Latest News

Friday, June 29, 2018

တိုင်းရင်းရိုးရာ မှိုဟင်းလျာ

တိုင်းရင်းရိုးရာ မှိုဟင်းလျာ


အခုလိုမိုးကာလမှာ  မိုးဦးကျစအချိန်ကစလို့  မိုးဖြိုင်ဖြိုင်ကျချိန်အထိ အနယ်နယ်အရပ်ရပ်မှာ သဘာဝအလျောက် မှိုအမျိုးအစားပေါင်းစုံ ဖူးပွင့် လာကြတာကို တွေ့ရပါတယ်။ တောင်ပေါ်၊ မြေပြန့်၊ တောင်တန်း ဒေသခြားနား စေကာမူ သဘာဝအလျောက်ပေါက်ရောက်တဲ့ မှိုတွေကို တိုင်းရင်းသားများ နှစ်သက်စွာစားသုံးကြတဲ့ဓလေ့မှာတော့ အားလုံးတူညီကြတယ်လို့ ဆိုနိုင်ပါ တယ်။ မှိုဟာ မြေတွင်း၊ တောင်ပို့၊ သစ်၊ ဝါး၊ သစ်ရွက်ဆွေးနဲ့ မြေဆွေးပေါင်းစုံ မှာ ပေါက်တတ်ကြပါတယ်။ ဒါကြောင့် ဥတုဘောဇနဆေးကျမ်းမှာ မှိုမျိုးတို့ကို သံသေဒဇဟူ၍လည်းကောင်း၊ ဘူမိဆန္ဒဟူ၍လည်းကောင်း ပြဆိုထားတာကို ဖတ်ရှုရပါတယ်။

ကောက်ရိုးပုံတွေမှာပေါက်တဲ့ ကောက်ရိုးမှို၊ သစ်ရွက်ဆွေးတွေမှာ ပေါက်တဲ့ ဖက်ဆွတ်မှိုနဲ့ မြက်ပင်များအကြား ရောပြီးပေါက်တဲ့ မြက်ကြားမှို အမျိုးအစား တွေကတော့ အရသာချိုပြီး စားကောင်းတဲ့မှိုများဖြစ်တာမို့ လူကြိုက်အများဆုံး ပါ။ ဒါ့အပြင် တောင်ပို့တွေမှာပေါက်တဲ့ တောင်ပို့မှိုနဲ့ သစ်ဆွေးတုံးတွေမှာ ကပ်ပြီးပေါက်တတ်တဲ့ ကြွက်နားရွက်မှိုတွေကိုလည်း လူသိများပါတယ်။ အဲဒီ မှိုမျိုးတွေအပြင် ဒေသအလျောက်ခေါ်ဝေါ်ကြတဲ့ မှိုခြေတံရှည်၊ မှိုဦးနှောက်၊ ဆန်ကွဲမှို စသဖြင့်လည်း မှိုမျိုးအများအပြားရှိကြပါသေးတယ်။

''တစ်နှစ်လျှင်  တစ်ခါပေါ်  ငါသာမင်းလောင်း ထီးဖြူဆောင်း''ရယ်လို့ ကလေးသူငယ်တွေအနက်ပေးပြီး စကားထာဝှက်တမ်းကစားကြတဲ့မှိုဟာ အခု အခါမှာတော့ လွယ်လွယ်ကူကူ စိုက်ပျိုးထုတ်လုပ်လို့ရနေတာကြောင့် တစ်ကြိမ် သာမက  တစ်နှစ်ပတ်လုံးပေါ်နေပြီလို့  ဆိုရမှာပါ။   စိုက်ပျိုးမှိုတွေဖြစ်တဲ့ ကောက်ရိုးမှို၊ ငွေမိုးမှို၊ ငွေနှင်းမှို၊ အပ်မှိုနဲ့ ကြွက်နားရွက်မှိုတွေကို အခုအခါ ဈေးအသီးသီးမှာ ရာသီမပြတ် ရောင်းချနေကြတာကို တွေ့ကြမှာပါ။

မြန်မာတိုင်းရင်းသားတွေဟာ မှိုကိုကြိုက်နှစ်သက်ကြလွန်းလို့ တွေ့မရှောင် စားသုံးလေ့ရှိကြတာမို့ အဆိပ်ရှိသောမှိုမျိုးများကို စားသုံးမိကြကာ အသက် အန္တရာယ်ကြုံရသည်အထိ ဘေးဖြစ်ရတာတွေကို သတင်းစာတွေမှာ မကြာခဏ ဖတ်ရှုကြားသိနေရပါတယ်။ အဆိပ်ရှိပြီး မစားကောင်းတဲ့မှိုများဟာ အရောင် အသွေး တောက်ပကာ ထူးခြားတဲ့ပုံသဏ္ဌာန်ရှိကြတယ်လို့ ဆိုပါတယ်။ မှိုရိုးတံရဲ့ အခြေမှာ ခြေကျင်းဝတ်ထားသလို ကွင်းလေးပါနေရင် မစားသင့်တဲ့မှိုဖြစ်ပါသတဲ့။ စမ်းသပ်တဲ့နည်းက မသင်္ကာရင် အဲဒီမှိုရဲ့ အရိုးအရွက်တွေခြေပြီး ဆားပုံကြည့် ပါ။ အဆိပ်ရှိခဲ့ရင် အရောင်မဲသွားတယ်လို့ ဆိုပါတယ်။ သေချာတဲ့နည်းလမ်း ကတော့ စားသုံးနေကျမှိုမျိုးမဟုတ်ရင် မစားကြဖို့နဲ့ စိုက်ပျိုးထုတ်လုပ်ရောင်းချ တဲ့ မှိုမျိုးများကတော့ စားသုံးရန်စိတ်ချရပါကြောင်း အကြံပြုလိုပါတယ်။

စားကောင်းတဲ့မှိုများတောင် အစားများရင် သွေးတက်ပြီး မူးဝေတတ်တဲ့ သဘာဝရှိလို့  မှိုစားတဲ့အခါ  ရှေးလူကြီးတွေက  အဆိပ်ပြေတဲ့သတ္တိရှိတဲ့ ကန်စွန်းရွက်လေးရောပြီး  ကြော်စား၊ ချက်စားလေ့ရှိပါတယ်။   မှိုကန်စွန်း ဟင်းလျာကတော့ အကြိုက်များကြလို့ စားသောက်ဖွယ်ရာရောင်းတဲ့ ဆိုင်တိုင်း လိုလို ရောင်းချကြပါတယ်။ ရှမ်းပြည်နယ် တောင်ကြီး၊ ပင်းတယဘက်ရောက် တုန်းက တိုင်းရင်းသားတွေရောင်းတဲ့ အင်းသားရိုးရာ မှိုဟင်းထုပ်ကို စားခဲ့ရ ပါတယ်။ ဆန်မှုန့်၊ ကြက်သွန်မိတ်နဲ့မှိုကိုရောပေါင်းထားတဲ့ သရေစာတစ်မျိုးပါ။တောင်ပို့မှိုလို အရွယ်အစားကြီးတဲ့ မှိုများကို မီးကင်၊ ဆီလေးဆမ်းပြီး ဆားဖြူး စားရင် အင်မတန်ကို စားကောင်းလှပါတယ်။ မှိုကို လွယ်လွယ်ကူကူနဲ့ အရသာ ရှိရှိ  စားသုံးနိုင်တဲ့  တခြားတစ်နည်းကတော့  မှိုကို သုပ်စားတဲ့နည်းပါပဲ။ စားလို့ရတဲ့မှိုမှန်သမျှ သုပ်စားနိုင်ပါတယ်။

မှိုသုပ်မယ်ဆိုရင် အရိုးအရွက်သင် ရေစင်စင်ဆေးပြီး ဒယ်အိုးထဲထည့် ဆား၊ နနွင်း၊ ငံပြာရည်သင့်ရုံနဲ့ ဆီလေးပါလေကာဝေ့ဆမ်းပြီး ဖိုပေါ်တင်ပါ။ ဟင်းအိုးဆူသံကြားရင် အဖုံးဖွင့်လို့ အထက်အောက်နှံ့အောင်မွှေပါ။ မှိုအသား က နူးညံ့တာမို့ နူးလွယ်ပါတယ်။ ရေစပ်စပ်အနေမှာ ဖိုကချလို့ ပန်းကန်ထဲ ထည့် ကြက်သွန်နီ ပါးပါးလှီး၊ နံနံပင်၊ ငရုတ်သီးစိမ်းညှပ်ထည့်ကာ သံပရာရည် ညှစ်ပြီး သုပ်ထားတဲ့မှိုသုပ်ဟာ ကရိကထမများဘဲ ချက်လို့လွယ်ကာ စားလို့ လည်း ကောင်းတာမို့ ထမင်းဝိုင်းမှာ လျှာလည်စေတဲ့ ဟင်းတစ်မည်ဖြစ်ကြောင်း ပါဗျာ...။                                          

 စံလွင် (ငါးဦးစီး)

No comments:

Post a Comment