Latest News

Saturday, June 2, 2018

ထီလက်မှတ်တစ်စောင်တည်းမှ ဆုနှစ်ဆုပေါက်

ထီလက်မှတ်တစ်စောင်တည်းမှ ဆုနှစ်ဆုပေါက်

ရန်ကုန် ဇွန် ၁

(၁၅)ကြိမ်မြောက် ကျပ် ၅ဝဝ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၌ ကျင်းပစဉ် ထီလက်မှတ် တစ်စောင်တည်းမှ ဆုနှစ်ဆု ပေါက်သည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့သည်။

''ကျွန်တော်တို့ ဒီဖြစ်စဉ်က ဖြစ်တောင့်ဖြစ်ခဲပါ၊ ဒါပေမယ့် ကျပ် ၅ဝဝ တန် ထီဖွင့်ပြီးနောက်မှာတော့ ပထမဆုံးအကြိမ် ဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်ပါ၊ ကျွန်တော်တို့ အောင်ဘာလေရုံးက ရိုက်နှိပ်ထုတ်ဝေ ရောင်းချတဲ့ ထီလက်မှတ်တွေထဲမှာ ၁ဝဝဝဝဝ နဲ့ ၁ဝဝဝဝ၁ ဆိုတဲ့ ဂဏန်းတွေမပါဘူး၊ ဒီကနေ့ ကျပ်တစ်သိန်း ဆုပေးတဲ့ ဝေဝေဆာဆာပဒေသာဆုမဲစနစ်မှာ ဈ ၁ဝဝဝဝဝ ဆိုတဲ့ ဂဏန်းထွက် ပေါ်ခဲ့တယ်၊ ဝေဝေဆာဆာစနစ်က အက္ခရာ နဲ့ ရှေ့ဂဏန်းသုံးလုံးတူရင် ကျပ်တစ်သိန်းရမှာပါ၊ နောက်ဂဏန်း သုံးလုံးက ၉၉၉ အထိ ဆုငွေကျပ်တစ်သိန်းရမှာပါ၊ သို့ပေမယ့် ၁ဝဝဝဝဝ နဲ့ ၁ဝဝဝဝ၁ မရှိတဲ့အတွက် နောက်ဆုံးသုံးလုံးကို ထီနံပါတ် ပြန်လှည့်ပေးရပါတယ်၊ ဒီအတွက် နှစ်ကြိမ်နောက် ဂဏန်းသုံးလုံးအတွက် လှည့်ပေးရာမှာ တစ်ခုက ဈ ၁ဝဝ ၁ဝ၂ နဲ့ တစ်ခုက ဈ ၁ဝဝ ၈၃၁ ဆိုပြီး ထွက်ပေါ်လာပါတယ်၊ ဒီလက်မှတ် နှစ်စောင်က ရှေ့ဂဏန်း သုံးလုံးတူက ကျပ်တစ်သိန်းဆု တစ်ဆု၊ နောက်ဂဏန်း သုံးလုံးက ကျပ်တစ်သိန်းဆုတစ်ဆု စုစုပေါင်း လက်မှတ် တစ်စောင်တည်းနဲ့ ဆုနှစ်ဆုရမှာ ဖြစ်ပါတယ်၊ ဒါက ကျပ်တစ်သိန်းမှာမို့လို့ ကျပ်သိန်း ၅ဝဝ ဆိုလည်း ပြန်အစားထိုး ဖွင့်လှစ်ပေးရမှာ ဖြစ်ပါတယ်'' ဟု အောင်ဘာလေသိန်းဆု ဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ရှင်းပြသည်။

ဝေဝေဆာဆာ ဆုမဲစနစ်တွင် အက္ခရာနှင့် ရှေ့ဂဏန်းသုံးလုံး တူ ကျပ်တစ်သိန်း သတ်မှတ်ဖွင့်လှစ်ခဲ့ပြီး ကျပ်တစ်သိန်းဆု ၁၃ဝဝဝ ဆု၊ အက္ခရာနှင့်ရှေ့ ဂဏန်း နှစ်လုံးတူ ကျပ်ငါးသောင်း ဆုများဖွင့်ပေးခဲ့ရာ ကျပ်ငါးသောင်းဆုပေါင်း ၁၁ဝဝဝဝ ဆု ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ယနေ့ ထီဖွင့်ပွဲတွင် ကျပ်သိန်းတစ်သောင်းတစ်ဆု၊ ကျပ်သိန်းငါးထောင် နှစ်ဆု၊ ကျပ်သိန်းသုံးထောင်နှစ်ဆု၊ ကျပ်သိန်း တစ်ထောင်ငါးဆု၊ ကျပ်သိန်း ၅ဝဝ ခုနစ်ဆုတို့ အပါအဝင် ဆုပေါင်း ၁၂၄၁၈၂ ဆုဖွင့်လှစ်ပေးခဲ့ရာ ထီဆု လက်မှတ် စုစုပေါင်းတန်ဖိုး ကျပ်ငွေသန်းပေါင်း ၁၁ဝ၄၅ သန်း ရှိကြောင်း သိရသည်။

ပြန်​/ဆက်​၊သတင်းနှင့်ဓာတ်ပုံ - မြင့်မောင်

No comments:

Post a Comment