Latest News

Friday, June 8, 2018

အညာဒေသ အိုအေစစ်ဟု တင်စားနိုင်သည့် ပိုင်ထန်းတဲ သို့မဟုတ် ခရီးသွားများအား ဝန်ဆောင်မှု ပေးနေသည့် ရိပ်မြုံလေးတစ်ခု

အညာဒေသ အိုအေစစ်ဟု တင်စားနိုင်သည့် ပိုင်ထန်းတဲ သို့မဟုတ် ခရီးသွားများအား ဝန်ဆောင်မှု ပေးနေသည့် ရိပ်မြုံလေးတစ်ခု

ပုဂံဒေသသို့ အလည်သွားရောက်မည် ဆိုပါက ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦး မြို့နယ်ကြား၌ အညာရိုးရာ ဓလေ့များကို လေ့လာနိုင်ပြီး လာရောက်သူများ၏ အဆင်ပြေမှုကို အလေးထားသည့် ခင်မင်နှစ်လိုဖွယ် ကောင်းသော အပြုံးပိုင်ရှင်များ၏ ပိုင်ထန်းတဲကို ဖြတ်ကျော်ရမည်ဖြစ်သည်။ ပိုင်ထန်းတဲ ခေါ် မြေစိုက်တဲအတွင်း ဝင်လိုက်သည်နှင့် အညာကျေးလက်၏ အငွေ့အသက်ဖြစ်သော ထန်းမှုတ်ခွက်ကို အရိုးတပ်ထားပြီး သဲအိုးပေါ်၌ တင်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ သဲအိုးများ၏ အောက်တွင် သဲခံထားသဖြင့် ပတ်ဝန်းကျင်မှ အပူဒဏ်ကို သဲအိုးထဲမှရေက အမောအပန်း ပြေစေသည်။ ထို့ပြင် ထန်းပင်၏ ပင်စည်များကိုဖြတ်၍ ထိုထန်းတုံးကိုပင် စားပွဲသဖွယ် ပြုလုပ်ထားပြီး အပေါ်မှ အုပ်ဆောင်းအဖြစ် ထန်းလက်၊ ထန်းရွက်တို့ဖြင့် ခမောက်ပုံသဏ္ဌာန် ပြုလုပ်ထားသည်။

ထိုင်ခုံအဖြစ် ထန်းလုံးများကိုပင် စိုက်ထူ၍ ခင်းကျင်းထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။  လာရောက် လည်ပတ်သူများ သက်သောင့်သက်သာ နားနေနိုင်ရန် ထန်းလက်ဖြင့်ပြုလုပ် ထားသည့် ပက်လက် ကုလားထိုင်များကို အစီအရီချထားပြီး တစ်ဖက်တွင်ထန်းဖြင့် ပြုလုပ်ထားသည့် ထန်းခေါက်ဖာ၊ ထန်းရွက်ပုတီး၊ ထန်းရွက်ဖြင့် ပြုလုပ်ထားသည့် ကလေး ကစားစရာ ငှက်ရုပ်များ အပါအဝင် မြန်မာ့ရိုးရာ ထန်းလက်မှု ပစ္စည်းများကို တွေ့မြင်ရမည် ဖြစ်သည်။ ထို့ပြင် လေဖိုတစ်ခု အပါအဝင် အိုးငါးအိုးဖြင့် ထန်းလျက်ချက်နေသည်ကို တွေ့မြင်နိုင်မည်ဖြစ်ကာ အညာဒေသ ဆီဆုံလုပ်ငန်းကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။ တစ်ဖက်ရှိ ဘူးစင်ကြီး၏အောက်တွင် ကွပ်ပျစ်များဖြင့် စားပွဲများ ပြင်ဆင်ထားကာ နောက်ဘက်၌ အဝတ်လဲရန် အိမ်ငယ် တစ်လုံးရှိ၍ အထဲတွင် သနပ်ခါးတုံးနှင့် ကျောက်ပျဉ်ကြီး တစ်ချပ် ချထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထို့ပြင် ဆိုင်ရှင်၏ ပုံတူရုပ်တုနှင့် နောက်ဘက်တွင် လာရောက်သည့် ဧည့်သည်များ အလှဓာတ်ပုံ ရိုက်နိုင်မည့် ပန်းဥယျာဉ်၊ ထိုင်ခုံများနှင့် လှည်းယဉ်ကျော့ပေါ်တွင် ပုသိမ်ထီးများ အလှဆင်ထားသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အညာဒေသ သဘာဝ ပန်းချီကား တစ်ချပ်အလား ခြယ်မှုန်းထားသည့် ပိုင်ထန်းတဲကို ညောင်ဦးမြို့နယ် ရွှေလှိုင်းကျေးရွာရှိ ဦးမောင်စန်းက ဖန်တီးခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် ၁၈ နှစ်ကျော်ကာလက အိမ်ထောင်ပြုခဲ့သော ဦးမောင်စန်းသည် စားဝတ်နေရေး အတွက် ရွာပြင်ထွက်ကာ ထန်းတက်ရင်း အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

 ဇနီးဖြစ်သူက ထန်းလျက်ချက်ကာ ဈေး၌ ရောင်းချရပြီး ထန်းတက်ရင်း တောင်ယာ လုပ်ကိုင်ခဲ့ကာ ရွာမပြန်နိုင်ဘဲ ယင်းနေရာတွင်ပင် စိုက်ပျိုးရရှိလာသည့် မြေပဲများအား နွားဖြင့်လှည့်၍ ဆီကြိတ်ရသည့် ဆီဆုံလုပ်ငန်းကို တွဲဖက် လုပ်ကိုင်ခဲ့သည်။ နေ့စဉ် ပုံမှန်အတိုင်း ဆောင်ရွက်နေသည်ကို ဖြတ်သန်းသွားလာသည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များက အညာတောရွာ ဓလေ့အား ဝင်ရောက် လေ့လာခဲ့ရာမှ ယခုကဲ့သို့ ခရီးသွားများ အပန်းဖြေ အနားယူနိုင်သည့် နေရာတစ်ခု ဖြစ်လာခြင်းဖြစ်သည်။ ''ကားလမ်းဘေးဆိုတော့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေက မကြာခဏ ဝင်ကြည့်တော့ နွားတွေက လန့်တယ်။ နွားတွေကို ငြိမ်အောင်ထိန်းနေရတာနဲ့ ထန်းတက်ဖို့ မိုးချုပ်သွားတော့ သူတို့လာမှာကို ကြောက်တယ်'' ဟု ဦးမောင်စန်းက ပြောသည်။

