Latest News

Saturday, June 16, 2018

သားအမိ(၂)ဦးအား ဓာတ်ဆီလောင်း မီးရှို့ပြီး ထွက်ပြေး တိမ်းရှောင် သွားသူအား ဖမ်းဆီးရမိ

ဓါတ်ပုံ - Myat Htut - Myeik
မြိတ် ဇွန် ၁၆

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ရေပုန်း နယ်မြေ အောင်ချမ်းသာရပ်ကွက် ငုဝါ(၁)လမ်းတွင် နေထိုင် သော သားအမိ(၂)ဦးအား ဓာတ်ဆီလောင်း မီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ သားကြီး(ခ)ဖြိုးနိုင်ဝင်းအား မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားခံ ဖမ်းဆီးရမိရေးကြိုးပမ်းဆောင် ရွက်ခဲ့ရာ ဇွန်လ(၁၅)ရက် ည(၇)နာရီကျော်တွင် တနင်္သာရီမြို့နယ် ဆင်ခြေဖုံးကျေးရွာအုပ်စု မရင်းကြီးကျေးရွာ မြောက်ဘက်(၅)မိုင်ခန့်ရှိ ဥယျာဉ်ခြံတွင် ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

သားအမိ(၂)ဦးအား ဓာတ်ဆီလောင်းမီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ သားကြီး(ခ)ဖြိုးနိုင်ဝင်း အား တနင်္သာရီမြို့မရဲတပ်ဖွဲ့စခန်းမှ နယ်ထိန်း အဖွဲ့ခေါင်းဆောင် ဒုရဲအုပ်စိုင်းညီညီဇော်နှင့်တပ်ဖွဲ့ဝင်များသည် သတင်းအရ မရင်းကြီးကျေးရွာ မြောက်ဘက်(၅)မိုင်ခန့်ရှိ ဥယျာဉ်ခြံတွင် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များနှင့်အတူ သွားရောက် ဖမ်းဆီးခဲ့ရာ ဥယျာဉ်ခြံအတွင်း လူမနေသည့်တဲတွင် ဖမ်းဆီးရမိခဲ့ပြီး သားကြီး(ခ)ဖြိုးနိုင်ဝင်းအား ဖမ်းဆီး ရမိစဉ် ၄င်းမှာ ၀ဲဘက်ရင်ဘတ်၊ ကျောကုန်း၊ ၀ဲယာတင်ပါးနှစ်ဖက်၊ ပေါင်နှင့်ခြေ သလုံးတို့တွင် မီးလောင် ဒဏ်ရာများဖြင့် တွေ့ရှိရ၍ ၄င်းအား ရဲတပ်ဖွဲ့ဝင်များက ပခက်ထမ်းစင်ဖြင့် မရင်းကြီးကျေးရွာသို့ သယ်ဆောင် လာခဲ့ကာ မရင်းကြီးကျေးရွာမှ မြိတ်ပြည်သူ့ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့် တင်ဆောင်လာပြီး မြိတ်ပြည်သူ့ ဆေးရုံ အချုပ်ဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

သားကြီး(ခ)ဖြိုးနိုင်ဝင်းမှ ဓာတ်ဆီလောင်း မီးရှို့ခဲ့သည့် သားအမိနှစ်ဦးမှာ အောင်ချမ်းသာ ရပ်ကွက် ငုဝါ (၁)လမ်းနေ ဒေါ်အေးသိန်း(၅၁)နှစ်နှင့် မောင်စိုးနိုင် (၁၃)နှစ်တို့ဖြစ်ကြပြီး ၄င်းတို့(၂)ဦးမှာ မြိတ်ပြည်သူ့ဆေးရုံ တွင် အတွင်း နာအဖြစ် ဆေးကုသမှုခံယူနေစဉ် ဒေါ်အေးသိန်းသည် ၄င်းရရှိ ထားသော မီးလောင်ဒဏ်ရာများဖြင့် ဇွန်လ(၁၁)ရက်နေ့တွင် သေဆုံး သွားခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

သားကြီး(ခ)ဖြိုးနိုင်ဝင်းမှ ဓာတ်ဆီလောင်းမီးရှို့ခဲ့သည့် ဖြစ်စဉ်မှာ ဇွန်လ (၁၁)ရက် ည(၇)နာရီကျော် တွင် သားကြီး(ခ)ဖြိုးနိုင်ဝင်းသည် ဒေါ်အေးသိန်း ၏နေအိမ် တံခါးအား တွန်းဖွင့်ပြီး နေအိမ်အတွင်းသို့ ကျူး ကျော်ဝင်ရောက်ကာ ၄င်းလက်ထဲတွင် အသင့်ပါလာသော ဓာတ်ဆီ ပုလင်း ထဲမှ ဓာတ်ဆီဖြင့် ဒေါ်အေးသိန်း နှင့် မောင်စိုးနိုင် တို့အား ပက်၍ မီးရှို့ ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။ ဖမ်းဆီးရမိခဲ့သည့် သားကြီး (ခ)ဖြိုးနိုင်ဝင်းအား မြို့မရဲတပ်ဖွဲ့စခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက် လျက်ရှိကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )
MOI Webportal Myanmar
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment