Latest News

Friday, June 8, 2018

မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ် ပစ်လွှတ်စင်ကို ဖြိုချ

မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ် ပစ်လွှတ်စင်ကို ဖြိုချ

ဝါရှင်တန်   ဇွန်   ၇

မြောက်ကိုရီးယားအစိုးရသည်  ၎င်းတို့၏ ဒုံးကျည်စမ်းသပ် ပစ်လွှတ်စင်ကို ဖြိုချလိုက်ပြီ ဖြစ်ကြောင်း အမေရိကန် အခြေစိုက်လေ့လာ စောင့်ကြည့်ရေးအဖွဲ့ ဖြစ်သည့် 38 North အဖွဲ့က  ဂြိုဟ်တုဓာတ်ပုံများကို ကိုးကား၍ ဇွန် ၆ ရက်တွင်ထုတ်ပြန်သည်။ နျူကလီးယား လက်နက်များနှင့်  ပဲ့ထိန်း ဒုံးကျည်များ စမ်းသပ်မှုကို ရပ်ဆိုင်းသွားမည်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ကတိပြုပြီးနောက် ယခုကဲ့သို့  ဒုံးကျည်စမ်းသပ် ပစ်လွှတ်စင်ကို ဖြိုချခြင်းဖြစ်သည်။

ယင်းဒုံးကျည်စမ်းသပ် ပစ်လွှတ်စင်သည် မြောက်ကိုရီးယားနိုင်ငံ၏ တစ်ခုတည်းသော မြေပြင်အခြေစိုက် ဒုံးကျည်စမ်းသပ် ပစ်လွှတ်စင်ဖြစ်ကြောင်းနှင့် လောင်စာခဲသုံး တာလတ် ပဲ့ထိန်းဒုံးကျည်များ ထုတ်လုပ်မှုအတွက် မရှိမဖြစ် အရေးပါကြောင်း 38 North အဖွဲ့က ၎င်းတို့၏ ဝက်ဆိုက်တွင်  ရေးသားထားသည်။

ထို့ပြင် မြောက်ကိုရီးယား အစိုးရက ၂ဝ၁၇ ခုနှစ် ဧပြီလတွင် ထုတ်ဖော်ပြသခဲ့သည့် တိုက်ချင်းပစ်ပဲ့ထိန်း ဒုံးကျည်များကဲ့သို့ ကြီးမားသော ပဲ့ထိန်းဒုံးကျည်များ  စမ်းသပ် ပစ်လွှတ်ရာတွင်လည်း ယင်းဒုံးကျည် စမ်းသပ်ပစ်လွှတ်စင်ကို အသုံးပြုခဲ့ဖွယ် ရှိကြောင်း ၎င်းအဖွဲ့ကပြောသည်။ ယင်းဒုံးကျည်စမ်းသပ်ပစ်လွှတ်စင်သည် နိုင်ငံအနောက်မြောက်ပိုင်း ကူဆောင်မြို့အနီး ၌တည်ရှိကြောင်း   မြောက်ကိုရီးယားနိုင်ငံ အတွင်း လုပ်ဆောင်မှုများကို အနီးကပ်စောင့် ကြည့်လေ့လာနေသည့် အဆိုပါ  38  North အဖွဲ့ကပြောသည်။

အဆိုပါပစ်လွှတ်စင်ဖြိုချမှုကို    မေလဒုတိယအပတ်တွင် စတင်လုပ်ဆောင်ခဲ့ပြီး မေ ၁၉ ရက်တွင် ပြီးစီးလုနီးပါးဖြစ်နေကြောင်း ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရသည်ဟု ယင်းအဖွဲ့၏ ထုတ်ပြန်ချက်ကို Yonhap သတင်းဌာနက ဖော်ပြထားသည်။

မြောက်ကိုရီးယား အစိုးရသည် ၎င်းတို့၏ တစ်ခုတည်းသော နျူကလီးယား စမ်းသပ်စခန်း ဖြစ်သည့် ဖုန်ဂီရီရှိ အဆောက်အအုံများနှင့် လိုဏ်ခေါင်းများကို မေလအတွင်း လူသိရှင် ကြားဖြိုချခဲ့ပြီးဖြစ် သည်။ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံ အွန်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့သည် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်များ ဖျက်သိမ်းရေးနှင့် ပတ်သက်၍ ဇွန် ၁၂  ရက်တွင်  စင်ကာပူနိုင်ငံ၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။

 ထိုတွေ့ဆုံပွဲမတိုင်မီ မြောက်ကိုရီးယားက ၎င်းတို့ပေးထားသည့် ကတိကို   ဖော်ဆောင် သည်ဟုယူဆရသည့် နျူကလီးယား စမ်းသပ်စခန်းနှင့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်စင် တို့ဖြိုချမှုကို    လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment