Latest News

Saturday, June 2, 2018

မိုးရာသီနှင့် ယင်ကောင်အန္တရာယ်

မိုးရာသီနှင့် ယင်ကောင်အန္တရာယ်

ယင်ကောင်ဆိုတာ  ယင်ကောင်ဟာ   ဥဘဝမှလောက်ဘဝ၊ လောက်ဘဝမှပိုးတုံးလုံးဘဝ၊ ပိုးတုံးလုံးဘဝမှယင်ကောင်ဘဝသို့ ဘဝ သုံးမျိုးပြောင်းလဲ၍ ဖြစ်ပေါ်လာတယ်။ ယင်မတစ်ကောင်ဟာ ပျမ်းမျှအားဖြင့် ငါးရက်ကိုတစ်ကြိမ်ကျ ဥဥလေ့ရှိကာ  တစ်ကြိမ်လျှင်ဥပေါင်း  ၁ဝဝ မှ ၁၅ဝ ခန့်အထိရှိတတ်ပြီး အစုလိုက် အပြုံလိုက်တစ်နေရာတည်းမှာ ဥချလေ့ရှိပါ တယ်။

ယင်မများဟာ သန့်ရှင်းခြောက်သွေ့တဲ့နေရာမှာ ဥချလေ့မရှိဘဲ လူနှင့် တိရစ္ဆာန်တို့၏မစင်များ၊ ပါးစပ်မှ ထွေးထုတ်လိုက်သော ချွဲသလိပ်များ၊ တိရစ္ဆာန် အသေအပုပ်ကောင်များ၊ သစ်သီးသစ်ရွက် အပုပ်အသိုးများ၊ အမှိုက်ပုံးများနှင့်  မစင်အညစ်အကြေးရှိရာ    နေရာများတွင်သာ ဥများဥချလေ့ရှိပါတယ်။ ၎င်းဥများဟာ  အလွန် သေးငယ်ပြီး လုံးရှည်ရှည်သဏ္ဌာန် ရှိပါတယ်။ ယင်မတစ်ကောင်၏အရွယ်အစား ပေါ်မူတည်၍ ထိုယင်မ၏ သက်တမ်း နှစ်လ တာကာလအတွင်း ဥပေါင်း ၁ဝဝဝ မှ  ၃ဝဝဝကျော် အထိ ဥချနိုင်စွမ်းရှိတယ်။

ဥဘဝမှလောက်ဘဝ ယင်ဥတွေဟာ အညစ်အကြေးများရှိရာနေရာမှာ ဥပြီးသည့်အချိန်မှစ၍ နောက် ၁၂ နာရီ အတွင်း လောက်ဘဝသို့ကူးပြောင်းသွား ကြတယ်။   လောက်တစ်ကောင်၏အရွယ်အစားဟာ ၁/၄ လက်မခန့် ရှည်မျောမျော သဏ္ဌာန်ရှိပြီး ဦးခေါင်းပိုင်းမှာချွန်၍ အမြီးပိုင်း(ဖင်ပိုင်း)မှာ လုံးဝိုင်းနေပါတယ်။ ခန္ဓာကိုယ် မှာ အဆစ် ၁၂ ပိုင်းရှိပါတယ်။ တစ်နေရာမှ တစ်နေရာသို့တွားသွားလေ့ရှိပြီး အချိန်ရှိသ၍ အညစ်အကြေးများကိုသာ အစာအာဟာရ အဖြစ် မှီဝဲနေကြတယ်။ သူတို့ဟာ တစ်နေ့ တခြားကြီးထွား လာကြပြီး ရက်သတ္တနှစ်ပတ်၊ သုံးပတ်ကြာတဲ့ အခါ အစွမ်းကုန်ကြီးလာပြီးနောက် လုံးဝအစာမစားတော့ဘဲ သုံး၊ လေးရက်ခန့် ငြိမ်သက်နေကြပါ တော့တယ်။ အဲဒီ အချိန်ဟာ ပိုးတုံးလုံးဘဝသို့ရောက်ရန် အားယူချိန်ဖြစ်ပါတယ်။

လောက်ဘဝမှပိုးတုံးလုံးဘဝ ပိုးတုံးလုံးဆိုတာ လောက်ဘဝမှငြိမ်သက်စွာနေပြီးနောက်  ဖြစ်ပေါ်လာတဲ့အဖြူရောင် ရှည်ရှည်ဝိုင်းဝိုင်းလေးများဖြစ်တယ်။  အစ ပထမတွင် အရောင်ဖြူနေရာမှ နောက်ပိုင်းမှာ  အရောင်ညိုလာတယ်။  ပိုးတုံးလုံးဘဝမှာ အစာမစားတော့ဘဲ အသက်ပဲရှူတယ်။ပိုးတုံးလုံးရဲ့အပေါ်ယံအခွံဟာ အနည်းငယ် မာလာပြီး နောက် ယင်းအခွံတွင်းမှာ ယင်ကောင်၏ ခြေ၊ လက်၊ ဦးခေါင်းအင်္ဂါရပ်များ တဖြည်းဖြည်း ပီပြင်လာရန် ခုနစ်ရက်မျှ အချိန်ယူရတယ်။ ယင်ကောင်၏ အင်္ဂါရပ်များပြည့်စုံသွားတဲ့ အခါမှာတော့ ၎င်းယင်ကောင်ပေါက် စဟာ ပိုးတုံးလုံး၏အခွံကိုဖောက်ထွင်း၍ ပြင်ပသို့အတောင်ပံခတ်၍ပျံသန်းသွားပါတော့တယ်။

ပိုးတုံးလုံးဘဝမှယင်ကောင်ဘဝ ယင်ကောင်တွေဟာ အထက်ပါဖြစ်စဉ် အတိုင်း ပိုးတုံးလုံး၏အခွံမာကိုဖောက်ထွက် လာသည့်အချိန်မှစ၍ သက်တမ်းကုန်ဆုံးသွား သည့်အချိန်အထိ မစင်နှင့်အညှီအဟောက် အပုပ်အသိုးများပေါ်တွင် နားလိုက်၊ စားလိုက်၊ အန်ချလိုက်ဖြင့် ဤနည်းအတိုင်း အရပ်ရှစ်မျက်နှာသို့ လူးလာခေါက်ပြန် ပျံသန်းလေ့ရှိ ကြပါတယ်။

ယင်ကောင်များက ၎င်းတို့ကိုယ်ပေါ်ရှိ နှုတ်သီး၊ ဦးမှင်၊ ခြေထောက်တို့ဖြင့် မစင်ရှိရာ၊ အပုပ် အသိုးရှိရာများတွင် ရပ်နား လိုက်စဉ် ရောဂါပိုးမွှားများဟာ ယင်ကောင်နှင့် တစ်ပါတည်း တွယ်ကပ်ပါသွားကြတယ်။ မိုးရာသီနှင့် ယင်ကောင်အန္တရာယ်  ယင်ကောင်တွေဟာ နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး လူသားတွေကိုရောဂါဖြစ်အောင် အမြဲဆောင်ကြဉ်းပေးနေတဲ့ မိစ္ဆာ သတ္တဝါများဖြစ်ကြပြီး အထူးသဖြင့် မိုးဦးရာသီမှာ အလွန်ပေါများစွာ တွေ့ရတယ်။ မိုးဥတုတွင် သရက်၊ နာနတ်၊ ပိန္နဲ၊ ဒူးရင်း၊ ကနစိုစတဲ့   ရာသီစာသစ်သီးဝလံများပေါများကြ သလို သားငါးပုစွန်များလည်း  ပေါများချိန်ဖြစ်တယ်။  

အညှီအဟောက်ကြိုက်သော ယင်ကောင်များအဖို့  မိုးရာသီမှာ  အထူး များပြားစွာပေါက်ပွားလာကြတယ်။ ယင်ကြောင့်ဖြစ်သောရောဂါများ မြန်မာပြည်သူ ပြည်သားများအနေဖြင့် ယင်ကောင်တွေကို နေ့စဉ်မြင်တွေ့ နေကျဖြစ် တာကြောင့် အထူးတလည်ကြောက်စရာမလို ဟုထင်မှတ်နေကြသော်လည်း   ဆေးပညာ ရှုထောင့်မှ ကြည့်မြင် တတ်မှသာ မိမိအန္တရာယ် ကို သိမြင်နိုင်မှာဖြစ်တယ်။

လူတို့စားသောက်မည့်ထမင်းဟင်းလျာများ၊ သစ်သီးဝလံများ၊ မုန့်ပဲသရေစာများပေါ်ကို ယင်ကောင်တွေ လာရောက်နားလိုက်တဲ့အခါ ၎င်းတို့၏ ခန္ဓာကိုယ် ပေါ်မှာတွယ်ကပ်ပါလာတဲ့ ပိုးမွှား တွေဟာလည်း လူတို့၏အစားအစာပေါ် ကျန်ရစ်နေခဲ့တယ်။ ဒါကြောင့် ယင်နားထားတဲ့ အစားအစာကို စားမိတဲ့အခါ ကာလဝမ်းရောဂါ၊ တိုက်ဖွိုက် ခေါ် အူရောင်ငန်းဖျား ရောဂါ၊ အထက်လန် အောက်လျှော ခေါ်ရေငတ်ဝမ်းကျရောဂါ၊  ဝမ်းဖောဝမ်းရောင် ရောဂါ၊ သွေးဝမ်းသွား ခေါ် ဝမ်းကိုက် ရောဂါတို့ ဖြစ်ပေါ်လာတယ်။

၎င်းရောဂါတွေဟာ ကပ်ရောဂါသဖွယ်  လူသားမျိုးနွယ်တွေကို  ဒုက္ခ ပေးတတ်ပါ တယ်။ အဲဒီကူးစက်ရောဂါတွေ ကင်းဝေးစေနိုင်သည့် အဓိကသော့ချက်မှာထိုရောဂါတွေမဖြစ်ခင် ကြိုတင်ကာကွယ် နည်းပဲဖြစ်တယ်။ အဲဒီလိုကြိုတင်ကာကွယ်ဖို့ မူလတရားခံဖြစ်တဲ့ ယင်ကောင်၏အန္တရာယ်ကို  ရှေးဦးစွာ ကာကွယ် ထားကြရမှာဖြစ်တယ်။ ယင်ကောင်သုတ်သင်နည်း ယင်ကောင်အန္တရာယ်မှ   ကင်းဝေးဖို့ အတွက်ဆိုရင် တစ်ဦးတစ်ယောက်တည်းနှင့် မရပါဘူး။ အိမ်ထောင်စုတိုင်း၏ စုပေါင်းအား ဖြင့် လုပ်ဆောင်ပေးကြဖို့လိုပါတယ်။

(၁) ယင်ကောင်တွေနှစ်သက်တဲ့   ဥပမာ - သရက်သီးအခွံ၊   နာနတ်သီးခွံတို့လိုစွန့်ပစ် အစားအစာတွေကို  ပလတ်စတစ် အိတ်နှင့်  လုံအောင်ထုပ်၍ အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပါ။ ချက်ချင်းမစားဖြစ်သေးပါက ရေခဲ သေတ္တာ ထဲတွင် သိမ်းပါ သို့မဟုတ် လေဝင် လေထွက်ကောင်းကာ  ယင်မနားနိုင်သည့်  အုပ်ဆောင်းဖြင့်  ဖုံးအုပ်ထားပါ။

(၂) သဘာဝအော်ဂဲနစ်နည်းဖြင့် ယင်ကောင်တွေကို  နှိမ်နင်းလို့ ရပါတယ်။ ငှက်ပျောခွံ အနည်းငယ်ကို ရှလကာ ရည်နဲ့ ရောပါ။  ရောပြီးလျှင် ငှက်ပျောသီးနံ့ ထွက်လာအောင် လှုပ်ပေးပါ။ ပြီးရင် သောက်ရေသန့်ဘူး အလွတ် တစ်လုံးထဲကို ယင်ကောင်တွေ  ဝင်နိုင်လောက်တဲ့     အပေါက်ငယ်တွေ ဖောက်ထားပါ။ ငှက်ပျောခွံနဲ့ ရှလကာဖျော်ရည်ကို သောက်ရေသန့်ဘူး အလွတ်ထဲထည့်ပါ။ ၎င်းဘူးကို ယင်ကောင်တွေ လာတတ် တဲ့ နေရာမှာ ထားပေးပါ။ (ထိုနည်းကို အင်းဆက်ထောင် ချောက်အဖြစ် ဥယျာဉ်ခြံတွေမှာလည်း အသုံးပြုနိုင်ပါ တယ်။)

(၃) အစားအစာအားလုံးကို  ယင်ကောင်၊ ပိုးဟပ်၊ ပုရွက်ဆိတ်၊ ကြွက် စတဲ့ပိုးမွှား တိရစ္ဆာန်များနှင့် ခွေး၊ ကြောင် စတဲ့ အိမ်မွေး တိရစ္ဆာန်များ   လက်လှမ်းမမီနိုင်အောင် သိမ်းဆည်းပါ။ ကြောင်အိမ်ကို  လုံအောင် ပိတ်ထားပါ။

(၄) စားသောက်ပြီးတဲ့ ပန်းကန်ခွက်ယောက် တွေကို အကြွေးမထားဘဲ ချက်ချင်းဆေးပါ။ သို့မဟုတ်ပါက ပေကျံ နေတဲ့ ၎င်းပန်းကန်ခွက် ယောက်တွေက ကြွက်၊ ပုရွက်ဆိတ်၊ ယင်ကောင်တွေကို ဖိတ်ခေါ်ရာ ရောက်ပါတယ်။အကယ်၍ အကြောင်းတစ်စုံ တစ်ရာကြောင့် ချက်ချင်း   မဆေးကြောနိုင်သေးတဲ့အခါ ကြောင်အိမ် သို့မဟုတ် အုပ်ဆောင်းဖြင့် လုံခြုံအောင်သိမ်းထားပြီးနောက် အသိုးနံ့ ပျောက်အောင် ရေနွေးလောင်း၍ဆေးကြော သန့်စင်ပါ။

(၅) မီးဖိုချောင်ထွက် စွန့်ပစ်ပစ္စည်းများနှင့် အမှိုက်သရိုက်တွေကို ရေမြောင်းများတွင် မစွန့်ပစ်ဘဲ သတ်မှတ်ထား သော အမှိုက်ပုံးများသို့ စနစ်တကျစွန့်ပစ်ပါ။

(၆) ဖြစ်နိုင်ရင် ရေလောင်းအိမ်သာကိုသာ သုံးပါ။

(၇) အကယ်၍ ရေလောင်းအိမ်သာမသုံးစွဲ နိုင်ပါက ယင်လုံမြေတွင်းအိမ်သာကို သုံးပါ။ (ယင်လုံမြေတွင်း အိမ်သာ ဆိုသည်မှာ မြေကြီးအတွင်းသို့ ခပ်နက်နက်တူးထားသော အိမ်သာဖြစ်ပြီး မြေကြီးတွင်းဝနှင့် အိမ်သာ အောက်ခြေ တို့ အကြား ယင်ကောင်များမဝင် စေရန် မြေကြီးများဖို့ခြင်း  သို့မဟုတ်  ဝါး၊ ကျူထရံများ    ကာရံထားခြင်းဖြစ်ပါ တယ်။ အိမ်သာအတွင်းရှိ လူထိုင်သောယိုပေါက်ကို အဖုံးဖြင့်ပြန်ပိတ်ထားခြင်းအားဖြင့် ယင်ကောင်ပေါက်ပွားခြင်းမှ ကာကွယ် နိုင်မှာဖြစ်တယ်။)

(၈) ယင်ဥများ၊  လောက်ကောင်များ၊  ပိုးတုံးလုံးများသေစေနိုင်တဲ့ ပိုးသတ်ဆေးသုံးပါ။(ဥပမာ-  ဘယဆေး ဆိုင်တွေမှာ ရနိုင်တဲ့ လက်ချားပိုးသတ်ဆေး တစ်ပေါင်ကို  ရေခြောက်ဂါလန်ရော၍ အိမ်သာတွင်းထဲသို့ လည်းကောင်း၊ အိမ်ပြင်ဝန်းကျင်ရှိ ရေမြောင်းများ၊ အမှိုက်ပုံးနှင့် အမှိုက်ပုံများသို့ လည်းကောင်း သုံးရက်လျှင် တစ်ကြိမ် ဆေးပက်ဖျန်း ပေးပါ။)

(၉) အကယ်၍ ပိုးသတ်ဆေးအလွယ်တကူ မရနိုင်ပါက ထုံးမှုန့် သို့မဟုတ် ရေနံချေး သို့မဟုတ် မီးဖိုမှပြာ သို့မဟုတ်  ဖွဲဆပ်ပြာ တို့ကို မြေတွင်းအိမ်သာထဲသို့ နေ့စဉ်သော်လည်းကောင်း၊ သုံးရက်လျှင်တစ်ကြိမ်ခန့် သော် လည်းကောင်း ဖြူးပေးပါ။

(၁ဝ) မိမိနေထိုင်ရာအိမ်တွင် ခမ်းနားသော အိမ်ထောင်ပရိဘောဂများ ထားရှိနိုင်သည့်ဂုဏ်ထက်   ယင်လုံဆန်ခါ၊   ခြင်လုံဆန်ခါ တပ်ဆင်နိုင်သည့်ဂုဏ်ကို ပို၍တန်ဖိုးထား တတ်ပါစေ။ တစ်အိမ်လုံးယင်လုံဆန်ခါမတပ် နိုင်သည့်တိုင်အောင် ထမင်းစားခန်းကိုတော့ ဦးစားပေးတပ်ဆင်ကြဖို့ တိုက်တွန်းပါရစေ။

(၁၁) ထမင်းစားခန်းနှင့်   မီးဖိုချောင်သို့  ရောက်လာကြသော   ယင်ကောင်များကို နားမိသည်နှင့်     ကပ်၍ သေစေ နိုင်သော ကော်သုတ်စက္ကူလိပ်ကလေးများကို  နေရာအနှံ့ ချိတ်ဆွဲထားပါ သို့မဟုတ် ဆန်ကောချပ် ဖြစ်စေ၊    ဒန်အိုးအဖုံးတစ်လုံးတွင်ဖြစ်စေ သကြားရည်၊ အမဲဆီနှင့် ပိုးသတ်ဆေး တစ်မျိုးမျိုးတို့ကို ရောနှောသုတ်၍     ကလေးများ လက်လှမ်းမမီသောနေရာမှာ ကြိုးဖြင့်ချိတ်ဆွဲထားပါ။

(၁၂) ပလတ်စတစ်ဖြင့်    ပြုလုပ်ထားသော ယင်ကောင်ရိုက်တံကို အိမ်တွင်ဆောင်ထားသင့်ပါတယ်။

(၁၃) သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ လမ်းညွှန်မှုများနှင့်အညီ လုပ်သားပြည်သူတိုင်းကလည်း အသိစိတ်ဓာတ်ပြည့်ဝ စွာ တက်ညီလက်ညီပူးပေါင်းပါဝင်ကြစေလိုပါတယ်။   ။ ဆောင်းပါးရှင်-ပေါက်ပေါက်


MWD

No comments:

Post a Comment