Latest News

Friday, June 15, 2018

စက်လှေတိမ်းမှောက်မှုဖြစ်စဉ်မှ ရှစ်ဦး ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသော လေးဦးကို ဆက်လက်ရှာဖွေနေ

စက်လှေတိမ်းမှောက်မှုဖြစ်စဉ်မှ ရှစ်ဦး ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသော လေးဦးကို ဆက်လက်ရှာဖွေနေ

ရန်ကုန် ဇွန် ၁၄

စဥ့်အိုးတန်းဆိပ်မှ ဒလဘက်ကမ်းရှိ ကမာကသွယ်ဆိပ်သို့ ဦးကျော်မင်း မောင်းနှင်လာသော စက်လှေတစ်စင်း ဇွန် ၁၃ ရက် ည ၇နာရီခွဲကျော်က ဆူးလေဆိပ်ကမ်း ဗောတံတားတွင် ဆိုက်ကပ်ထားသော M.V.STOVE TIDE သင်္ဘောဘေး တွင် ဆိုက်ကပ်ထားသည့် တွဲသင်္ဘောနှင့်တိုက်မိပြီး နစ်မြုပ်ခဲ့ရာ စက်လှေမောင်း အပါအဝင် ၁၂ ဦးတွင် စက်မောင်းပါ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ကျန်လေးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်၍ ဒလမြို့နယ် အုပ်ချုပ် ရေး၊ ကြက်ခြေနီ အဖွဲ့နှင့် ရေကြောင်းရဲတပ်ဖွဲ့တို့က ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် ဆက်လက် ရှာဖွေနေကြောင်း သိရသည်။

ပျောက်ဆုံးနေသော လေးဦးတွင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့အနက် ဇနှီးမောင်နှံ နှစ်ဦးလည်းပါဝင်ရာ ပျောက်ဆုံးနေသော ဦးရာဂျား၏ ညီဖြစ်သူ ဦးမောင်မောင်က ''သူတို့အိမ်ထောင်ကျတာ မကြာသေးဘူး၊ မင်္ဂလာဈေးမှာ အအေးရောင်းတယ်၊ ဒီနေ့မနက်က စက်လှေ သုံးစင်းနဲ့ မွန်းတည့် ၁၂ နာရီထိ ရှာတယ်၊ ရေတက်လာပြီဆိုတော့ အဆင်မပြေ တော့ဘူး၊ မနက်ဖြန်မှ ဆက်ရှာမယ်၊ မိုးထဲလေထဲမှာ မြစ်ကူးပြီး သွားလာရတဲ့သူတွေ အခုလို ရုတ်တရက်ဖြစ်လာရင် ချက်ချင်း သင်္ဘောတွေနဲ့ ဆလိုက်မီးထိုးပြီး ကယ်ဆယ်ရေးလုပ်ငန်း လုပ်သင့်တယ်လို့ မြင်တယ်၊ ဒါက မိုးရာသီအစပဲရှိသေးတယ်'' ဟု ပြောသည်။

စက်သမ္ဗန်တစ်စီးလျှင် ခရီးသည် ၁၂ ဦး တင်ခွင့်ပြုထားပြီး အသက်ကယ်အင်္ကျီ  ၁၃ ခု ထားရှိထားကြောင်း၊ ရာသီဥတု ဖောက်ပြန်သောအချိန်တွင် စက်လှေများကို ထွက်ခွာခွင့်မပြုဘဲ အန္တရာယ်ကင်းရှင်းမှသာ ထွက်ခွာခွင့်ပြုကြောင်းနှင့် အဆိုပါ ညက ဖြစ်စဉ်တွင် ဆယ်ယူရရှိသူ ရှစ်ဦးတွင် နှစ်ဦးမှာ ရေမကူး တတ်သော်လည်း အသက်ကယ်အင်္ကျီ ဝတ်ဆင်ထားသည့် အတွက် အသက်ဘေးမှ လွတ်ကင်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

''အစ်မက ဦးခေါင်းထိထားတယ်၊ အခုလို အသက်ရှင်ပြီး ပြန်ရောက်လာတာကိုပဲ မိသားစုက ဝမ်းသာနေကြတာ၊ ကုမ္ပဏီမှာ အလုပ်လုပ်တယ်၊ အစ်မက ရေမကူးတတ်ဘူး၊ အသက်ကယ် အင်္ကျီဝတ်ထားလို့ အသက်ဘေးက လွတ်ခဲ့တာ၊ ရေမွန်းတဲ့ဒဏ်နဲ့ ခေါင်းကို တိုက်မိတဲ့ဒဏ်ကြောင့် မထနိုင် သေးဘူး'' ဟု ဒလမြို့နယ် အံ့ကြီး အနောက်ရပ်ကွက်တွင် နေထိုင်သော အသက်ရှင် လွတ်မြောက်လာသည့် ဒေါ်မေဝင်းအောင်က ပြောသည်။

ယနေ့ နေ့လယ်ပိုင်းတွင်လည်း ပျောက်ဆုံးနေသူ လေးဦးကို ကမာကသွယ် စက်လှေဂိတ်မှ စက်လှေများဖြင့် ဆက်လက်ရှာဖွေ လျက်ရှိပြီး ရန်ကုန်မိုးမှာ ဆက်လက်ရွာသွန်းလျက်ရှိကာ ဝါဆို လဆန်း ၂ ရက်နေ့ဖြစ်သောကြောင့် ရေတက်ချိန်တွင် စဥ့်အိုး တန်းဆိပ်ကမ်း ကမ်းနားပေါ်ထိ မြစ်ရေတက်လျက် ရှိကြောင်း သိရသည်။

သတင်း- သန်းထိုက်၊ ဓာတ်ပုံ- သန်းစိုး

No comments:

Post a Comment