Latest News

Friday, June 8, 2018

ကုန်သေတ္တာတင်ယာဉ် ယာဉ်တိုက်မှု ဖြစ်ပွားကာ မီးလောင်ကျွမ်း

ကုန်သေတ္တာတင်ယာဉ် ယာဉ်တိုက်မှု ဖြစ်ပွားကာ မီးလောင်ကျွမ်း

ရန်ကုန်   ဇွန်   ၇

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် သီရိမင်္ဂလာဈေးဟောင်း အဆောက်အအုံအနီး ကွန်ကရစ်ကမ်းနား လမ်းမပေါ်၌ ယနေ့ည ၈ နာရီခွဲခန့်တွင် ကုန်သေတ္တာတင် ယာဉ်တစ်စီး  ယာဉ်တိုက်မှုဖြစ်ပွားကာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကုန်သေတ္တာတင် ယာဉ် 1B/--- သည် ထီးတန်းဆိပ်ကမ်းမှ ကုန်သေတ္တာပုံးကို တင်ဆောင်လာပြီး အဆိုပါနေရာ အရောက်၌ အရှေ့မှ ကုန်သေတ္တာတင် ယာဉ်တစ်စီးကို တိုက်မိကာ နောက်သို့ပြန်အဆုတ်  ဘေးမှ ကျော်တက်လာသော  ငါးများတင်ဆောင်လာသည့် ယာဉ်ကိုလည်း  တိုက်မိခဲ့ကာ  မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း  သိရသည်။

''ရှေ့ကားကဘရိတ်အုပ်လို့ နောက်ကနေ သူကဝင်ဆောင့်တယ်။ ပြန်ဆုတ်လာတဲ့အချိန်မှာ ငါးတွေတင်ဆောင်ထားတဲ့ ကားကို ထပ်တိုက်မိပြီး ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်တာ ဖြစ်ပါတယ်''  ဟု အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်အောင်မိုး ကပြောသည်။ ''မီးလောင်သွားတဲ့   ကုန်သေတ္တာတင် ယာဉ်ရဲ့ယာဉ်မောင်းကိုတော့ စုံစမ်းနေတုန်းပါပဲ''  ဟု   ယာဉ်ထိန်းရဲတပ်ဖွဲ့မှ  ရဲအုပ်အောင်နိုင်စိုး ကပြောသည်။

အဆိုပါတိုက်မိသွားသော  ငါးတင်သည့် မော်တော်ယာဉ် 8J/---မှာ မီးလောင်ကျွမ်းကာ  ယာဉ်မောင်းနှင့်  ယာဉ်အကူများပါ မီးလွတ်ရာသို့  ရှောင်ပြေးရကြောင်း  သိရသည်။ မီးလောင်ရာသို့  ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက Level-1 အဆင့်  မီးငြှိမ်းသတ်ယာဉ် အုပ်စုဖြင့် ငြှိမ်းသတ်ဆောင်ရွက် ခဲ့ရကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကို စစ်ဆေးပြီးပါက အလုံမြို့မရဲစခန်းက ပုဒ်မ ၂၇၉၊ ၂၈၅ တို့ဖြင့် အမှုဖွင့်သွားရန်  စီစဉ်ထားကြောင်း  သိရသည်။

MWD

No comments:

Post a Comment