Latest News

Sunday, June 17, 2018

သောကကင်းချင် တရားဝင်

သောကကင်းချင်  တရားဝင်

စိတ်ထဲမှာ ပူလောင်နေတာက သောက၊ မျက်ရည်တွေ စီးကျပြီးတော့ ငိုကြွေးရတာက ပရိဒေဝပါ။

 သောကက ရင်ပူနေတာ၊ စိတ်ပူနေတာပါ။ စိတ်ထဲမှာ ပူလောင်မှုတွေ သိပ်ကိုပြင်းထန်လာတဲ့ အချိန်အခါမှာ ဘုန်းကြီးတို့ ဘာဖြစ်လာတတ်ပါသလဲလို့ ကြည့်ရင် မျက်ရည်ကျလာတတ်ပါတယ်။ သောကထက် အဆင့်မြင့်သွားတာပါ။ သောကကနေပရိဒေဝဖြစ်လာတာပါ။ သောကကလည်းပူလောင်ပါတယ်။ ပရိဒေဝကလည်း
ပူလောင်ပါတယ်။

စိုးရိမ်ပူဆွေး ငိုကြွေးခြင်းတို့ကို ကျော်လွန်နိုင်ဖို့ရာ ဘာလုပ်ရမလဲဆိုရင် တရားကျင့်ရပါမယ်။ ဘာ့ကြောင့်တရားကျင့်လဲဆိုရင် သောကကင်းချင်လို့ ကျင့်တယ်လို့ ပြောနိုင်ပါတယ်။

For the overcoming of the sorrow and lamentation လို့ဖြေလိုက်ပါတယ်။

သောကဖြစ်နေရတယ်၊ ပူနေရတယ်၊ သားသမီးအတွက်ပူနေရတယ်၊ စီးပွားအတွက်လည်းပူနေရတယ်။ အလုပ်ကိစ္စအတွက်လည်းပူနေရတယ်။ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဆိုတဲ့နေ့စဉ်ရင်ဆိုင်နေရတဲ့ အရေးတွေကြောင့် ဘုန်းကြီးတို့ပရိသတ် ပူလောင်နေတဲ့ သောကဆိုတာ လူတိုင်းမှာ ရှိကြပါတယ်။ လူတိုင်းလူတိုင်း သောကကင်းတဲ့လူ ဘယ်သူမှမရှိပါဘူး။

သောကကင်းပြီးတော့၊ စိတ်အေးလက်အေး နေနိုင်တဲ့သူ ပြပါဆို့ရှိရင် အတော်နည်းပါးလိမ့်မယ်။ သူ့ ကြည့်လည်း သူအပူနဲ့သူ၊ ကိုယ့်ကြည့်လည်း ကိုယ့်အပူနဲ့ကိုယ်ပါ။

ကိုယ့်အမြင်ကတော့ဖြင့် ဟာ  သူတို့အေးချမ်းမှာပဲ၊ သူတို့ကြည့်ရတာ အေးချမ်းလိုက်တာ  လို့မြင်တာက ကိုယ့်အမြင်ပါ။ ဒါပေမဲ့ ကာယကံရှင် ကိုယ်တိုင်ကတော့ အပူရုပ်ကို ဟန်လုပ်နေရတာပါ။ လူသိမှာစိုးလို့၊ ကိုယ်ပူနေတာများ သူများသိသွားမှာဆိုးလို့ ဟန်လုပ်နေရတာပါ။ ရင်ထဲမှာတော့ လူတိုင်းပူနေကြတာပါပဲ။

ပူနေတဲ့ သောကပူပနါရတဲ့ သောကတွေ ကင်းဝေးစေဖို့၊ ငိုကြွေးရတဲ့ ပရိဒေဝတရားတွေ  ကင်းဝေးစေဖို့
မြင့်မြတ်သောတရားကို ကျင့်ရပါမယ်။

ဒကာ ဒကာမ သူတော်ကောင်းအပေါင်းတို့ သောကကင်းဝေးစေရန် တရားဝင် ကျင့်ကြံ၍ မြတ်သောတရားများ ဘာဝနာများကိုပွားများအားထုတ်နိုင်ကြပါစေ။

ဓမ္မဒူတ ဒေါက်တာပညိဿရ ဆရာတော်

Pannyissara Sayadaw

Dhammaduta Bago

No comments:

Post a Comment