တက္ကသိုလ်တစ်ခု၏ ကျောင်းသားရေးရာ ဌာနအတွင်းသို့ သူငယ်ချင်း ညီညီစိုးနှင့်အတူ ကျွန်တော်ရောက်နေ၏။ အဝေးသင်သင်တန်း အတွက် စာစဉ်များ လာရောက်ပေးပို့ကြခြင်း ဖြစ်သလို ခရီးလွန်နေသည့် သူငယ်ချင်း အောင်ဆန်းဝင်းအတွက် ကိုယ်စားကျောင်းလာအပ်ပေးခြင်းလည်းဖြစ်၏။ ပထမဦးစွာ စာစဉ်အဖြေလွှာများကို သက်ဆိုင်ရာဌာနများ တွင် ကျွန်တော်တို့ အပ်နှံလိုက်ကြသည်။ ထို့နောက်တွင်မှ ကျောင်းအပ်ရန်အတွက် ကျောင်းသားရေးရာဌာနဆီသို့ ဦးတည်လိုက် သည်။ ဌာနအတွင်း၌ လူများနေ၍ ညီညီစိုး သည် ဌာနအပြင်တွင်သာ စောင့်ကျန်နေခဲ့ပြီး ကျွန်တော်ကမူ ဌာနအတွင်းသို့ ဝင်သွားလိုက် သည်။
''ဒုတိယနှစ် အင်္ဂလိပ်စာ ကျောင်းအပ်ချင်လို့ ဖောင်တစ်စောင်လောက်ပေးပါ''
''ကိုယ်တိုင်လား၊ ကိုယ်စားလား''
''ကိုယ်စားအပ်ပေးတာပါ''
ကျွန်တော်၏ အဖြေစကားအဆုံးတွင် စာရေးမ အစ်မကြီးသည် ''ကျောင်းသား ဟောင်းများ ပညာဆက်လက်သင်ယူခွင့်'' နှင့် ''စာမေးပွဲဖြေဆိုခွင့်'' ဟု ခေါင်းစဉ်တပ်ထား သော စာရွက်နှစ်ချပ်ကို ပူးတွဲ၍ပေးလေသည်။ထိုစာရွက်များကိုယူ၍ ဌာနအပြင်သို့ ပြန်လှည့် ထွက်မည်ပြုစဉ်တွင် ''ခဏနေဦး ကိုယ်စား အပ်ပေးတယ်ဆိုတော့ ခံဝန်ကတိဖောင်ကိုပါ ဖြည့်ရမယ်၊ ဖောင်ကကုန်နေပြီ၊ ရော့ ဒီစာရွက်ကိုယူသွားပြီး အပြင်ဘက်နံရံမှာ ဖောင်ကိုကပ်ထားပေးတယ်၊ ကူးရေးလိုက်''ဟု ဆိုကာ နောက်ဆက်တွဲအနေဖြင့် အေဖိုး (ဗ၄) စာရွက် အလွတ်တစ်ရွက်ကိုပါ ထပ်ပေး လိုက်သည်။ ကျွန်တော်လည်း စာရွက်ကိုယူ၍ ခံဝန်ကတိပုံစံကပ်ထားပေးသည့် နေရာဆီသို့ လှမ်းလာလိုက်သည်။ သို့သော် စာရွက်ကိုလှမ်း ကြည့်၍ပင်မမြင်။ နံရံပေါ်ရှိစာရွက်မှတစ်ဆင့် ကူးယူနေသူများက အင်မတန်များနေ၏။ ထို့ကြောင့် ခံဝန်ကတိဖောင်ကို နောက်မှ ပြန်လာ၍ကူးဖြည့်မည်။ ပထမဦးစွာ အခြား ဖောင်များတွင် ဖြည့်ရမည့်အချက်များကို အရင်ဖြည့်လိုက်မည်ဟု ဆုံးဖြတ်၍ဌာနအပြင် သို့ ထွက်လာလိုက်သည်။
