Latest News

Wednesday, June 13, 2018

ကိုရီးယားစစ်ပွဲ တရားဝင် အဆုံးသတ်ပြီး ကိုရီးယား ကျွန်းဆွယ်၌ နျူကလီးယား ကင်းစင်တော့မည်

ကိုရီးယားစစ်ပွဲ တရားဝင် အဆုံးသတ်ပြီး ကိုရီးယား ကျွန်းဆွယ်၌ နျူကလီးယား ကင်းစင်တော့မည်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့၏ ထိပ်သီးဆွေးနွေး ပွဲသည် ကမ္ဘာ့ဇာတ်ခုံပေါ်တွင် သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထရမ့်နှင့် ကင်ဂျုံအွန်တို့ သည် စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းပေါ်ရှိ ကာပယ်လာဟိုတယ်၌ ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် တွေ့ဆုံခြင်း ဖြစ်သည်။

ခေါင်းဆောင်နှစ်ဦးက တွေ့လျှင်တွေ့ချင်း တစ်ဦးကိုတစ်ဦး ရင်းရင်းနှီးနှီး လက်ဆွဲနှုတ်ဆက်ခြင်းသည် ကိုရီး ယားကျွန်းဆွယ်၌ နျူကလီးယား ကင်းစင်ရေး လုပ်ဆောင်မည့် အစီအစဉ် အတွက် အလားအလာ ကောင်း များကို ထွက်ပေါ်လာစေသည်။ ယင်းနောက် ထရမ့်နှင့် ကင်ဂျုံအွန်တို့က ဆွေးနွေးမှုကို စတင်သည်။

ဆွေးနွေးမှုအပြီးတွင် ထရမ့်က သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး တွေ့ဆုံဆွေးနွေးမှု အခြေအနေများကို ထုတ်ပြန်သည်။ ထရမ့်က ကင်ဂျုံအွန်အား ကျေးဇူးတင်ကြောင်း၊ ကင်ဂျုံအွန် သည် ရိုးသားသူဖြစ်ကြောင်း ဦးစွာပြောသည်။ ထို့နောက် အမေရိကန် ပြည်ထောင်စုနှင့် မြောက်ကိုရီးယားတို့သည် ကြည်နူးဖွယ်ကောင်း သည့်လုံခြုံမှုနှင့် ချမ်းသာကြွယ်ဝမှုခေတ်သို့ ဝင်ရောက်လာပြီဖြစ်ကြောင်း ထရမ့်က သတင်းထောက်များအား ပြောသည်။ ထို့ပြင် ကိုရီးယားနှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့် ရပ်စဲထားသည့် ကိုရီးယား စစ်ပွဲသည် မကြာမီအချိန်တွင် အဆုံးသတ်တော့မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထရမ့်နှင့်ကင်ဂျုံ အွန်တို့သည် ဆွေးနွေးပွဲ ကျင်းပပြီးနောက် အဓိက အချက်ကြီးလေးချက် ပါဝင်သည့် ကြေညာချက်တစ်ရပ်ကို လက်မှတ်ထိုးနိုင်ခဲ့သည်။ အဆိုပါ အချက်ကြီးများတွင် အမေရိကန်- မြောက်ကိုရီးယား ဆက်ဆံရေး၊ မြောက်ကိုရီးယား အစိုးရ၏ စစ်ရေး လုပ်ဆောင်မှုကို လျှော့ချရေး၊ ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်း ရေး အတွက် ပူးပေါင်းလုပ်ဆောင်ရေးနှင့် စစ်ပွဲကာလအတွင်း ပျောက်ဆုံးနေသည့် စစ်သည်များနှင့် စစ်သုံ့ပန်းများ၏ ရုပ်အလောင်းများကို ပြန်လည်ရှာဖွေရေးတို့ ပါဝင်သည်။

ယင်းအချက်များကို အမြန်ဆုံးအကောင်အထည်ဖော်ရန် ၎င်းတို့နှစ်ဦးက သဘောတူသည်။ ယခုထိပ်သီးဆွေး နွေးပွဲ အခြေအနေ ဆက်လက် တိုးတက်လာပါက အမေရိကန် အစိုးရ အနေဖြင့် တောင်ကိုရီးယားနှင့် ပူး ပေါင်းလုပ်ဆောင်နေသည့် စစ်ရေးလေ့ကျင့်မှုများကို ရပ်တန့်မည်ဖြစ်သည်။ ထို့ပြင် မြောက်ကိုရီးယားနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ကင်ဂျုံအွန်က သဘောတူထားသည်။ သို့သော် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှုများကြောင့် ယင်းနိုင်ငံအ ပေါ်ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို အမေရိကန်က လက်ရှိ အချိန်တွင် မရုပ်သိမ်းသေးဘဲ ဆက် လက်ထားရှိသွားမည်ဖြစ်သည်။

မြောက်ကိုရီးယား၏ နျူကလီးယား အရေးသည် ခြိမ်းခြောက်မှုအဖြစ် မတည် ရှိတော့သည့်အချိန်မှသာ အမေရိ ကန်အစိုးရက ယင်းပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဖြစ်သည်။ ထရမ့်က ကင်ဂျုံအွန်ကို အိမ်ဖြူတော်သို့ ဖိတ်ခေါ်မည်ဟုလည်း ဆွေးနွေးပွဲပြီးနောက် သတင်းထောက်များ အားပြောသည်။ ထို့ပြင်မြောက်ကိုရီးယား၏ နျူကလီးယား ကင်းစင်ရေး ကြိုး ပမ်းမှုတွင် အကူအညီပေးမည်ဟု ရုရှားအစိုးရက လူသိရှင်ကြား ပြောထားသည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်ကလည်း ကိုရီးယား နှစ်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု တို့အတွက် ဆက်ဆံရေးထူထောင်ရန် လမ်းဖွင့်ပေးမည်ဟု ပြောထား ခြင်းကြောင့် ထရမ့်နှင့်ကင်ဂျုံအွန်တို့၏ ထိပ်သီးဆွေးနွေးပွဲသည် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား ကင်းစင်ေ ရးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးတို့အတွက် မျှော်လင့်ချက်တစ်ခုအဖြစ် ထွက်ပေါ်လာ သည်ဟုဆိုရမည် ဖြစ်သည်။

MWD

No comments:

Post a Comment