Latest News

Sunday, June 3, 2018

မိုင်းထိသေဆုံးပြီဟုထင်ကာ တောထဲထားခဲ့ရာက ရက်လည်ဆွမ်းသွပ်ပြီးမှ အသက်ရှင်လျက် ပြန်လည်ရောက်ရှိလာ

မိုင်းထိသေဆုံးပြီဟုထင်ကာ တောထဲထားခဲ့ရာက ရက်လည်ဆွမ်းသွပ်ပြီးမှ အသက်ရှင်လျက် ပြန်လည်ရောက်ရှိလာ

မိုးကောင်း ဇွန် ၃

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမော်ကျေးရွာတွင် မေ၂၆ရက်က ညီအစ်ကိုနှစ်ဦး ငါးရှာရန်တောတွင်းသို့သွားရာမှ နင်းမိုင်းနင်းမိ၍ ညီဖြစ်သူအားထားခဲ့ရကာ သေဆုံးပြီဟုထင်မှတ်ထားရာက ရက်လည်ဆွမ်းသွပ်သည့်နေ့တွင်  ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ်၊ဆားမှော်ကျေးရွာနေ ညီအစ်ကိုနှစ်ဦးဖြစ်သူ စိုင်းအောင်(ခ)ဟိန်းထက်အောင်(၂၀)နှစ်နှင့် နိုင်နိုင်(ခ)နိုင်လင်း(၁၆)နှစ်တို့နှစ်ဦးသည် ဆားမှော်ကျေးရွာ၏အရှေ့တောင်ဘက် ဒေသအခေါ် (ဘန်ဂျက်ချောင်း)သို့ မေ၂၆ရက်က ငါးရှာဖွေရန်သွားရောက်စဉ် နင်းမိုင်းနင်းမိပေါက်ကွဲကာ နှစ်ဦးစလုံးဒဏ်ရာကိုယ်စီရရှိခဲ့ပြီး ညီဖြစ်သူ နိုင်နိုင်(ခ)နိုင်လင်းမှာ မိုင်းထိဒဏ်ရာများကြောင့် သတိမရှိတော့သဖြင့် အစ်ကိုဖြစ်သူမှကုန်းပိုးသယ်ဆောင်ခဲ့သော်လည်း သေနတ်ပစ်ခတ်သံများကြားရ၍ ညီဖြစ်သူ၏ဒဏ်ရာပြင်းထန်သည်ကတစ်ကြောင်း ကိုယ်တိုင်လည်းမိုင်းစထိမှန်ဒဏ်ရာများ ရရှိထားသည်ကတစ်ကြောင်းကြောင့် ဆက်၍မသယ်ဆောင်နိုင်တော့ပဲ နောက်မှပြန်လာခေါ်မည်ဟုဆုံးဖြတ်ကာ ပြေးခဲ့ရာမှ မေ၂၈ရက်(သုံးရက်ကြာ)မှ လယ်တဲတစ်ခုသို့ရောက်ရှိခဲ့ပြီး နယ်မြေခံတပ်မှ လာရောက်ခေါ်ဆောင်ခဲ့ကာ မြစ်ကြီးနားတပ်မတော်ဆေးရုံသို့ ပိုဆောင် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

တောထဲတွင်ကျန်ရစ်ခဲ့သည် ညီဖြစ်သူမှာ ရရှိထားသည့်ဒဏ်ရာများကြောင့် သေဆုံးရန်ရာခိုင်နှုန်းများခြင်း၊လမ်းမမှတ်မိတော့ခြင်း၊သွားရောက်ရှာဖွေမည့်သူများလည်း အန္တရာယ်ရှိနိုင်ခြင်း၊လက်နက်ကိုင်အဖွဲ့အစည်းများမှလည်းတွေ့ရှိသွားနိုင်ခြင်းတို့ကြောင့် မောင်နိုင်လင်းအား သေပြီဟုယူဆကာ (၇)ရက်မြောက်နေ့ ဇွန်(၁)ရက်က ဆားမှော်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဆွမ်းသွပ်အမျှဝေပေးခဲ့သည်။

ယင်းနေ့ နံနက်၁၀နာရီခွဲခန့်တွင် မောင်နိုင်လင်းမှာ မ သေပဲလယ်တဲတစ်ခုတွင် ဒဏ်ရာများဖြင့် ရောက်ရှိနေ ကြောင်း သိရရှိရသဖြင့် နယ်မြေခံတပ်နှင့် မိဘများကသွားရောက်ခေါ်ဆောင်ခဲ့ပြီး မြစ်ကြီးနားတပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်ဆေးကုထားရာ ၎င်းရရှိထားသည့်ဒဏ်ရာများမှာ ဝဲဘက်လက်တံထောင်ဆစ်အောက်အရိုးကျိုးဒဏ်ရာ၊ဝဲဘက်ပေါင်ဖောက်ဝင်ဒဏ်ရာ၊ယာဘက်နားထင် ရှပ်ထိဒဏ်ရာ၊ယာဘက်ခြေဖမိုး ဖောက်ဝင်ဒဏ်ရာနှင့် ခန္ဓာကိုယ်အနှံ့အပြား မိုင်းစများထိမှန်ဒဏ်ရာ ရရှိခဲ့သည်။

မောင်နိုင်လင်းမှာ တောထဲတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ လမ်းစပျောက်ခဲ့ရခြင်း၊စားသောက်စရာမရှိ ၍ ပါလာသည့် သရက်သီးစိမ်းနှင့် ငါးပိဖုတ်ကိုသာစား နေခဲ့ရခြင်း၊နေ့ရောညပါ မိုးရွာထဲတွင်သာ အိပ်စက်ခဲ့ရ သော်လည်း အသက်ရှင်ရေးကိုသာအဓိကထားပြီး(၆)ရက်တိတိ တောထဲတွင်ဒုက္ခများနှင့် ကြုံတွေ့ခဲ့ရကြောင်းနှင့် မေ၁ရက်နေ့က မြစ်ကြီးနားတပ်မတော်စစ်ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။

မြန်မာ့အလင်း၊ဝင်းနိုင် ကချင်မြေ

No comments:

Post a Comment