဆိုင်သို့ သွား ရောက်ကာ ရွှေဆွဲကြိုး(၁)ကုံးနှင့် ရွှေလက်ကောက်(၂)ကွင်းအားချိန်တွယ်ခိုင်းကာ ငွေမပါသေး ကြောင်း၊ ဘေးတွင် ၎င်း၏စားသောက်ဆိုင်ရှိ၍ ငွေလာယူပေးရန်ပြောဆိုကာ လိမ်လည်ထွက်သွား ခဲ့ကြောင်း၊ အလားတူ မေလအတွင်း၌ပင် လိုတရအပေါင်ဆိုင်သို့သွားရောက်ပြီး ရွှေဘတ်ကြိုး (၁)ကုံး၊ ရွှေလက်ကောက်(၂)ကွင်း ဝယ်ယူလိုကြောင်းပြောကာ နေအိမ်မှာ ဒီနားတွင်ရှိကြောင်းနှင့် ငွေများအား လိုက်ယူရန်ပြောဆို၍ လိမ်လည်ယူဆောင်သွားခဲ့ကြောင်း၊ ဇွန်လ ၇ ရက်နေ့တွင် ရွှေမင်းသမီး ရွှေဆိုင်သို့ သွားရောက်ပြီး ရွှေဆွဲကြိုးတစ်ကုံးအား ချိန်တွယ်ဝယ်ယူခဲ့ပြီး ငွေမပါ လာသဖြင့် အနီးတွင် ၎င်းဖွင့်ထားသည့် အရုပ်ဆိုင်သို့ ငွေလိုက်ယူရန်ပြောဆို၍ လိမ်လည်ယူ ဆောင်သွားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သောကြောင့် အမှုဖြင့်ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment