Latest News

Wednesday, June 13, 2018

အတိတ်ကိုအတိတ်မှာထားခဲ့ရန် ကင်နှင့်ထရန့် သဘောတူ

အတိတ်ကိုအတိတ်မှာထားခဲ့ရန် ကင်နှင့်ထရန့် သဘောတူ

စင်ကာပူ ဇွန် ၁၂

သမိုင်းတွင်မည့် အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့၏ နှစ်နိုင်ငံထိပ်သီး အစည်းအဝေးကို ဇွန် ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းရှိ ကက်ပီလာဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

အတိတ်ကိုအတိတ်မှာပဲထားခဲ့

ယခုကျင်းပသည့် အစည်းအဝေးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့အကြား ပထမဆုံးအကြိမ်ပြုလုပ်သည့် အစည်း အဝေးဖြစ်သည်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတ တို့သည် အတိတ်ကိုအတိတ်မှာပဲထားခဲ့ရန် ဆုံးဖြတ်ခဲ့ကြောင်း နှစ်နိုင်ငံ ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောခဲ့သည်။

အဓိကပြောင်းလဲမှုများ တွေ့မြင်ရတော့မည်

ယင်းအစည်းအဝေးသည် ၄င်းတို့နှစ်နိုင်ငံအနေဖြင့် သမိုင်းဝင်မည့် ဆွေးနွေးပွဲ တစ်ခုကိုပြုလုပ်နိုင်ခဲ့ပြီး အတိတ်ကိုအတိတ်မှာပဲထားခဲ့ရန် သဘောတူခဲ့ကြောင်း၊ သမိုင်းတွင်မည့်စာချုပ်တစ်ခုကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ယခုလိုအစည်း အဝေးပေါ်ပေါက်လာ ခဲ့သည့်အတွက် သမ္မတထရန့်ကို ကျေးဇူးတင်ရှိကြောင်း၊ ကမ္ဘာကြီး အနေဖြင့် အဓိကပြောင်းလဲမှုများကို တွေ့မြင်ရတော့မည်ဖြစ်ကြောင်း ကင်က ပြောကြားခဲ့သည်။

အဆိုပါစာချုပ်သည် အလွန်အရေးကြီးပြီး ပြည့်စုံကျယ်ပြန့်သည့် စာချုပ်မျိုးဖြစ် ကြောင်းနှင့် အတိတ်ကိုအတိတ်မှာထားခဲ့ပြီး နှစ်နိုင်ငံအကြား ကဏ္ဍသစ်များကို စတင် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ထရန့်က ဆက်လက်ပြောကြားခဲ့သည်။ ထို့အပြင် ကိုရီးယားကျွန်းဆွယ် လုံးဝနျူကလီးယားကင်းစင်ရန် မြောက်ကိုရီးယား ခေါင်းဆောင်က နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့သော ပူးတွဲသဘောတူညီချက်တွင် အခိုင်အမာထပ်လောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုးပွဲပြီးနောက် မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ဘေးတွင် ရပ်လျက် ''ကျွန်တော်တို့ နောက်ထပ် အများကြီးတွေ့ဖို့ရှိသေးတယ်''ဟု ပြောခဲ့သည်။
နျူကလီးယားလက်နက်ကင်းစင်ရေးကိစ္စအပေါ် မီဒီယာများ၏ မေးမြန်းချက်နှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ထရန့်က ယင်းကိစ္စကိုဆောင်ရွက်နေကြောင်း၊ အလျင်အမြန် အကောင်အထည်ပေါ် လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိမ်ဖြူတော်သို့ ဖိတ်ခေါ်ချင်

ထို့အတူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စင်ကာပူအစည်း အဝေးပြီးနောက် ၄င်းအနေဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို အိမ်ဖြူတော်သို့ စိတ်ရင်းအမှန်ဖြင့် ဖိတ်ကြားချင်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ အမေရိကန်သမ္မတတစ်ဦးနှင့် မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးတို့၏ ပထမဆုံး တွေ့ဆုံပွဲဖြစ်သည့် ၄င်းနှင့်ကင်ဂျုံအန်းတို့၏ တွေ့ဆုံမှုသည် အခြားသူများခန့်မှန်းထား သည်ထက် အခြေအနေပိုမိုကောင်းမွန်ကြောင်း ထရန့်က သတင်းထောက်များကို ဆက်လက်ပြောကြားခဲ့သည်။

ခန့်မှန်းထားသည်ထက် အောင်မြင်မှုပိုမိုရရှိခဲ့

အမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေဖြင့် နှစ်နိုင်ငံထိပ်သီး အစည်းအဝေးတွင် မြောက်ကိုရီးယားနှင့် ချုပ်ဆိုသော သဘောတူစာချုပ်၌ ကျန်ရှိနေသော အမေရိကန်အကျဉ်းသားများပြန်လည်လွှဲပြောင်းပေးရေးနှင့် ဒုံးကျည်စမ်းသပ်သည့်နေရာကို ဖျက်ဆီးရေးတို့အပါအဝင် ခန့်မှန်း ထားသည်ထက် အောင်မြင်မှု ပိုမိုရရှိခဲ့သည်။ အမေရိကန်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံအပေါ် နောက်ထပ် စီးပွားရေးပိတ်ဆို့မှု ၃ဝဝ ထက်မနည်း ချမှတ်ရန်စီစဉ်ခဲ့သော်လည်း သမိုင်းဝင် အစည်းအဝေးကျင်းပ နိုင်ခဲ့ခြင်းကြောင့် ရပ်တန့်ခဲ့သည်။ ချမှတ်ထားသော ပိတ်ဆို့မှုများကိုလည်း လတ်တလောတွင် ဖယ်ရှားပေးဦးမည်မဟုတ်ဘဲ နျူကလီးယားကင်းစင်ရေး အပြည့်အဝ အကောင်အထည်ဖော်နိုင်မှသာ ဖယ်ရှားပေးသွားမည် ဖြစ်ကြောင်း ထရန့်၏ချွေးမဖြစ်သော လော်ရာထရန့်ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ဖော်ပြ ခဲ့သည်။

နျူကလီးယားဒုံးကျည် တည်ဆောက်ခြင်းကို ပိတ်သိမ်းမည်

နှစ်နိုင်ငံ သမိုင်းဝင် ထိပ်သီးအစည်းအဝေး ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် နျူကလီးယားဒုံးကျည်ထိပ်ဖူး ၂၄ခုထက်မနည်းရှိသော မြောက်ကိုရီးယားနိုင်ငံက အမေရိကန်ကို ချိန်ရွယ်ပစ်လွှတ်နိုင်သည့် တိုက်ချင်းပစ် နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တည်ဆောက်ခြင်းကို ပိတ်သိမ်းမည်ဖြစ်ကြောင်းလည်း သိရသည်။

တွေ့ဆုံမှုရလဒ်၏ နောက်ဆက်တွဲထူးခြားဖြစ်စဉ်များ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ဖို့ သဘောတူခဲ့ပြီးနောက် အမေရိကန်နိုင်ငံအနေဖြင့် တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဆိုင်းငံ့ ရမည်ဖြစ်ကြောင်း နောက်ဆက်တွဲ သတင်းများအရ သိရသည်။

ထို့အပြင် နှစ်နိုင်ငံအစည်းအဝေး၏ ရလဒ်များကြောင့် အာဆီယံစတော့ ဈေးကွက်မှာ ဆက်လက်မြင့်တက်ဖို့ အလားအလာရှိပြီး ဒေါ်လာဈေးမှာ ခိုင်မာလျက် ရှိသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းကြောင့် တောင်ကိုရီးယားစတော့ဈေးကွက်နှင့် ဝမ်တန်ဖိုးမှာ ပိုမိုခိုင်မာ လာမည်ဖြစ်ကြောင်းနှင့် ချေးငွေလက်မှတ်နှင့် စာချုပ်စာတမ်း ဈေးကွက်မှာလည်း ပိုမိုတည်ငြိမ်လာမည်ဖြစ်ကြောင်း သိရသည်။

ပြန်​ကြား​ရေးဝန်​ကြီးဋ္ဌာန

No comments:

Post a Comment