Latest News

Friday, June 29, 2018

အောင်လအန်ဆန်သို့ . . . အိတ်ဖွင့်ပေးစာ သို့/ အောင်လအန်ဆန်း မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ

အောင်လအန်ဆန်သို့ . . . အိတ်ဖွင့်ပေးစာ သို့/ အောင်လအန်ဆန်း မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ

One Championship Mix Martial Arts Event ကိုအောင်လခင်ဗျား . . . ဒီနေ့ညနေဆိုရင် ခင်ဗျားဟာ ဂျပန်ကစားသမား ကင်န် ဟာဆဲဂါဝါနဲ့ ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကာကွယ်ပွဲကို ထိုးသတ်ရတော့မယ်ဆိုတာ လွန်ခဲ့တဲ့ (၂)လလောက် ကတည်းက ကြေညာထားလို့ ပရိသတ်အားလုံးသိနှင့်ပြီးသားဖြစ်ပါတယ်။ အိတ်ဖွင့်ပေးစာအနေနဲ့ ကိုအောင်လ ဆီကိုပေးပို့ရတဲ့ကိစ္စကိုမပြောခင်မှာ ကိုယ့်ကိုယ်ကိုယ်အရင်ဆုံးမိတ်ဆက်ပေးပါရစေ။ ကျွန်တော့်နာမည် မောင်ဖိုးကွန့်လို့ခေါ်ပါတယ်။

လွန်ခဲ့တဲ့ (၁၃)နှစ်လောက်က Forever အားကစား ဂျာနယ်စတင် ထုတ်ဝေတဲ့အချိန်မှာ Proof Reader လို့ခေါ်တဲ့ စာပြင်သမားအဖြစ် မီဒီယာလမ်းကြောင်းပေါ် ကိုစတင်ရောက်လာခဲ့သူပါ။ အားကစားကို နှစ်သက်မြတ်နိုးသလို စာရေးစာဖတ် လုပ်ရတာကိုလည်း ၀ါသနာ ကြီးတာကြောင့် ဂျာနယ်စာမျက်နှာပေါ်မှာ ကိုယ့်ရဲ့စာတွေမြင်တွေ့ခွင့်ရဖို့ ၀ါရင့် ၀ါနု ဆရာတွေရဲ့ နည်းနာနိဿယ တွေကို ဆည်းပူးလေ့လာပြီး အားကစားကလောင်ရှင်တစ်ယောက်ဖြစ်လာဖို့ ကြိုးစားရင်း ကံ၊ ဥာဏ်၊ ၀ီရိယ တိုက်ဆိုင်လို့ စာရေးခွင့်ရတဲ့မီဒီယာသမား ဖြစ်ခွင့်ရလာခဲ့ပါတယ်။

၂၀၀၅ ခုနှစ်ကတည်းကနေ ခုချိန်အထိ ဒီအလုပ်ကို နှစ်နှစ်ခြိုက်ခြိုက် လုပ်ခဲ့ပြီး ခုချိန်မှာတော့ အားကစားနဲ့ဆိုင်တဲ့ စာတိုပေစတွေရေး၊ သိထားမြင်ထားတာတွေကို ရေဒီယို FM တွေရဲ့ တချို့သောအားကစားအစိအစဉ်တွေမှာ ဆွေးနွေးပြီး ဘ၀ကို ရပ်တည်နေတဲ့ သာမန်မီဒီယာသမားတစ်ယောက်ပဲဖြစ်ပါတယ်။ ကိုအောင်လခင်ဗျား . . . အခု ကျွန်တော်က ခင်ဗျားဆီကို စာတစ်တန်ပေတစ်တန်လုပ်ရတာဟာ ခင်ဗျားဝင်ရောက်ယှဉ်ပြိုင် နေတဲ့ Mix Martial Arts ပြိုင်ပွဲတွေကိုဝေဖန်ဖို့မဟုတ်ဘူးလို့ အရင်ဆုံးပြောပါရစေ။ ကျွန်တော်ဟာ အားကစားမီဒီယာသမား ဒါမှမဟုတ် အားကစားကလောင်ရှင် လို့ ကိုယ့်အသက်မွေးဝမ်းကြောင်းကို တံဆိပ် ကပ်ထားပေမယ့် တကယ်တော့ အားကစားနည်းတွေထဲမှာ ကျွန်တော်အထူးပြုရေးသားသုံးသပ်နေတဲ့ အားကစားက “ဘောလုံး” ဖြစ်ပြီး ကိုယ်ခံပညာနဲ့ ပတ်သက်တဲ့အားကစားဖက်အပိုင်းမှာ အတော်ကို ဗဟုသုတ နည်းတဲ့သူတစ်ယောက်ဆိုတာဝန်ခံပါတယ်။ ကျွန်တော် ကလောင်ရှင်အနေနဲ့ စတင်တဲ့အချိန်ကတည်းက ခုချိန်အထိ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှမဝေဖန်ခဲ့ပါဘူး။


လူတစ်ယောက်ဟာ အကြောင်းအရာတစ်ခုကို လွတ်လပ်စွာ နှစ်သက်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိတယ်ဆိုတာ လက်ခံလို့ပါ။ ဒါပေမယ့် ကျွန်တော့စာ ကို ဖတ်ပြီး အပြစ်ပြောသူတွေ၊ ဆဲရေးကြသူတွေ၊ ပြီးအောင်မဖတ်ခင်ဘဲ အဓိပ္ပါယ်ကောက်လွဲပြီး ကျိန်ဆဲတဲ့လူတွေ ဆိုတာ ကွန်တိန်နာနဲ့ထည့်ရင်တောင် အလုံး(၂၀)လောက်မှ ဆန့်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ လွတ်လပ်စွာ မကြိုက်ခွင့်ရှိတာကြောင့် ဘယ်တော့မှ တုန့်ပြန်ခဲ့တာမျိုးမရှိဖူးခဲ့ပါဘူး။ ဒါပေမယ့် ဒီဆောင်းပါးမှာတော့ တခြား လူ ကို ကျွန်တော်အပြစ်တင်ပါတော့မယ် . . . တကယ်တော့ အခုအချိန်ဟာ ကျွန်တော်ကျွမ်းကျင်တဲ့ ဘောလုံးအားကစားနည်းရဲ့ အဆင့်အမြင့်ဆုံးပြိုင် ပွဲကြီးကျင်းပနေချိန်ဖြစ်တာနဲ့အညီ အလုပ်အများဆုံးအချိန်လည်းဖြစ်နေတာကြောင့် ခင်ဗျားယှဉ်ပြိုင်မယ့် Spirit Of A Warrior ဆိုတဲ့ Event အကြောင်းကို အပေါ်ယံလောက်ပဲသိထားတာဖြစ်ပါတယ်။ ခင်ဗျားနဲ့ ပတ်သက်တဲ့ အားကစားကိုလည်း မကျွမ်းကျင်၊ မီဒီယာသမားတစ်ယောက်အဖြစ် ဝေဖန်ရေးနဲ့ သုံးသပ်ချက်တွေ ထုတ်မလို့လားဆိုတော့လည်းမဟုတ်ပြန်ရင် ဘာအကြောင်းကြောင့် ကျွန်တော်က ခင်ဗျားဆီစာရေးရမှာ လဲဆိုတဲ့မေးခွန်းကို ခင်ဗျားကိုယ့်ကိုယ်ကိုယ်မေးနေမယ်ထင်တယ်။


ကျွန်တော်က ဇာတ်ကြောင်းစုံကို သိစေချင်လို့ နိဒါန်းပျိုးနေတာပါ။ အနှစ်ချုပ်အနေနဲ့ ပြောရရင် ဝေါဟာရတစ်ခုတည်းနဲ့ ပြည့်စုံပါတယ်။ ခင်ဗျား ကိုအပြစ်တင်ချင်လို့ပါပဲ . . . မြန်မာ့စပါးအုံးလို့ခေါ်တဲ့ ကိုအောင်လရေ . . . Spirit Of A Warrior ပြိုင်ပွဲအကြို သတင်းစာရှင်းပွဲကို ကျွန်တော်မရောက်ခဲ့ပါဘူး။ ဒါပေမယ့် အဲဒီတုန်းက ပြောခဲ့တဲ့ ခင်ဗျားရဲ့အဖြေကိုမကျေနပ်လို့ပါ။ “ဒီတစ်ကြိမ်တော့ ကုလားကားကြည့်ရသလိုမျိုး ထိုးသတ်မှာပါ အားလုံးကြည့်ပြီးတော့ ပျော်ရွှင်နိုင်အောင် အကြာကြီး ထိုးသတ်ပေး သွားမှာပါ” ဆိုတဲ့စကားကို ခင်ဗျားပြောသွားခဲ့တယ်။ အဲဒီစကားဘယ်ကနေလာသလဲ ကျွန်တော်သိပါတယ်။ ဘယ်လို အဓိပ္ပါယ်သက်ရောက်လဲဆိုတာလဲသိပါတယ်။ ဒါပေမယ့် ပရော်ဖက်ရှင်နယ်ပြိုင်ပွဲတစ်ပွဲကို စိတ်ခံစားချက် ဦးစားပေးဖြတ်သန်းဖို့ ဆုံးဖြတ်ထားတဲ့ အတွက် ခင်ဗျားဟာ မိုက်မဲလွန်းတယ်လို့ ကျွန်တော်အပြစ်တင် ချင်မိတယ်။ ဒီစကားရဲ့ အစက ခင်ဗျား အလက်ဇန်းဒါးမာချာဒို၊ အလိန်းဂါလာနီ တို့ကို ပထမအချီမှာ နိုင်ပြီးတဲ့ နောက် ပွဲချိန်တိုလွန်းတယ်ဆိုပြီး အော်ဟစ်နေသူတွေ၊ လုပ်ပွဲကြီးလို့ စွပ်စွဲနေသူတွေ၊ ချည်ပြီးတုပ်ပြီးရိုက်တာပါ လို့ ရိသဲ့သဲ့အပြောတွေကို ခင်ဗျားပြန်မြင်မှာ ပြန်ကြားမှာ သေချာပါတယ်။

ဒါကြောင့်ဒီပွဲကိုတော့ ပရိသတ်ကျေနပ်အောင် အချိန်ဆွဲပြီးမှ အနိုင်ထိုးမယ်ဆိုတဲ့သဘောပေါ့။ ကိုအောင်လရေ . . . ခင်ဗျားက ပရိုလို့ခေါ်တဲ့ ဆုကြေးစား အားကစားသမားတစ်ယောက်ပါ။ ပရိုရဲ့ အသက်ရှင်နေထိုင်မှု၊ ပရိုဆန်တဲ့လေ့ကျင့်မှု၊ ပရိုတွေအတွက် သတ်မှတ်ထားတဲ့ ကျင့်ဝတ်တွေ ဒါတွေရဲ့ စံချိန်စံညွှန်းနဲ့အညီ နေနိုင်တဲ့ ပရိုကောင်းတစ်ယောက်ပါ။ ပြိုင်ပွဲကလည်း Pro အားကစားပီပီ မညှာတမ်း၊ နောက်မဆုတ်တမ်း အစွမ်းကုန်ကြဲရ မယ့်ပွဲပါ။ ကိုယ်ခံပညာပြိုင်ပွဲဖြစ်လို့ ရုပ်ပိုင်းထိခိုက်မှု အသေးဆုံးကနေ အကြီးဆုံး ရဖို့အခွင့်အရေးရှိသလို အခန့်မသင့်ရင် ကိုယ်အင်္ဂါအစိတ်အပိုင်း နဲ့ အသက်ကိုပါ ရန်ရှာနိုင်တယ်ဆိုတာ ကျွန်တော်တို့လိုလူပြိန်း တွေထက် ခင်ဗျားအဆပေါင်းများစွာနားလည်ပါတယ်။ ပရိသတ်က ဒီလိုဖြစ်စေချင်လို့ သူတို့ အလိုလိုက်ပြီး အချိန်ဆွဲပြီးထိုးမယ်၊ ပွဲကြည့်ရတာတန်အောင် အနစ်နာခံမယ်ဆိုတဲ့ စိတ်ကူးကို ဘာဖြစ်လို့ အကောင်အထည် ဖော်ချင်ရတာလဲ။ ကျွန်တော်တို့နိုင်ငံဟာ အားကစားအဆင့်အတန်း မမြင့်မားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ခေတ်နောက်ကျန်ခဲ့မှု အသိပညာ အတတ်ပညာ မပြည့်စုံမှုတွေ အများကြီးရှိနေတုန်းဆိုတာ ခင်ဗျားသိပါတယ်။

ဒီလိုလူတွေထဲမှာ Pro ဒါမှမဟုတ် ဆုကြေးစား ဆိုတဲ့ အဆင့်အတန်းရဲ့ တာဝန်တွေ၊ ကျင့်ဝတ်တွေ၊ သိက္ခာတရားနဲ့ ပညာရပ်အပေါ် ခံစားသိရှိမှုတွေ ကို ရထားတဲ့လူဆိုတာ အရမ်းနည်းပါးတဲ့ ပမာဏပဲရှိပါတယ်။ သူတို့ အားကစားပြိုင်ပွဲရဲ့ အခြေအနေကိုမသိသလို သိဖို့လည်းမကြိုးစားတတ်ပါဘူး။ ဒီပြိုင်ပွဲရဲ့ စည်းမျဉ်းကို မသိဘဲ ပိုထိုးနိုင်တဲ့လူအနိုင် ဆိုတဲ့ ကိုယ်ပိုင်သတ်မှတ်ချက်တွေနဲ့ ကိုယ့်ဟာကိုယ် ဒိုင်ခန့်ထားတဲ့လူတွေလည်း အများကြီးပါ။ ခင်ဗျား နှစ်နဲ့ချီလေ့ကျင့်ပြီးမှ အခုလို ကျွမ်းကျင်မှု၊ အင်အားနဲ့ ကြံ့ခိုင်မှုတွေ ရလာတာဆိုတာကို နားမလည်ဘဲ တီဗွီရှေ့မှာ ၃ နာရီလောက်ထိုင်စောင့် ပြီးတော့ (၃)မိနစ်လောက်နဲ့ပွဲသိမ်းသွားတော့ ဒါဟာလုပ် ပွဲကြီးပါကွာ ဆိုပြီး အားမနာစတမ်း ဆဲဆိုနေတဲ့လူတွေနေတဲ့ တိုင်းပြည်ပါ။ ပရိုတစ်ယောက်အတွက်အရေးအကြီးဆုံးက Victory ဆိုတဲ့ အောင်ပွဲလို့ ကျွန်တော် ဖတ်ဖူးပါတယ်။ ပရိသတ် ဒါမှမဟုတ် Fans လို့တော့ တစ်ခါမှ မကြားဖူးပါဘူး။ နားမလည်မှုတွေကို နားလည်ချင်ယောင် ဆောင်ပြီး ဆရာကြီးလေသံနဲ့ ဝေဖန်မှုတွေကြောင့်ခင်ဗျား မိုက်ရူးရဲစိတ်နဲ့ ပြိုင်ဖက်ကိုရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့တာ ဆိုရင် ခင်ဗျားလောက်မိုက်မဲတဲ့ ပရိုအားကစားသမားရှိပါဦးမလားလေ။ မေ့ထားလိုက်ပါ အမြန်ဆုံးပွဲသိမ်းနိုင်ရင် အမြန်ဆုံးခင်ဗျား လုံခြုံမှုရပါလိမ့်မယ်။ အဲဒီအချိန်မှာ ခင်ဗျားထိုးခဲ့တာ လုပ်ပွဲတို့၊ မတန်ဘူးတို့ ပြောနေဆဲနေတဲ့ လူတွေလည်း ဘာမှန်းရေရေရာရာမသိခင် တခြားလူတွေအောင်ပွဲခံချိန်မှာ သူတို့လိုက်ယောင်ကြဦးမှာပါ။ သေချာပါတယ် ကိုအောင်လရေ ဒါကျွန်တော်တို့နိုင်ငံက လေထိုးလေလျော် ဆရာကြီးတွေရဲ့ ဖော်မြူလာပဲလေ . . .

မောင်ဖိုးကွန့်

29-6-2018

Fox Sports Asia

No comments:

Post a Comment