တဖြည်းဖြည်း နိုင်ငံခြား ခရီးသွား ဧည့်သည်များ၏ စိတ်ဝင်စားမှု များပြားလာသည်နှင့် အမျှ ကားသမားများနှင့် ဧည့်လမ်းညွှန်များ၏ အကြံဥာဏ်ပေးချက်နှင့် မိမိ၏ စိတ်ကူးဥာဏ်ကို ပေါင်းစပ်ကာ ခရီးသွားများ စိတ်အေးချမ်းသာစွာ အနားယူနိုင်မည့် ထန်းတဲတစ်ခု ဖန်တီးရင်း လက်ရှိတွင် သာယာလှပသည့် ပန်းခင်းများ ပါဝင်သော ဥယျာဉ်လေး အပါအဝင် လူအများ အပန်းဖြေနိုင်မည့် နေရာတစ်ခု ဖြစ်တည်လာသည်။ နိုင်ငံခြား ခရီးသွား ဧည့်သည်များ စတင် ဝင်ရောက်စဉ်က စာအုပ်၊ ဘောပင် စသည့် လက်ဆောင်များ ပေးအပ်မှုများပြားကာ တချို့နိုင်ငံခြား ခရီးသွား ဧည့်သည်များမှာ ပုဂံဒေသသို့ လာရောက်ချိန်တိုင်း ဝင်ရောက် လည်ပတ်လေ့ရှိရာ တချို့မှာ ခင်မင်နေပြီဖြစ်သည်။ တချို့ ခရီးသွားများက တစ်ဆင့်ညွှန်ပြ၍ လာရောက် ကြသူများလည်း ရှိကြောင်း ဦးမောင်စန်းက ပြောသည်။ အဆိုပါဆိုင်တွင် မြန်မာမုန့်များ၊ အသုပ်များနှင့် အကြော်များ၊ စဥ့်အိုးရှည်ဖြင့် ထည့်ထားကာ အုန်းမှုတ်ခွက် အသေးဖြင့် ခပ်သောက်နိုင်မည့် ထန်းရည်ချို၊ ထန်းရည်ခါးတို့ အပြင် အုန်းထန်းလျက်၊ ဆီးထန်းလျက်၊ မန်ကျည်းထန်းလျက် စသည့် မြန်မာ့ရိုးရာ စားစရာများကို ရရှိနိုင်မည် ဖြစ်သည်။ ဆိုင်စတင် ဖွင့်လှစ်ချိန် ကတည်းက လာရောက် လည်ပတ်သူများ၏ အဆင်ပြေ ချောမွေ့မှုကို ဦးစားပေးလျက် ရှိပြီး ရှမ်းပြည်နယ်ဘက်သို့ ဘုရားဖူးထွက်ရာတွင် မိမိကိုယ်တိုင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများအပေါ် အခြေခံကာ ပုဂံသို့ ဘုရားဖူးလာသူများ အစစအရာရာ အဆင်ပြေစေရန် ကြိုးစားဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 ''ရည်ရွယ်ချက်က ဒီဆိုင်ကိုလာတဲ့ ဧည့်သည်တိုင်း အဆင်ပြေဖို့ပဲလိုတယ်။ ဝယ်ဝယ်၊ မဝယ်ဝယ် ခေါင်းထဲမထားဘူး။ တချို့တွေဆို အေးတော့ အိပ်ပြီး နိုးမှထသွားတယ်။ လာတဲ့ဧည့်သည်တွေ အဆင်ပြေတယ်ဆိုရင် ဝမ်းသာပါတယ်'' ဟု ဦးမောင်စန်းကပြောသည်။ ထို့ပြင် ဘူးစင်ကို တစ်နှစ်ပတ်လုံး ထားရှိထားကာ လတ်ဆတ်သည့် ဘူးသီးများကို ခူးယူ၍ ဘူးသီးကြော်ရောင်းချ နေသကဲ့သို့ ဘူးစင်၌ ဘူးသီးများကို မျိုးအဖြစ်ထားရှိ၍ ဘူးသီးမျိုးစေ့ များကိုလည်း တောင်းယူနိုင်မည် ဖြစ်သည်။ ဇနီးမောင်နှံ နှစ်ဦးဖြင့် စတင်ခဲ့သည့် ပိုင်ထန်းတဲသည် သားသမီးငါးဦးအား ဘွဲ့ရရှိသည် အထိ ပျိုးထောင်ပေးနိုင်ခဲ့သည့် အပြင် လက်ရှိတွင် တူ၊ တူမ မိသားစုဝင် စုစုပေါင်း လူဦးရေ ၄ဝ ကျော်၏ စားဝတ်နေရေးအတွက် အားထားရာ နေရာတစ်ခု ဖြစ်လာသည်။ ထို့ပြင် ခရီးသွားများ အနေဖြင့် အကြံပြုလိုသည် များကို အကြံပြုနိုင်ရန် စားပွဲတိုင်း၌ ကျောက်သင်ပုန်းနှင့် ကျောက်တံများ ချိတ်ထားပြီး လူတစ်ဦးချင်းစီ၏ အကြံပြုချက် တစ်ခုတိုင်းသည် ဆိုင်အတွက် အလွန်ပင် အဖိုးတန်လှကြောင်း ဦးမောင်စန်းက ပြောသည်။ လတ်တလောတွင် အနီးအနား၌ ၎င်းကဲ့သို့သော ထန်းတဲများ ပေါ်ပေါက်နေပြီ ဖြစ်သော်လည်း ဖြူစင်သည့်စိတ်ထားဖြင့် ခင်မင်ဖော်ရွေသည့် ပိုင်ထန်းတဲသို့သာ ဝင်ရောက် လည်ပတ်လေ့ ရှိသူများဖြင့် ဖောက်သည်မပျက် စည်ကားများပြား နေဆဲဖြစ်သည်။

ထို့ကြောင့် ပုဂံဒေသသို့ ခရီးထွက်မည် ဆိုပါက ကျောက်ပန်းတောင်း မြို့နယ်နှင့် ၁၇ မိုင်အကွာ ကျောက်ပန်းတောင်း မြို့နယ်နှင့် ညောင်ဦးမြို့နယ် ကြားမှ အညာဒေသ ဓလေ့များနှင့် လွှမ်းခြုံနေပြီး ဖော်ရွေသည့် ဝန်ဆောင်မှု များဖြင့် ခြယ်မှုန်းထားသော လှပသည့် ပန်းချီကား တစ်ချပ်ဖြစ်သော ပိုင်ထန်းတဲသို့ ဝင်ရောက်လေ့လာ ကြည့်ရှုရင်း အညာဒေသ၏ ရိုးရာဓလေ့များကို လေ့လာနိုင်ပါကြောင်း ဖိတ်ခေါ်လိုက်ရပါသည်။

MWD

No comments:

Post a Comment