Latest News

Thursday, June 14, 2018

ချင်းတွင်းမြစ်အတွင်း စက်လှေ တစ်စီး နစ်မြုပ်မှုဖြစ်ပွား အမျိုးသမီး တစ်ဦး သေဆုံး

ချင်းတွင်းမြစ်အတွင်း စက်လှေ တစ်စီး နစ်မြုပ်မှုဖြစ်ပွား
အမျိုးသမီး တစ်ဦး သေဆုံး

ဟုမ္မလင်း ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ နောင်ပကျစ်ရပ်ကွက် ကမ်းနားလမ်း အနီးရှိ ချင်းတွင်းမြစ်အတွင်း ဇွန်လ(၁၃)ရက်နေ့ နေ့လယ်ပိုင်းတွင် ဟုမ္မလင်းမြို့မှ ကောယားကျေးရွာသို့ နေ့ချင်းပြန် ပြေးဆွဲလျက် ရှိသော စက်လှေတစ်စီး  နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း  သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ(၁၃)ရက်နေ့လယ်ပိုင်း (၁၂)နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ရေယာဉ်မောင်း မင်းသက်ဦး (အသက်-၂၃နှစ်) မောင်းနှင်သည့် ''ရွှေစင်ဦး'' လိုင်းစက်လှေသည် ခရီးသည်(၂၅)ဦး တင်ဆောင်လျက် ဟုမ္မလင်းမြို့မှ ကောယား ကျေးရွာသို့ နောင်ပကျစ်ရပ်ကွက် ကမ်းနားလမ်း ချင်းတွင်းမြစ် အတွင်းမှ ပြန်လည်ထွက်ခွာစဉ် ရေစီး အရှိန်ကြောင့် မျောပါပြီး အောက်ဘက်ပိုင်း ဆိပ်ကမ်းတွင် ရပ်နားထားသော ဖလက်တွဲများနှင့် ကုန်တင် သင်္ဘောများ အောက်သို့ ရောက်ရှိခဲ့ပြီး နစ်မြုပ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့စက်လှေနစ်မြုပ်မှုဖြစ်ပွားရာတွင် စက်လှေပေါ်ရှိ ခရီးသည် (၂၅)ဦးလုံး ပြန်ဆည်ယူနိုင်ခဲ့ပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ဟုမ္မလင်းမြို့ ကုတင်(၁ဝဝ)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံ အရောက်တွင် ၎င်းအမျိုးသမီးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေစင်ဦးစက်လှေနစ်မြုပ်မှုဖြစ်ပွားရာသို့ မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးလင်းနှင့် ကော်မတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၁ဝ)ဦး၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ နောင်ပကျစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းကူညီဆယ်ယူခဲ့ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment