Latest News

Friday, June 8, 2018

အရွယ်သုံးပါး ကန်စွန်းဥစား

အရွယ်သုံးပါး ကန်စွန်းဥစား

မြန်မာတိုင်းရင်းသားများ  စားသုံးသော သစ်ဥသစ်ဖုသစ်မြစ် များထဲတွင် ကန်စွန်းဥ (ခေါ်) Sweet Potato လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကန်စွန်းဥသည် မြေကြီးထဲတွင် အမြစ်တွယ်ကာ ပေါက်ရောက်တတ်သည့်  ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။  လိမ္မော်ရောင်အနှစ်ပါရှိသော ကန်စွန်းဥအပြင် ခရမ်းရောင်အနှစ်ပါရှိသော ကန်စွန်းဥမျိုးလည်း ရှိသည်။ ခရမ်းရောင်အနှစ် ကန်စွန်းဥထဲတွင် antioxidant  နှင့် anti-inflammAtory ဓာတ်များ ကြွယ်ဝစွာ ပါရှိသဖြင့် လူသားတို့ ကျန်းမာရေးအတွက်   ပိုမိုအစွမ်းထက်သည်။ ကန်စွန်းဥစားနည်းမျိုးစုံ  ကန်စွန်းဥကို အောက်ပါအတိုင်း သရေစာအဖြစ် အမျိုးမျိုး အဖုံဖုံလုပ်၍ စားနိုင်သည်။ ကန်စွန်းဥကို များသောအားဖြင့် ပြုတ်၍ ဆီ၊ ဆားတို့နှင့်တို့ကာ အရသာရှိရှိ စားလေ့ရှိသည်။ ကန်စွန်းဥကို မီးဖုတ်စားကြသည်။

မီးဖုတ်စားပါက ကန်စွန်းဥထဲရှိ glycemic  ဓာတ်ပျက်ပြယ်သွားပါသည်။  ကန်စွန်းဥပြုတ်ကို အပိုင်းပိုင်း လှီးဖြတ်၍ သာဂူကျိုထဲတွင် ထည့်စားနိုင်သည်။ ကန်စွန်းဥကိုချင်း(ဂျင်း) လှီးသကဲ့သို့ သေးသေးမျှင်မျှင်လှီး၍ အခြောက်လှန်း အကြွပ်ကြော်ထားပါက ချင်း(ဂျင်း)သုပ်၊ လက်ဖက်သုပ်များနှင့်လည်း ပူးတွဲစားသုံးနိုင်သည်။  ကန်စွန်းဥကို ပါးပါးလှီး၊ ပဲမှုန့် (သို့)ဂျုံမှုန့်ကို ရေနှင့်ခပ်ပျစ်ပျစ် ဖျော်၍ လှီးပြီးသား ကန်စွန်းဥကိုနှစ်ပြီး ဆီနှင့်ကြော်စားနိုင်သည်။

၎င်းသရေစာသည် ကော်ဖီ၊ လက်ဖက်ရည် တို့နှင့် လွန်စွာလိုက်ဖက်သည်။  ကန်စွန်းဥကို အခွံနွှင် ရေဆေးပြီး ပေါင်းပါ။ နူးအိလာပါက အုန်းနို့နှင့်ရောမွှေ၊ သကြားနှင့်ကြိုပြီးနောက် ရနံ့ သင်းလာပါက ဗာဒံစေ့၊ သစ်ကြားစေ့တို့ကို ပါးပါးလှီးထည့်ကာ   ကန်စွန်းဥဟာလဝါ အဖြစ် လုပ်၍စားနိုင်သည်။  ကန်စွန်းဥကို မီးဖုတ်  ထက်ခြမ်းခွဲ၍   အသားကိုဇွန်းဖြင့် ခြစ်ယူ။ ရွှေကြည်၊ သကြား၊ အုန်းနို့၊ သစ်ကြံပိုးခေါက်တို့နှင့်ကျို၊ ဆားအနည်းငယ်ခတ်၊ ပျစ်လာလျှင် စပျစ်သီးခြောက်ထည့်၍ ကန်စွန်းဥရွှေကြည်အဖြစ် လုပ်စားနိုင်သည်။ ကန်စွန်းဥကို ချင်း(ဂျင်း)လှီးသကဲ့သို့ သေးသေးရှည်ရှည် လှီးပြီးနောက် ထုံးရေကြည်နှင့်စိမ်။ အတန်ငယ်မာလာပါက ထုံးရေကြည်ကို စင်အောင်ညှစ်ပြီး ကြက်သွန်ကြော်၊ ပဲခြမ်းကြော်၊ ပဲကြီးကြော်၊ နှမ်းလှော်၊ မြေပဲ၊ ပဲမှုန့်အကျက်၊ ဆီ၊ သံပရာသီး၊ ငရုတ်သီးစိမ်းစသည်တို့နှင့် သုပ်ကာ ကန်စွန်းဥသုပ်အဖြစ် စားနိုင်သည်။ ကန်စွန်းဥရှားပါးသော ဒေသများတွင် ကန်စွန်းဥအမှုန့်ကို အသုံးပြုလေ့ရှိကြသည်။ ၎င်းကန်စွန်းဥအမှုန့်ကို   နွားနို့ပူပူတွင်ခတ်၍ အာဟာရအဖြစ် သောက်သုံးကြသလို ကန်စွန်းဥမှုန့် ဟာလဝါအဖြစ်လည်း လုပ်၍စားနိုင်သည်။

ကျန်းမာရေးအတွက် အရေးပါပုံ ဇီဝိတဆေးကျမ်းတွင်  ကန်စွန်းဥသည် အေး၏။ မွတ်၏။ ရင်ပြည့်တတ်သော သဘောရှိ၏။ ရေငတ်ပျောက်စေ၍ ဝမ်းမီးကို နုံ့စေတတ်၏ဟုဆိုထားပြီး ရှုတော်မူဆေးကျမ်းတွင် ကန်စွန်းဥသည်ချို၏။ ဆိမ့်၏။ အားကိုရှိစေတတ်၏။   ရင်ကိုပြည့်စေတတ်၏ဟု ဆိုထားသည်။ ကန်စွန်းဥကို ဆေးသိပ္ပံနည်းအရဓာတ်ခွဲ စမ်းသပ်ကြည့်ရာ ကျန်းမာရေးအတွက် အရေးပါပုံများကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရသည်။

(၁) လိမ္မော်ရောင်အနှစ်များဖြင့် ပြည့်ဝနေသော ကန်စွန်းဥထဲတွင် beta-carotene ဓာတ်တို့ပေါကြွယ်ဝစွာ ပါရှိသည်။ ၎င်းဓာတ်က သွေးထဲတွင် ဗီတာမင်အေ ပမာဏကို တိုးမြှင့်ပေးသည့်အပြင် ဟင်းသီးဟင်းရွက်မှ ရရှိသော ရှားပါးအဆီဓာတ်ကို ထုတ်ပေးသဖြင့် ကလေးငယ်များအတွက် အထူးသင့်လျော်ပါသည်။

(၂) ကန်စွန်းဥထဲတွင် glycemic ဓာတ်ပါရှိသည်။ ၎င်းဓာတ်သည် လူ့ခန္ဓာကိုယ်ထဲရှိ သွေးများအတွက် လိုအပ်လျက်ရှိသော အချိုဓာတ်တစ်မျိုးကို အထောက်အပံ့ပေးပါသည်။

