Latest News

Friday, June 1, 2018

လူမှုကွန်ရက် စံနှုန်းများကို ထိန်းသိမ်း

လူမှုကွန်ရက် စံနှုန်းများကို ထိန်းသိမ်း

လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွင် သတင်းတုများပျံ့နှံ့မှုကို ကြိုတင် ကာကွယ်ရန် နှင့် သုံးစွဲသူ၏ အချက်အလက်များအား အလွဲသုံးစားပြုမှုမှ ကာကွယ်ပေးရန် လုံလောက်စွာ ဆောင်ရွက်ခဲ့မှု မရှိခြင်း အတွက် ဖေ့စ်ဘွတ်အမှုဆောင်အရာရှိချုပ် ဇူကာဘတ်က ဥရောပပါလီမန်တွင် တောင်းပန်ခဲ့ကြောင်းနှင့် ပုဂ္ဂိုလ်ရေးအချက်အလက်များ ထိန်းချုပ်ရေး အစီအစဉ်များကို ဆောင်ရွက်ပေးမည်ဟု မေလ ၂၄ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ကို ကြားသိရသည်။ လူမှုကွန်ရက် ဖေ့စ်ဘွတ် အသုံးပြုမှုမှာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်း၌ ကျယ်ကျယ်ပြန့်ပြန့် နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုနေကြသည်။ ပို၍ဆိုရလျှင် ဖေ့စ်ဘွတ် အသုံးပြုမှုကို ကောင်းသည့်ဘက်၌ဖြစ်စေ၊ မကောင်းသည့် ဘက်၌ဖြစ်စေ စွဲလမ်းနှစ်သက်စွာ အသုံးပြုနေကြသည်။

ကမ္ဘာတစ်ဝန်းလုံး၌ ဖေ့စ်ဘွတ်သုံးစွဲသူဦးရေမှာ နှစ်ဘီလီယံခန့်ရှိပြီး မြန်မာနိုင်ငံတွင် ပြည်သူ ၁၄ သန်းကျော်ခန့် အသုံးပြုနေသည်ဟု သိရှိရသည်။ ယခု ဖေ့စ်ဘွတ်အသုံးပြုရာ၌ ပုဂ္ဂိုလ်ရေး အချက်အလက်များ ထိန်းချုပ်ရေး အစီအစဉ်ကို ကြိုဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ကတည်းက အမုန်းစကားများအား အမှန်ဖြစ်စဉ်အသွင်ဖြင့် သော်လည်းကောင်း၊ သတင်းအတုအသွင်အဖြစ် သော်လည်းကောင်း သိသိသာသာ ထိုးဖောက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများ၊ နိုင်ငံရေးထိုးနှက်မှုအသွင်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှုများကို တစ်ဦးချင်း အနေဖြင့် လည်းကောင်း၊ အုပ်စုဖွဲ့အနေဖြင့်လည်းကောင်း လုပ်ဆောင်လာကြ သည်ကို တွေ့ရသည်။

 ယင်းသို့ဆောင်ရွက်လာနိုင်ခြင်းသည် သတင်းအချက်အလက်ဆိုင်ရာနှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အသိအမြင်ကြွယ်ဝမှု အားနည်းသောကြောင့် ဟု ဆိုရမည်ဖြစ်သည်။ အကျိုးဆက်မှာ လူအချင်းချင်း၊ အဖွဲ့အစည်း အချင်းချင်း ယုံကြည်မှုအားနည်းလာခြင်းနှင့် စိတ်ဝမ်းကွဲပြားလာခြင်းတို့ ဖြစ်ပေါ်လာပြီး ယင်းကို အခွင့်ကောင်းယူ၍ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးအမြတ်ထုတ်မှုများ ဖြစ်ပေါ်လာသည်။ နိုင်ငံကို တည်ဆောက်နေသောကာလ၊ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်နေသောကာလတွင် ယင်းသို့အားထုတ်မှုများသည် ကြီးမားသောစိန်ခေါ်မှုများဖြစ်သည်။ ယနေ့ကာလတွင် ဘာသာရေးဆိုင်ရာ တိုက်ခိုက်မှု အကောင့်ငါးသောင်းခွဲခန့်ရှိနေပြီး ကိုယ်ကျိုးစီးပွားကာကွယ်ရေး အုပ်စုဖွဲ့တိုက်ခိုက်မှု အမြောက်အမြားရှိနေသည်။ ယင်းတို့တွင် ပုဂ္ဂိုလ်ရေးသိက္ခာချမှု၊ အဖွဲ့အစည်းနာမည်ဖျက်ရန် ကြိုးပမ်းမှုတို့ သာမက အဆိုးဆုံးမှာ သတင်းဖျက်၊ပုံဖျက်သဏ္ဌာန်ဖြင့် မကြားဝံ့မနာသာ ရိုင်းပျစွာ ပြုမူပြောဆိုမှုများအထိ ရှိလာသည်ကို တွေ့ရသည်။ ယင်းသည် နိုင်ငံနှင့်ပြည်သူအတွက် ရေရှည်တွင် မကောင်းသောလက္ခဏာ ဖြစ်သည်။ ယင်းကို ကာကွယ်ရမည်သာဖြစ်သည်။ ထိန်းသိမ်းကာကွယ်သည်ဆိုရာ၌ လွတ်လပ်မှုအား ထိန်းချုပ်ခြင်းမဟုတ်ဘဲ ကျင့်ဝတ်စည်းကမ်းဖောက်ဖျက် မှုကို ထိန်းသိမ်းခြင်းသာဖြစ်သည်။ ယခုအခါ ဖေ့စ်ဘွတ်သုံးစွဲသူများအတွက် လူမှုကွန်ရက်စံနှုန်းများ မီဒီယာများတွင် ထုတ်ပြန်အသိပေးနေသည်ကို တွေ့ရသည်။ ဖေ့စ်ဘွတ်သုံးစွဲသူအချင်းချင်း အချက်အလက်များမျှဝေရာတွင် လုံခြုံစိတ်ချရပြီး လေးစားမှု ရှိသည့် ဝန်းကျင်ဖြစ်ဖို့ အရေးကြီးသည်။ အွန်လိုင်းပေါ်တွင် သတင်းတုများ၊ အမုန်းစကားများ၊ အနိုင်ကျင့် နှောင့်ယှက်ခြင်း၊ အကြမ်းဖက်ခြိမ်းခြောက်ခြင်းတို့ မပြုလုပ်သင့်ဘဲ ဖေ့စ်ဘွတ်စည်းမျဉ်း စည်းကမ်းချိုးဖောက် သည့် အကြောင်းအရာများကို တိုင်ကြားနိုင်ကြောင်းအသိပေးထားသည်။

သို့ဖြစ်ရာ ပိုမိုကောင်းမွန်သော လူမှုပတ်ဝန်းကျင် တည်ဆောက်နိုင် ရန်အတွက် လူမှုကွန်ရက်သုံးစွဲသူများ၏ အခန်းကဏ္ဍမှာ အရေးကြီးပေရာ လူမှုစံနှုန်းများကို ဖောက်ဖျက်ခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်သူများအား ဝိုင်းဝန်းထိန်းသိမ်းကာကွယ်ပေးခြင်းဖြင့် မိမိနှင့် မိမိလူမှုပတ်ဝန်းကျင် စိတ်ချလုံခြုံရေးကို အကူအညီပေးရာ ရောက်သည်ဟု ရှုမြင်ပါကြောင်း။ ။

ပြန်​ကြား​ရေးဝန်​ကြီးဋ္ဌာန

No comments:

Post a Comment