ကံကောင်းသည်ဟု ဆိုရပေမည်။ စာစဉ် အပ်ရန်လာသော ကျွန်တော်၏သူငယ်ချင်း ဖြစ်သူ နေရဲစိုးကိုလည်း ညီညီစိုးနှင့်အတူ အသင့်တွေ့လိုက်ရသည်။ ထို့ကြောင့် သူတို့ကို အကူအညီတောင်းသည့်အခါ နေရဲစိုးသည် နံရံတွင် ကပ်ထားသည့် ခံဝန်ကတိဖောင်ကို ဓာတ်ပုံရိုက်ယူလာပြီး အေဖိုးစာရွက်တွင် ပြန်လည်ကူးရေးပေး၏။ ညီညီစိုးနှင့် ကျွန်တော်ကမူ ကျန်ရှိနေသော ဖောင်နှစ် စောင်ကို တစ်ယောက်တစ်စောင်စီဖြည့်လိုက် ကြသည်။ ထို့ကြောင့်ပင် မိနစ်အနည်းငယ် အတွင်း၌ လိုအပ်သည်များအားလုံး လွယ်ကူမြန်ဆန်စွာ ပြီးဆုံးသွားလေသည်။ အောင်ဆန်းဝင်းကို ပြန်ပြရန်ဟူသော အတွေး ဖြင့် ဖြည့်ထားဖောင်အားလုံးကို ကျွန်တော်က ဖုန်းဖြင့် ဓာတ်ပုံရိုက်ယူထားလိုက်၏။ ထို့ နောက်တွင် ကျောင်းသားရေးရာဌာနအတွင်း သို့ ပြန်ဝင်ကာ ဖောင်ကိုပုံရပြန်သည်။ ကျွန်တော့် ထက်စော၍ ဖောင်ပုံထားသူများက အပုံကြီး ရှိနေသေးသဖြင့် ကိုယ့်အလှည့်ရောက်အောင် သည်းခံစောင့်ရ၏။ ရာသီဥတုကလည်းပူ လူတွေကလည်း အများကြီးဖြစ်သည်မို့ အင်မတန်နေရခက်ပေသည်။
''မောင်အောင်ဆန်းဝင်း''
စာရေးမ၏ခေါ်သံကြောင့် ကျွန်တော် လက်ညှိုးထောင်ပြလိုက်သည်။
''ကိုယ်စားအပ်ပေးတာနော်''
စာရေးမသည် ဖောင်ကိုကြည့်နေရင်းမှ ပြန်မေး၏။
''ဟုတ်ကဲ့၊ သူ ခရီးလွန်နေလို့ပါ''
ကျွန်တော်သည် ချက်ချင်းပင်အကြောင်းပြ ချက် ပြန်ပေးလိုက်သည်။
''ဒီဓာတ်ပုံက မရလောက်ဘူး၊ ဝါးလွန်းနေ တယ်၊ ဖုန်းကနေတစ်ဆင့် ပြန်ထုတ်ထားတာ ထင်တယ်၊ အဆင်မပြေဘူး''
ပြောပြောဆိုဆိုနှင့်ပင် စာရေးမသည် ကျွန်တော့်ဆီသို့ ဖောင်များကို ပြန်ထိုးပေးလေ သည်။
''ကျောင်းက ဘယ်နေ့အထိအပ်လို့ရသေး လဲဗျ''
''မေလ လလယ်လောက်ထိရတယ်။ ကဲ-မောင်ဗညားဦး''
စာရေးမသည် သူ၏အလုပ်ကို ဆက်လေပြီ မို့ ကျွန်တော်လည်း ပြန်ထွက်လာလိုက်သည်။
တက္ကသိုလ်ဝင်းအတွင်းသို့ အဖေနှင့်အတူ ကျွန်တော်ထပ်လာရပြန်သည်။ မနေ့က အဆုံး မသတ်သေးသော သူငယ်ချင်းအတွက် ကိုယ် စားကျောင်းအပ်ပေးခြင်းအမှုကို လက်စသတ် ရန်ဖြစ်သည်။ ကျွန်တော့်လက်ထဲတွင် အချက် အလက်စုံလင်စွာဖြည့်ပြီးသော ဖောင်များနှင့် အကြည်ဆုံးဖြစ်အောင် လုပ်ထားသော သူငယ်ချင်း၏ ကိုယ်တစ်ပိုင်းဓာတ်ပုံတို့က အသင့်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် အရိပ်ရ အပင်တစ်ပင်အောက်ရှိ ခုံတန်းတစ်ခုပေါ် တွင် အဖေ့ကို ထိုင်စေခဲ့ပြီး ကျောင်းသားရေးရာ ဌာနဆီသို့ ကျွန်တော်လှမ်းလာခဲ့သည်။ ထုံးစံ အတိုင်းပင် ဌာနအတွင်း၌ ကျောင်းအပ်လာသူ ကျောင်းသား ကျောင်းသူများနှင့် ပြည့်နေလေ ၏။ အချို့က ဖောင်ထုတ်နေဆဲ။ အချို့ကမူ ဖောင်ဖြည့်နေဆဲ။ အချို့ကမူ ဖြည့်ပြီးသား ဖောင်များကို စာရေးမ စားပွဲထက် ထပ်ထား ကြပြီး မိမိအလှည့်သို့ရောက်အလာကို တန်းစီ စောင့်နေကြ၏။ ထို့ကြောင့် ကျွန်တော်လည်း အသင့်ပါသည့် ဖြည့်ပြီးသားဖောင်များကို စာရေးမစားပွဲ၌ ထပ်၍ အလှည့်ကျရန် တန်းစီ စောင့်ရလေသည်။ လေးဆယ့်ငါးမိနစ်ခန့် အကြာတွင် ကျွန်တော်၏အလှည့်သို့ ရောက်လာလေသည်။ တော်ပါသေး၏။ အားလုံး အဆင်ပြေသွားသည်။
''ကိုယ်စားအပ်ပေးသူဖြည့်ရမယ့် ခံဝန်ကတိ ဖောင်ကို ဘယ်မှာယူရမလဲရှင်''
''ဖောင်ကတော့ကုန်ပြီ၊ ဒီမှာ အေဖိုး စာရွက်အလွတ်တစ်ချပ်ယူပြီး အပြင်ဘက်နံရံ မှာကပ်ထားတဲ့ ခံဝန်ကတိနမူနာကို ကူးပြီး ဖြည့်ပါ''
စာရေးမဆီမှ ဖောင်ကိုပြန်ယူပြီး ငွေသွင်း ဌာနသို့ ကျွန်တော်လှမ်းထွက်မည်ပြုစဉ် အခြားစာရေးမတစ်ဦးကို အမျိုးသမီးကြီး တစ်ဦးက လှမ်းမေးလိုက်ခြင်းဖြစ်မည်။ အမျိုး သမီးကြီးသည် အသက်ငါးဆယ်ခန့်ရှိပေလိမ့် မည်။ စာရေးမ ကမ်းပေးသော အေဖိုးစာရွက် ကိုလှမ်းယူပြီး ခံဝန်ကတိပုံစံကပ်ထားရာဆီသို့ လှမ်းထွက်သွားလေသည်။ အဘယ်ကြောင့် မှန်းမသိ။ လှမ်းထွက်သွားသော အမျိုးသမီး ကြီး၏ ခြေလှမ်းများသည် နှေးကွေးလေးလံ လွန်းနေသည်ဟု ကျွန်တော်ထင်နေမိသည်။ကျွန်တော်လည်း ငွေသွင်းဌာနသို့ ဆက်ထွက် လာလိုက်သည်။ ပြီးလျှင် ပုံနှိပ်စာအုပ်နှင့် စာစဉ်များ သွားထုတ်ရပေဦးမည်။
အခြေခံပညာစာသင်ကျောင်းများ စတင် ဖွင့်လှစ်ချိန်မို့ ဇွန်မိုးသည် အားပါးတရပင် သွန်းဖြိုးနေလေ၏။
''ဆရာခင်ဗျ အခန်းဝမှာလူ''
စာသင်နေခိုက်တွင်ပင် ကျောင်းသားတစ်ဦး က လက်ညှိုးထောင်၍ ဖြတ်ပြောလာသော ကြောင့် အခန်းဝကို ကျွန်တော်လှမ်းကြည့် လိုက်သည်။ တစ်ကိုယ်လုံး မိုးရွှဲနေသော အမျိုးသားကြီးတစ်ယောက်။ အသက်မှာ လေးဆယ့်ငါးနှစ်ခန့် ရှိပေလိမ့်မည်။ အသား ကညို၏။ အရပ်က မနိမ့်မမြင့်။ ပိန်ပိန်ပါးပါး ရှိ၏။ လက်ထဲတွင်ကား အပြင်ကာ ပလတ် စတစ်အခွံပင်မချွတ်ရသေးသော ကလေး ဆောင်းသည့်ထီး အသစ်တစ်လက်ကို ကိုင် ထားလေသည်။ ထမင်းစားဆင်းချိန်နီးနေပြီမို့ ကျောင်းဆင်းချိန်အမီ ကလေးကို ထီးလာ ပို့ခြင်းဖြစ်ပေလိမ့်မည်။
''အဲဒါ ဘယ်သူ့အဖေလဲ''
အခန်းထဲရှိကလေးများကို ကျွန်တော် လှမ်းမေးလိုက်သော်လည်း အားလုံးက တညီ တညွတ်တည်း ခေါင်းခါပြလေသည်။ ထို့ကြောင့် အခန်းဝသို့ ကျွန်တော်ထွက်လာလိုက်သည်။
''ဦးလေး ထီးလာပို့တာလား၊ ဘယ်သူ့ကို လာပို့တာလဲ''
''သားကို လာပို့တာပါ ဆရာ''
''သားနာမည်က ဘယ်လိုခေါ်လဲဗျ''
''မောင်ကောင်းစံပါ ဆရာ''
''ကျွန်တော့်အခန်းမှာတော့ မောင်ကောင်းစံ မရှိဘူးဗျ၊ ဦးလေးသားက ဘယ်နှတန်းလဲ''
''လေးတန်းပါ ဆရာ''
''လေးတန်းဆိုရင် ဒီအခန်းမဟုတ်ဘူး၊ ကျွန်တော့်အတန်းက ဒုတိယတန်း၊ ဒီကနေ ဆက်သွားလိုက်။ ကျောင်းအုပ်ကြီးရုံးခန်းလို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ့လိမ့်မယ်။ ရုံးခန်း နံဘေးကအခန်းက စတုတ္ထတန်းအခန်းပဲ''
ညွှန်ပြပြီးသည်နှင့် ကျွန်တော်လည်း အခန်း တွင်းပြန်ဝင်၍ စာဆက်သင်နေလိုက်သည်။ခဏအကြာ၌ အတန်းထဲရှိ ကလေးများသည် စာသင်နေရင်းမှ အခန်းဝသို့ လှည့်ကြည့် လှည့်ကြည့် လုပ်နေသည်ကို ကျွန်တော် သတိထားမိလိုက်သည်။ ဘာကြောင့်လဲဟူ သောအတွေးဖြင့် ကျွန်တော်လှည့်ကြည့်လိုက် စဉ် ခုနကဦးလေးကို ပြန်တွေ့ရ၏။ သူသည် လက်ကို အနောက်သို့ပင့်ထား၍ ကျွန်တော့်ကို ရပ်ကြည့်နေလေသည်။
''ဦးလေး ဘာလုပ်နေတာလဲဗျ၊ ဒီမှာ ကလေးတွေစာသင်နေတာ အနှောင့်အယှက် ဖြစ်တယ်''
သည်တစ်ခါ၌မူ ကျွန်တော်သည် အခန်းဝ သို့ မထွက်တော့ဘဲနှင့် ကလေးများရှေ့မှပင် လှမ်းအော်ပြောလိုက်သည်။ မိုးသံကြားတွင် အသံကုန်အော်၍ စာသင်နေရသည်က တစ်ကြောင်း၊ စာသင်ချိန်တွင် အနှောင့်အယှက် ဖြစ်ရသည်က တစ်ကြောင်းမို့ လှမ်းအော်ပြော လိုက်သော ကျွန်တော်၏အသံတွင် ဒေါသတို့ က အထင်းသားပါသွားလေ၏။ ရုတ်တရက်မို့ ကလေးများအားလုံးသည် ကျွန်တော့်ကို အထိတ်တလန့် ကြည့်ကြကုန်၏။
''ကျွန်တော် ရှာ ရှာမတွေ့လို့ပါ''
ဦးလေးသည်လည်း လန့်သွားဟန်ရှိ၏။ အထစ်ထစ် အငေါ့ငေါ့နှင့် ပြန်ဖြေလေသည်။
''အခန်းတွေရှေ့မှာ အတန်းနာမည်တွေ ကပ်ထားတယ်လေ။ အဲဒါတွေ ဖတ်ပြီး ရှာလေ ဗျာ''
''ဟုတ် ဟုတ်ကဲ့ ဆရာ''
ဦးလေး ပြန်လှည့်ထွက်သွားသည်နှင့် ကျွန်တော်လည်း သင်ခန်းစာကို ပြန်စလိုက် သည်။ ခဏအကြာတွင် ကျောင်းဆင်း ခေါင်းလောင်းထိုးလေတော့သည်။ ထို့ကြောင့် ကျွန်တော်လည်း ထမင်းစားရန်အတွက် ဆရာများနားနေခန်းသို့ ထွက်လာလိုက်သည်။လုပ်ဖော်ကိုင်ဖက်များ စုံနေသည်မို့ ထမင်း စားရင်းနှင့်ပင် မနက်က ဦးလေးအကြောင်းကို ကျွန်တော် ပြန်ပြောပြဖြစ်သည်။
''ဟာ ဆရာကလည်း မောင်ကောင်းစံအဖေ က စာမှမတတ်တာ၊ အတန်းနာမည်တွေ သူဘယ်ဖတ်တတ်ပါ့မလဲရှင်''
စတုတ္ထတန်းအတန်းပိုင် ဆရာမ ဒေါ်နု သွယ်ချို၏စကားသည် ကျွန်တော့်ကို ဆွံ့အ သွားစေသည်။
''အိမ်သာဘက် ကျွန်မ ခဏထွက်လာလို့ တော်သေးတာပေါ့၊ အပြင်မှာလျှောက်ကြည့် နေတာတွေ့လို့ မေးကြည့်မှ သူ့ကလေးထီးလာ ပို့တယ်ဆိုလို့ ကျွန်မပဲတစ်ခါတည်း ယူပေးထား ခဲ့တယ်''
ဆရာမကဆက်၍ ပြောပြနေသော်ငြား လည်း ကျွန်တော်နားမထောင်ဝံ့တော့ပါ။ထို့ကြောင့် နားနေခန်းအပြင်သို့ ကျွန်တော် ချက်ချင်းထွက်လာလိုက်သည်။ ကျွန်တော့် တစ်ကိုယ်လုံးသည် ကျဉ်စက်နှင့်အတို့ခံရသလို နှယ်ဖြစ်နေ၏။ နားထဲတွင်ကား
''အခန်းတွေရှေ့မှာ အတန်းနာမည်တွေ ကပ်ထားတယ်လေ၊ အဲဒါတွေဖတ်ပြီး ရှာလေ ဗျာ'' ဟူသော ကျွန်တော့်စကားနှင့် ''ဆရာက လည်း မောင်ကောင်းစံအဖေက စာမှမတတ် တာ'' ဟုဆိုသော ဆရာမ၏ စကားတို့ကိုသာ အခါခါ ကြားယောင်လာရင်း ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမသန့်ဖြစ်လာ၏။ ရင်ထဲ၌လည်း မကောင်းလှ။ ကိုယ်တွင် ဝတ်ဆင်ထားသော အဖြူအစိမ်းဝတ်စုံကပင် တစ်ဖက်လူအတွက် ထည့်မစဉ်းစားပေးခဲ့သော ကျွန်တော့်ကို လှောင်ရယ်နေသည်ဟု ထင်နေမိသည်။ မောင်ကောင်းစံအဖေနှင့်တွေ့ပြီး ကျွန်တော့် အပြစ်အတွက် ပြန်တောင်းပန်ချင်၏။
''ဆရာမ အဲဒီဦးလေး အခုရှိနေသေးလား''
''အခုက ထမင်းစားဆင်းချိန်ဆိုတော့ ဘယ်ရှိတော့မလဲ၊ ခဏနေကျောင်းပြန်တက် ရင် သူ့သားကို ကျောင်းပြန်လာပို့လိမ့်မယ် ဆရာ''
''ဟော ဟိုမှာ ဆရာစောင့်နေတဲ့သူကြီး လာပါပြီရှင့်''
ဒေါ်နုသွယ်ချို လက်ညှိုးထိုးပြသည့်နေရာသို့ ကျွန်တော်လှမ်းကြည့်လိုက်စဉ် မောင်ကောင်းစံ ၏အဖေနှင့် မျက်လုံးချင်းဆုံသွားလေသည်။
''ဟာ ခဏနေပါဦး ဦးလေး''
ရုတ်တရက် ကျွန်တော်မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခုသည် ရုတ်ခြည်းဖြစ်ပျက်သွား လေသည်။ ကျွန်တော့်ကို မြင်သည်နှင့် ကောင်းစံ ၏ အဖေသည် တရစပ် လှည့်ပြေးသွားလေ၏။
''ဆရာ့ကို သူကြောက်သွားပုံပဲ၊ မနက်က ဆရာက ဇွတ်ငေါက်လိုက်တော့ သူအကြောက် လွန်သွားတာနေမှာ၊ ဆရာလည်း စိတ်ထဲထား မနေနဲ့၊ သူနဲ့တွေ့ရင် ဆရာ့ကိုယ်စား ကျွန်မ တောင်းပန်ပေးလိုက်ပါ့မယ်''
ဆရာမက စိတ်ထဲမထားပါနှင့်ဟု ဆိုသော် ငြားလည်း ကျွန်တော့်စိတ်ထဲတွင်ကား ''ငါမှား ပြီ''ဟူသော လူမမြင်နိုင်သည့် ဒဏ်ရာကြီးက ထင်သွားလေပြီ။ လူအားလုံးကို ကိုယ့်လို ထင်မှတ်ပြီး တစ်ဖက်လူ၏ အခြေအနေကို ထည့်မတွက်ဘဲနှင့် ထင်ချင်သလိုထင်ကာ ပြောချင်သလိုပြောခဲ့သော ကျွန်တော့်စိတ်ထဲ တွင် လူမမြင်နိုင်သော ဒဏ်ရာကြီးသည် နှစ်ရှည်လများ ခိုအောင်းနေလေသည်။ အချိန်များလွန်ခဲ့သော်လည်း ဇွန်မိုးများ သည်းတိုင်း ကိုယ်တိုင်လုပ်ယူခဲ့ဖူးသော ဒဏ်ရာတစ်ခုက ပြန်လည်နုပျိုလာတတ်သည်။
ကျွန်တော်သည် ငွေသွင်းရန်နေရာတွင် ငွေသွင်းပြီးသည့်နောက်တွင် စာစဉ်နှင့် ပုံနှိပ် ထုတ်ယူရန်နေရာသို့ ထွက်လာခဲ့သည်။ထိုအခါ မကြာသေးမီက တွေ့ခဲ့သော အမျိုး သမီးကြီးကို ပြန်တွေ့လိုက်ရသည်။ သူသည် အေဖိုးစာရွက် အလွတ်တစ်ချပ်နှင့် မင်တံ တစ်ချောင်းကိုကိုင်၍ နံရံတွင်ကပ်ထားသော ကိုယ်စားအပ်ပေးသူဖြည့်ရမည့် ဝန်ခံကတိ ပုံစံကို