(၃) ဟင်းသီးဟင်းရွက်နွယ်ဝင် ပဲများနှင့် ဥများအားလုံးတွင် သူတို့ကိုယ်ပိုင် ပရိုတင်းဓာတ် အရည်အသွေး ကိုယ်စီပါရှိကြပါသည်။ပဲပုပ်(ခေါ်)  ပဲပိစပ်တွင် glycinins ဓာတ်၊ အာလူးတွင် patatins ဓာတ်၊ မျောက်ဥ၊ဝဥတွင် dioscorins  ဓာတ်၊ ပြောင်းဖူးတွင် zeins ဓာတ်တို့ကြွယ်ဝပါသည်။ ကန်စွန်းဥတွင် sporamins ဓာတ်ပေါကြွယ်ဝသည်။ ၎င်းဓာတ်က လူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်များထဲတွင် antioxidant ပျက်စီးယိုယွင်းမှုကို ကြိုတင် ကာကွယ်ပေးသဖြင့်  အနာရောဂါများကို အလျင်အမြန် ပျောက်စေသော အထောက်အပံ့ကို ပေးပါသည်။

(၄) ကန်စွန်းဥထဲတွင်  ဗီတာမင်အေနှင့် ဗီတာမင်စီဓာတ်တို့  ပေါကြွယ်ဝပါသည်။  ၎င်းဓာတ်နှစ်မျိုးက antioxidant ဓာတ်ပေါင်းအဖြစ် အစွမ်းထက်စေကာ လူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်အသေများကို ရှင်းထုတ်ပေးပြီး ပန်းနာရင်ကျပ်ရောဂါ၊   အဆစ်ရောင်ရောဂါနှင့် ဂေါက်ရောဂါကဲ့သို့သော ရောင်ရမ်းနာများကို တိုက်ဖျက်ချေမှုန်းပေးပါသည်။

(၅) ကန်စွန်းဥသည် အစာအိမ်နာ၊ ဖက်ခွက်နာ၊ ပြည်တည်နာ   စသည့် ကိုယ်တွင်းကိုယ်ပ အနာများအပြင်  မီးလောင်ဒဏ်ရာ (အမာရွတ်)များ အတွက်လည်း  သင့်လျော် ကောင်းမွန်ပါသည်။

(၆) သွေးခုန်နှုန်းကို ကျစေသဖြင့် သွေးတိုးရောဂါ သမားများအတွက် အကျိုးရှိပါသည်။

(၇) အမျှင်ဓာတ်ကြွယ်ဝသောကြောင့် လိပ်ခေါင်းသွေးကျရောဂါကို  သက်သာစေပါသည်။

(၈) ကန်စွန်းဥထဲတွင် ဗီတာမင်နှင့်သတ္တုဓာတ်များ မြင့်မားသောကြောင့် ပင်ပင်ပန်းပန်း ကြွက်သားများကို  အားစိုက် အလုပ်လုပ်ရသော ကာယလုပ်သားများအတွက် ကောင်းမွန်သော အစားအစာဖြစ် ပါသည်။

(၉) ကန်စွန်းဥတွင်  ဗီတာမင်အေဓာတ် အမြောက်အမြား ပါဝင်ပါသည်။ ထိုဓာတ်သည် epithelia   တစ်ရှူးနှင့်  ဆက်နွှယ်သော အရေပြား ဂလင်း၊ အင်္ဂါ အဖွဲ့အစည်းများကို ကင်ဆာမဖြစ်စေရန် ကာကွယ်ပေးပါသည်။

(၁ဝ)ကန်စွန်းဥသည်  အခြားသော အမြစ်ပါ ဟင်းသီးဟင်းရွက်များနှင့် မတူဘဲ ကယ်လိုရီ နည်းသဖြင့် အပင်ပရိုတင်းဓာတ် ရရှိရာ အရင်းအမြစ်ဖြစ်ပါသည်။၎င်းတွင် သကြားပါဝင်မှု နည်းပါးပြီး သွေးထဲရှိ သကြားပမာဏကို တည်ငြိမ်အောင် ထိန်းညှိပေးကာ အင်ဆူလင် လျော့ကျစေသောကြောင့် ဆီးချိုရောဂါ ဝေဒနာရှင်များ စားသုံးသင့်သော အစားအစာ တစ်မျိုးဖြစ်ပါသည်။

(၁၁) အမျှင်ဓာတ်ကြွယ်ဝသည့် ကန်စွန်းဥကို အခွံပါဝါးစားပေးပါက အစာချေဖျက်မှုကို အားကောင်းစေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်သောကြောင့် အူမကင်ဆာကို ကာကွယ်ရာရောက်ပါသည်။

(၁၂) ဆေးလိပ်ကို အလွန်အကျွံသောက်သူများသည် ဗီတာမင်အေ ဓာတ်ချို့တဲ့ကာ အဆုတ်တွင် ပြဿနာဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ဆေးလိပ်အလွန်အကျွံ သောက်သူများနှင့် စီးကရက်မီးခိုးငွေ့ ရှူရှိုက်သူများသည် ဗီတာမင်အေဓာတ် ပေါကြွယ်ဝသည့် ကန်စွန်းဥ ကို မှန်မှန်စားသုံး ပေးသင့်ပါသည်။

(၁၃) ကျန်းမာသော  ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်နိုင်ရန်အတွက် ဆဲလ်များနှင့် တစ်ရှူးများဖွံ့ဖြိုးမှုက  မရှိမဖြစ် လိုအပ်ပါသည်။  ၎င်းတို့ဖွံ့ဖြိုးရန် အတွက် folate ပမာဏမြင့်မားခြင်းသည် အဓိက ကျပါသည်။ ကန်စွန်းဥထဲတွင် folate ဓာတ်ပေါကြွယ်ဝပါသည်။

(၁၄) ကန်စွန်းဥကို ပုံမှန်စားသုံးပေးခြင်းဖြင့် ကိုယ်ခံအားကောင်းမွန်ကာ ပြင်ပရောဂါများ အလွယ်တကူမကူးစက်ဘဲ ခံနိုင်ရည်ရှိပါသည်။

(၁၅)ကန်စွန်းဥထဲတွင် ပိုတက်စီယမ် ဒြပ်စင်ပေါကြွယ်ဝသည်။၎င်းဒြပ်စင်သည် နှလုံး၏ လုပ်ဆောင်ချက်များနှင့် သွေးဖိအားတို့ကို ဟန်ချက်ညီညီ ထိန်းချုပ်ပေးကာ နှလုံးခုန်နှုန်းကို ပုံမှန်ဖြစ်စေသောကြောင့်  နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးနိုင်စွမ်းရှိပါသည်။

မှတ်ချက်။ ကန်စွန်းဥကို မီးဖုတ်စားခြင်းထက် ပြုတ်စားခြင်း သို့မဟုတ် ချက်စားခြင်းတို့က အာဟာရဓာတ်ပိုရစေသည်။ အရောင်ရင့်သော ကန်စွန်းဥက ကျန်းမာရေးအတွက် ပိုအစွမ်းထက်မြက်ပါသည်။ လတ်ဆတ်သော ကန်စွန်းဥ၏ အပေါ်ယံအရေခွံသည် ပြောင်တင်းနေသည်။

ကန်စွန်းဥ၏ အပေါ်ယံအရေခွံတွင်   အစိမ်းရောင် သန်းနေပါက   အဆိပ်အတောက် ဖြစ်စေနိုင်သဖြင့် လုံးဝမစားသင့်ပါ။ ကန်စွန်းဥကို ရေခဲသေတ္တာထဲတွင် လုံးဝမထည့်ပါနှင့်။ ပလတ်စတစ်အိတ်နှင့်လည်း မထုပ်ထားသင့်ပါ။ အာနိသင်ပြယ်တတ်ပါသည်။ အေးပြီး ခြောက်သွေ့သော နေရာတွင် ၁ဝရက်ခန့်ကြာသည်အထိ ထားနိုင်ပါသည်။ သို့ ပါ၍ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံမှ အစွမ်းထက်မြက်လှသည့်  ကန်စွန်းဥကို မုန့်ပဲသရေစာအဖြစ်သာမက အလျဉ်းသင့်သလို   ချက်ပြုတ် စားသောက်ပေးကြပါရန် စေတနာဖြင့် တိုက်တွန်း လိုက်ရပါသည်။   ။

MWD

No comments:

Post a Comment