Latest News

Thursday, June 14, 2018

မြစ်ဝကျွန်းပေါ်ဒေသ စပါးမျိုးစေ့ အောင်မြင်ဖြစ်ထွန်းလာစေရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

မြစ်ဝကျွန်းပေါ်ဒေသ စပါးမျိုးစေ့ အောင်မြင်ဖြစ်ထွန်းလာစေရေး
ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ပုသိမ် ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အမှတ်(၃)ရပ်ကွက် ပုသိမ်ဟိုတယ်၌ မြစ်ဝကျွန်းပေါ်ဒေသ စပါးမျိုးစေ့ အောင်မြင်ဖြစ်ထွန်းလာစေရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းက ဆွေးနွေးပွဲပြုလုပ်ခြင်းနှင့်ပတ်သက်၍ ကျေးလက်နေ လယ်သမားများ ဖွံ့ဖြိုးတိုးတက်လာစေရေးကို အဓိကရည်ရွယ်ချက် ထားရှိပြီး ဆောင်ရွက်ခြင်းဖြစ်၍ လက်တွေ့ကျသော လုပ်ငန်းစဉ်များကို ဖော်ဆောင်ဆွေးနွေးသွားကြရန် မှာကြားသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ စပါးမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေး စီမံကိန်း၏အကြောင်းနှင့် ညှိနှိုင်းဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များကို Mr.Andreas Graf (Head of Project) က ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးအတွင်းရှိ မျိုးစေ့ကဏ္ဍများနှင့် ပတ်သက်၍ လက်ရှိ အခြေအနေများ၊ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တွေ့ကြုံရသည့် အခက်အခဲများကို တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးအောင်မင်းက  ရှင်းလင်းတင်ပြဆွေးနွေးသည်။

၎င်းနောက် အခမ်းအနား တက်ရောက်လာသူများက အုပ်စု(၃)စုခွဲကာ အရည်အသွေးကောင်း မျိုးသန့် မျိုးစေ့များအား တောင်သူများ ရယူသုံးစွဲမှု မြင့်မားလာစေခြင်း၊ မျိုးစေ့ထုတ်လုပ်ခြင်း၊ သန့်စင်ခြင်းနှင့် သိုလှောင်ခြင်းလုပ်ငန်းများတွင် ပုဂ္ဂလိက ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု ရှိလာစေရန် အခြေအနေကောင်းများ ဖန်တီးပေးခြင်း၊ မျိုးစေ့ထုတ်လုပ် သူများအတွက် လုံလောက်သော ကွင်းဆင်းစစ်ဆေးခြင်းနှင့် မျိုးစေ့စစ်ဆေးခြင်းကို အလျင်မြန်ဆုံးဖြစ်အောင် ဆောင်ရွက်ခြင်း အစရှိသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေး ခဲ့ကြသည်။

အဖွဲ့လိုက် ဆွေးနွေးချက်များကို တက်ရောက်လာသူများက ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ ချမှတ်ကာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကိုပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြင့်ဟန်(ပြန်​/ဆက်​)

No comments:

Post a Comment