ကြည့်လိုက် ဟိုဘက်သွားလိုက် သည် ဘက်သွားလိုက်လုပ်နေ၏။ ကျွန်တော်လည်း လုပ်စရာရှိသေးသည်မို့ စာစဉ်နှင့် ပုံနှိပ်စာအုပ် ထုတ်ပေးရာ အခန်းထဲသို့ဝင်ကာ စာစဉ်များ နှင့် ပုံနှိပ်စာအုပ်များကို ထုတ်ယူလိုက်သည်နှင့် အပြင်သို့ထွက်ရန် ခြေလှမ်းပြင်လိုက်သည်။အပြင်၌အဖေစောင့်နေသည်မှာ အတော်ကြာ သွားချေပြီ။ တစ်လှမ်း။ နှစ်လှမ်း။ ကျွန်တော့် ခြေလှမ်းများသည် ရှေ့သို့တိုးရန်ခက်နေ၏။နောက်ဆုတ်ဖို့ရန်အတွက်သာ အားသာနေ လေသည်။ စိတ်၏ ဖြားယောင်းသွေးဆောင်မှု ကြောင့်ဖြစ်ပေမည်။
''အန်တီ ကျွန်တော်ဖြည့်ပေးရမလား''
''အေး ဖြည့်ပေးစမ်းပါသားရယ်၊ မျက်လုံး ကလည်းမကောင်း၊ အသက်ကြီးလာတော့ စာကလည်း သိပ်ပြီး ရေးမရတော့ဘူးကွယ်''
ကျွန်တော့်အမေးကို ပြန်ဖြေလိုက်သော အမျိုးသမီး၏မျက်လုံးတို့သည် ဝင်းလက်နေ ၏။ အသံတို့သည်ကား အားပါလှသည်။
''ဒီစားပွဲကိုလာပါ အန်တီ။ ကျွန်တော့် ဖုန်းထဲမှာ ပုံစံကို ဓာတ်ပုံရိုက်ထားတာရှိတယ်''
မနေ့က သူငယ်ချင်းအတွက် ဖောင်များဖြည့် ပြီးချိန်၌ ဓာတ်ပုံရိုက်ယူခဲ့သဖြင့် တော်ပါသေး သည်။ ထိုသို့မဟုတ်လျှင် လူအုပ်ကြား အချိန် အတော်ကြာအောင် တိုးယူပြီးမှ ဖြည့်ရပါလိမ့် မည်။
''ပြီးပြီ အန်တီ၊ ဒီဖောင်ကို စာရေးမစားပွဲမှာ သွားပုံပါ၊ ပြီးတော့ ငွေသွင်းရမယ်၊ စာစဉ်နဲ့ ပုံနှိပ်လည်း ထုတ်ရမယ်ဗျ၊ အခန်းတွေ ကျွန်တော်လိုက်ပြခဲ့ပါ့မယ်''
''ကျေးဇူးတင်လိုက်တာသားရယ်၊ ငါ့သား ကြီး တတိုင်းရ လိုတိုင်းရပါစေကွယ်''
အန်တီကြီးကို ကျွန်တော်ခေါ်၍ သွားရမည့် အခန်းများကို ပြပေးခဲ့သည်။ ထို့နောက် အဖေ ရှိရာသို့ ကျွန်တော် လှမ်းထွက်လာလိုက်သည်။ခြေလှမ်းများက အဖေရှိရာဆီသို့ လှမ်းနေ သော်လည်း စိတ်အစဉ်ကမူ မိုးသည်းလွန်း သော ကျောင်းဖွင့်စ ဇွန်တစ်ရက်က မထင်မှတ် ဘဲ ရရှိလိုက်သည့် ဒဏ်ရာတစ်ခုဆီသို့ ရောက် လိုက် ''ငါ့သားကြီး တတိုင်းရ လိုတိုင်းရ ပါစေကွယ်'' ဟု ဆုပေးခဲ့သော အမျိုးသမီး ဆီသို့ ရောက်လိုက်ဖြစ်နေလေသည်။ ။
ဆွေး(မြိတ်)
No comments:
Post a Comment