နှစ်ဘာသာဂုဏ်ထူးရှင် တစ်ဦးထွက်ပေါ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာန ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ အ.ထ.က (၂) ကြည့်မြင်တိုင်စာစစ်ဌာနတွင် ခြောက်ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ လေးဦး အောင်မြင်ခဲ့သည်။
အောင်မြင်သည့်လေးဦးတွင် သုံးဘာသာဂုဏ်ထူးရှင်သုံးဦးနှင့် နှစ်ဘာသာဂုဏ်ထူး ရှင်တစ်ဦး ထွက်ပေါ်ခဲ့သည်။ ထိုဂုဏ်ထူးရှင် လေးဦးနှင့် မြန်မာ့အလင်းသတင်းအဖွဲ့မှ တွေ့ဆုံခဲ့ရာတွင်-
ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ဘာသာရပ်နဲ့ အောင်မြင်ခဲ့သူ မောင်ရဲထက်နိုင်က ''မိဘတွေက ပုသိမ်မြို့ကပါ၊ ဒီကျောင်းကိုရောက်တာ ၂ဝ၁၄ ခုနှစ်ထဲက၊ ဒီကျောင်း ရောက်တော့အလယ်တန်းကို အ.လ.က (၄) ကြည့်မြင်တိုင်မှာထားပေးပြီး အထက်တန်း ကို အ.ထ.က (၅) ကြည့်မြင်တိုင်မှာ ထားပေးပါတယ်၊ နှစ်ချင်းပေါက်အောင်မြင်ခဲ့တာပါ၊ ဂုဏ်ထူးတွေကတော့ ပထဝီ ၊ သမိုင်းနဲ့ဘောဂဗေဒ ဘာသာတွေပါ၊ မနက်ခြောက်နာရီမှာ ကျောင်းအုပ်ဆရာကြီးလည်း ပါပါတယ်၊ သွားကြည့်တယ်၊ ကိုယ်ကတော့မမြင်ရဘူး ဖတ်ကြတဲ့သူက ခုံနံပါတ် အမည်နဲ့ ရတဲ့ဘာသာတွေ ကြားရတော့ ရင်ထဲမှာ ဘယ်လိုဖြစ်လာမှန်းမသိဘူး၊ ပျော်လိုက်တာ ဘယ်လိုပြောရမှန်းတောင်မသိဘူး၊ ရည်ရွယ်ချက်ကတော့ တက္ကသိုလ်ဆက်တက်မယ်၊ အင်္ဂလိပ်ဘာသာကို အထူးပဲလေ့လာ ချင်တယ်၊ ဒါမှ နိုင်ငံတကာနဲ့ ဆက်ဆံနိုင်ပြီး သူတို့ဆီက ကိုယ့်လို မျက်မမြင်တွေရဲ့ဘဝ ရုန်းကန်မှု၊ နေထိုင်မှုတွေသိလာမယ်၊ ဒီလိုဖြစ်အောင် ကြိုးစားချင်တယ်''ဟု ရင်တွင်း စကား ဖွင့်ဟခဲ့သည်။
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့မှ ကြည့်မြင်တိုင်မျက်မမြင်ကျောင်းတွင် လာရောက်တက်နေသည့် မဝေဇာခိုင်က ''ဒီကျောင်းရောက်တာ သုံးနှစ်ရှိပါပြီ၊ အဋ္ဌမ တန်းကိုတော့ ကြည့်မြင်တိုင် အ.လ.က (၄)မှာ သင်ယူပြီး ကိုးတန်း၊ ဆယ်တန်းကိုတော့ အ.ထ.က(၅) ကြည့်မြင်တိုင်မှာ တက်ခဲ့ပါတယ်၊ နှစ်ချင်းပေါက်ပါပဲ၊ ဂုဏ်ထူးတွေက တော့ ပထဝီ၊ သမိုင်းနဲ့ဘောဂဗေဒပါ၊ ရည်ရွယ်ချက်အနေနဲ့ကတော့ ထွက်လာတဲ့ အမှတ်ပေါ်မှာပဲ ဆုံးဖြတ်သွားရမှာပါ''ဟု ရိုးရှင်းစွာပြောခဲ့သည်။
မှန်းထားသော ဂုဏ်ထူးများထက် ပိုမိုဂုဏ်ထူးပါလာသူ မောင်တင်လင်းအောင်က ''ကျွန်တော်က သူတို့ပျော်တာထက်ပိုပျော်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပထဝီမှာ နည်းနည်းစိတ်ထင့်နေခဲ့တယ်၊ မပါနိုင်ဘူးထင်ခဲ့တာ၊ အခုထွက်လာတော့ သမိုင်း၊ ဘောဂ အပြင် ပထဝီပါ ပါလာတော့ ပိုပျော်ပါတယ်၊ အခု ဖြေပေးတဲ့သူတွေက တော်ပါတယ်၊ သူတို့ကို ဒီလိုဖြေပေးနိုင်အောင် ပညာရေးဌာနက လေ့ကျင့်ပေးပြီးမှ လွှတ်တာလို့ သိရပါတယ်''ဟု ဝမ်းသာစကားကို တစ်ဝကြီး ပြောသွားခဲ့သည်။
ပထဝီ၊ သမိုင်း နှစ်ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့သူ မောင်ညီညီအောင်က ''ကျွန်တော်က ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ်ကပါ၊ မနှစ်ကမှ ဒီကျောင်းကို ရောက်ခဲ့တာပါ၊ နှစ်ချင်းပေါက်ပါပဲ၊ ဒီကျောင်းကပဲ တက္ကသိုလ်ဆက် တက်မှာပါ၊ ကိုယ့်လိုဘဝတူတွေအတွက် ကျောင်းဆရာပြန်လုပ်ချင်ပါတယ်''ဟု ဖြေကြား ခဲ့သည်။
ကျောင်းအုပ်ဆရာမကြီးကို ဝင်ရောက်တွေ့ဆုံခဲ့ရာတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုထွန်းက ''ကလေးခြောက်ယောက်စလုံး တော်ကြပါတယ်၊ နှစ်ယောက်အတွက် ကတော့ ကံကိုပဲ ယိုးမယ်ဖွဲ့ရမှာပေါ့၊ စိတ်တော့မကောင်းပါဘူး၊ သူတို့လေးတွေ ဒီလို ထွန်းထွန်းပေါက်ပေါက်ဖြစ်ဖို့ အခုလိုအောင်မြင်အောင် သင်ကြားပေးတဲ့ ဆရာ ဆရာမ တွေ၊ စာဖြေရာမှာ အကူအညီပေးတဲ့ ပညာရေးဌာနအပြင် ရေးဖြေပေးတဲ့ကလေးတွေပါ အထူးပဲကျေးဇူးတင်ပါတယ်''ဟု ကျေးဇူးတင်စကားပြောခဲ့သည်။
ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရာ တွင် နဝမတန်းကလေးများအား ပညာရေးဌာနမှ အထူးလေ့ကျင့်မှုများ ပြုလုပ်ပေး ခဲ့ပြီး အကူအညီပေးခဲ့ခြင်းဖြစ်သည့်အပြင် စာဖြေသူတစ်ဦးအတွက် တစ်ဘာသာလျှင် တစ်ဦးနှုန်းဖြင့် ခြောက်ဦးစီ စုစုပေါင်း ၃၆ ယောက်က အကူအညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့အလင်း၊တင်ဝင်းလေး(ကြည့်မြင်တိုင်)
No comments:
Post a Comment