နေပြည်တော် ဇွန် ၇
အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့ မှတ်တမ်းအမွေအနှစ် ကော်မတီ (MOWCAP)၏ အဋ္ဌမအကြိမ် မြောက် အထွေထွေအစည်းအဝေး ကို မေ ၂၉ ရက်မှ ဇွန် ၁ ရက် အထိ ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ တင်သွင်း သော အာနန္ဒစန္ဒြကျောက်စာနှင့် ၁၉၃၄ ခုနှစ်တွင် ရိုက်ကူးခဲ့သော မြဂနိုင်ရုပ်ရှင်တို့အား အာရှ-ပစိဖိတ် ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေ အနှစ် စာရင်းဝင်အဖြစ် အသိအမှတ် ပြုခံရကြောင်း သိရသည်။
ယခုနှစ်တွင် နိုင်ငံပေါင်း ၂၇ နိုင်ငံ မှ တင်သွင်းသော မှတ်တမ်းအမွေ အနှစ်များအနက်မှ နိုင်ငံပေါင်း ခုနစ် နိုင်ငံမှ မှတ်တမ်းအမွေအနှစ် ၁ဝ ခုကို အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံမှ နှစ်ခု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နှစ်ခု၊ ကိုရီးယားနိုင်ငံမှ နှစ်ခုနှင့် တူဗလူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဆော်လမွန်ကျွန်းတို့မှ တစ်ခုစီတို့ ရရှိခဲ့သည်။ ၂ဝ၁၈ ခုနှစ်အထိ အာရှ- ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်ကော်မတီမှ စာရင်းဝင် အဖြစ် သတ်မှတ်ခဲ့သော မှတ်တမ်း အမွေအနှစ်ပေါင်း ၅၇ ခု ရှိပြီဖြစ်သည်။
စာရင်းတင်သွင်းရာတွင် အသိ အမှတ်ပြုသော အရာများမှာ
၎င်းမှတ်တမ်း အမွေအနှစ်များသည် ကမ္ဘာလုံးဆိုင်ရာ သိသာထင်ရှားမှု၊ အတုမရှိကြောင်း ဖော်ပြမှုနှင့် လူသား တို့အတွက် အစားထိုးမရနိုင်သော အမွေအနှစ်များဖြစ်မှုတို့ ဖြစ်သည်။
မှတ်တမ်းအမွေအနှစ်ဆိုသည်မှာစာကြည့်တိုက်၊ ပြတိုက်နှင့် မော်ကွန်း တိုက်ဆိုင်ရာ စုဆောင်းမှုများဖြစ်သော ကျောက်စာ၊ လက်ရေးစာများ၊ တန်ဖိုးမဖြတ်နိုင်သော စာအုပ်များ၊ သတင်းစာများ၊ ဓာတ်ပုံနှင့်ပန်းချီကား များ၊ မြေပုံများ၊ ဖလင်များ၊ အသံနှင့် ဗီဒီယိုအခွေများ၊ စီဒီ၊ အသံမှတ်တမ်း များ၊ ဝက်ဘ်စာမျက်နှာများ၊ သတင်း အချက်အလက် အရင်းအမြစ်များ၊ စာရွက်စာတမ်းအထောက်အထား များ စသည်တို့ဖြစ်သည်။
အထက်ပါ မှတ်တမ်းအမွေအနှစ် များသည် လူသားအားလုံးနှင့် သက်ဆိုင်သောကြောင့် ယင်းအမွေ အနှစ်များကို ပြုပြင်ထိန်းသိမ်းရန်နှင့် ကာကွယ်စောင့်ရှောက်ရန်၊ မှတ်တမ်း အမွေအနှစ်များအား သိမြင် အလေးထားမှုမြှင့်တင်ရန်နှင့် အပြန် အလှန် အလေးထားမှုရှိစေရန် အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ထောက်ပံ့ကူညီ ရေးတို့ လိုအပ်သည်။ ယင်းအချက် များကို ဖြည့်ဆည်းနိုင်ရန်အတွက် မှတ်တမ်းအမွေအနှစ်များအား ကမ္ဘာ့ မှတ်တမ်းအမွေအနှစ် စာရင်းအဖြစ် သတ်မှတ်နိုင်ရန် ယူနက်စကို၏ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် အစီ အစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်။
ယူနက်စကို၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစီအစဉ်ကို ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး နှစ်နှစ် တစ်ကြိမ် ကမ္ဘာအရပ်ရပ်မှတင်သွင်း သော မှတ်တမ်းအမွေအနှစ်များအား စိစစ်၍ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အဖြစ် သတ်မှတ်စာရင်းသွင်းခဲ့ရာ ယခုအချိန်အထိ ကမ္ဘာတစ်ဝန်းမှ မှတ်တမ်း အမွေအနှစ်ပေါင်း ၃၄၈ ခု ကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။
ထို့အပြင် ကမ္ဘာ့မှတ်တမ်းအမွေ အနှစ်များဆိုင်ရာ သတင်းအချက် အလက်များ ဖလှယ်ရာတွင် ပိုမို တိုးတက်ကောင်းမွန်လာစေရန်နှင့် ကမ္ဘာ့မှတ်တမ်း အမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေရန်နှင့် အသိ ပညာများတိုးပွားလာစေရန် ရည်ရွယ် ၍ ၁၉၉၈ ခုနှစ်တွင် အာရှ-ပစိဖိတ် ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေ အနှစ်ကော်မတီ (Memory of the World Committee for Asia and the Pacific-MOWCAP)ကို တည် ထောင်ခဲ့သည်။ ထိုကော်မတီတွင် ဒေသတွင်းနိုင်ငံပေါင်း ၄၃ နိုင်ငံ ပါဝင်ပြီး ယူနက်စကို၏ အာရှ-ပစိဖိတ်ဒေသတွင်းကော်မတီအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ယခုအချိန် အထိ အာရှ-ပစိဖိတ် ဒေသတွင်း နိုင်ငံပေါင်း ၁၈ နိုင်ငံတွင် အမျိုးသား ကမ္ဘာ့မှတ်တမ်း အမွေအနှစ်ကော်မတီ များ ဖွင့်လှစ်ထားရှိသည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာနသည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းလျက်ရှိ သည်။ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ဖြစ်သော ရှေးဟောင်းမြို့တော်များ အား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းဆောင်ရွက်ခြင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအား စာရင်းကောက်ယူခြင်းနှင့် မှတ်တမ်း အမွေအနှစ်များအား ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်းတင်သွင်းခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိသည်။
ယူနက်စကို၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အစီအစဉ်တွင် ၂ဝ၁၂ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံမှ မှတ်တမ်းအမွေအနှစ်များအား ကမ္ဘာ့ မှတ်တမ်းအမွေအနှစ် စာရင်း သတ်မှတ်နိုင်ရေး အမည်စာရင်း တင်သွင်းခဲ့ရာ ၂ဝ၁၃ ခုနှစ်တွင် မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရားကျောက်စာများကို လည်း ကောင်း၊ ၂ဝ၁၅ ခုနှစ်တွင် မြစေတီ (ရာဇကုမာရ်)ကျောက်စာအပြင် ဂျာမနီနိုင်ငံမှ မြန်မာနိုင်ငံနှင့် ပူးတွဲ တင်သွင်းသော မြန်မာဘုရင် အလောင်းဘုရားက ဗြိတိန်ဘုရင် ဂျော့-၂ ထံသို့ ပေးပို့ခဲ့သော ရွှေပြား ပေါ်တွင် ရေးသားထားသည့် ရွှေ ပေလွှာကို လည်းကောင်း၊ ၂ဝ၁၇ ခုနှစ်တွင် ရွှေစည်းခုံဘုရားရှိ ဘုရင့်နောင် မင်းတရားကြီး၏ ခေါင်းလောင်းစာကို လည်းကောင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ဘုရင့်နောင် မင်းတရားကြီး၏ ခေါင်းလောင်းစာ အား ယူနက်စကို၏ ကမ္ဘာ့မှတ်တမ်း အမွေအနှစ်အစီအစဉ်သို့ တင်သွင်း ခြင်း မပြုမီ၂ဝ၁၅ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ်ကော်မတီ(MOWCAP) သို့ စာရင်းတင်သွင်းခဲ့ရာ ၂ဝ၁၆ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသတွင်း ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။
အာနန္ဒစန္ဒြကျောက်စာတိုင်မှာ ဝေသာလီမြို့ဟောင်းမှ ရှစ်သောင်း ပုထိုးတော်ကြီးသို့ အေဒီ ၁၅၃၆ ခုနှစ် တွင် မင်းဗာကြီး (၁၅၃၁-၁၅၅၃)မှ ပြောင်းရွှေ့စိုက်ထူထားခြင်း ဖြစ်သည်။ ကျောက်စာတိုင်မှာ လေးမျက်နှာရှိပြီး အရှေ့ဘက်၊ အနောက်ဘက်နှင့် မြောက်ဘက်တို့တွင် အိန္ဒိယ မြောက်ပိုင်းသုံး ရှေးအက္ခရာများဖြင့် ကျောက်တိုင်တစ်တိုင်တည်းတွင် အေဒီ ၆ဝဝ မှ အေဒီ ၁ဝဝဝ အတွင်း အနှစ် ၂ဝဝ မျှစီခြား၍ ဗြာဟ္မီပွား အက္ခရာသုံးမျိုးဖြင့် ရေးထိုးထားသော အလွန်ရှားပါးသည့် ကျောက်စာတိုင် ဖြစ်သည်။ ရခိုင်မင်းဆက်များ အကြောင်းကို ဖော်ပြထားပြီး ကျောက်စာရေးထိုးခိုင်းသူ အာနန္ဒစန္ဒြ အမည်ရှိသော မင်း၏အကြောင်းကို ကြေညာသော သြဘာစာဖြစ်သည်။
အဆိုပါ အာနန္ဒစန္ဒြကျောက်စာ ကို ယခုနှစ်တွင် ယူနက်စကို ကမ္ဘာ့ မှတ်တမ်းအမွေအနှစ် ကော်မတီသို့ လည်း ကမ္ဘာ့မှတ်တမ်း အမွေအနှစ် စာရင်း၌ ထည့်သွင်းသတ်မှတ်နိုင်ရေး တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။
ပြန်/ဆက်
No comments:
Post a Comment