Latest News

Saturday, June 16, 2018

ရင်၌ပွင့်သော မေတ္တာပန်း

ရင်၌ပွင့်သော မေတ္တာပန်း

(၁)
ကျွန်မသည် ရွာနှင့် မခွဲချင် ခွဲချင်နှင့် ခွဲခဲ့ ရသည်။ သမင်လည်ပြန်ကြည့်၍ ရွာနှင့်အတူ အဖေနှင့်အမေ့ကို လွမ်းခဲ့ရသည်။ ခရီးဝေးမို့ မသွားရဘူးဟုဆိုပြီး ဘူးခံကာ တားဆီးခဲ့သည့် အမေသည် ကျွန်မ တကယ်တမ်း သွားရတော့ မည်ဆိုတော့   မျက်ရည်လေးစမ်းစမ်းနှင့် ကျန်းမာရေးဂရုစိုက်ဖို့ချည်း မှာပြန်သည်။ အဖေ ကတော့ ပြတ်သားသည်။

''သမီး လူသူရှိတဲ့ နေရာမှန်ရင် ဘယ်နေရာ ဖြစ်ဖြစ် သမီးသွားနိုင်ရမယ်၊ သမီးလုပ်မယ့် ကျောင်းဆရာမအလုပ်ကို ဖေဖေက လုပ်ပါ ဆိုပြီး မတိုက်တွန်းခဲ့သလို မလုပ်နဲ့လို့လည်း မတားဆီးခဲ့ဘူး၊  သမီး ဝါသနာပါလို့ သမီး လျှောက်ခဲ့တာ  ဒီတော့ဘယ်နေရာကိုပဲ တာဝန် ကျကျ သမီးသွားကိုသွားရမယ်''ဟု  ဆိုကာ တာဝန်သွားထမ်းဆောင်ဖို့ ခွင့်ပြုခဲ့သည်။

''ဟုတ်ကဲ့ သမီးသွားမှာပါ ဖေဖေ''

''အေး… အေး  ဖေဖေတစ်ခုမှာချင်တာက တော့  သမီးဘာပဲလုပ်လုပ် မေတ္တာအရင်းခံ ထားတဲ့ စေတနာထားပြီးလုပ်ဆောင်ပါ၊ တာဝန် ကြောင့် အလုပ်လုပ်ရတယ်ဆိုပေမယ့်  တာဝန် နဲ့ အတူ စေတနာလေးပါထည့်ပြီး အလုပ်လုပ်ဖို့ ဖေဖေမှာချင်တယ်''ဟုဆိုကာ ကျေကျေပွန်ပွန် ထမ်းဆောင်ဖို့တစ်ခုသာ  အဖေ မှာခဲ့သည်။

ကျွန်မ အိမ်ကထွက်လာချိန်ထိ  အမေက တော့ မျက်ရည်တွေသုတ်ရင်း ကျန်ခဲ့သော်လည်း အဖေကတော့ သတင်းစာဖတ်မပျက်။ ကျွန်မ အဖြစ်မှာ ဥခွံမှပေါက်ပြီး အတောင်အလက် တွေစုံလာသည့်အခါ  အသိုက်၏နှုတ်ခမ်းကို မေးတင်ပြီး အပြင်လောကဆီ ပျံသန်းချင် သည့် ငှက်ငယ်လေးနှင့်တူလှသည်။ အေးချမ်း လှသည့် မိဘအရိပ်အမြုံလေးဆီမှ ဒေသစိမ်း ဆီသို့ ပျံသန်းရမည်ဟု တွေးမိတိုင်း အတောင် ပံများ ဖြန့်ကြက်ရမည်ကို အနည်းငယ် စိုးရွံ့ နေမိသည်။ သို့ပေမယ့် ကောင်းကင်ကြီးလိုမျိုး ကျယ်ပြောလှသည့် လူ့လောကထဲ ပထမဆုံး အကြိမ်    လှည့်ပတ်ရမည့်အရေးမို့လည်း ပျော်ရွှင် စိတ်လှုပ်ရှားနေမိသည်။ ကျွန်မသည် မြစ်ကြီးနားမှ တနိုင်းသို့သွားမည့် ကားဂိတ်တွင် ထွက်မည့်ကားကို     ထိုင်စောင့်နေသည်။ အဖေက လိုက်မပို့ရဟု အမေ့ကို ပြောထား၍ အမေလိုက်မပို့ခဲ့။ အဖေသည် ကျွန်မကို ရဲရင့် စေချင်သောကြောင့်  လိုက်မပို့စေခဲ့ခြင်းဟု ကျွန်မထင်သည်။ လက်မှနာရီကို ငုံ့ကြည့်မိ တော့ နံနက် ၉ နာရီ ထိုးနေပြီဖြစ်သည်။

(၂)

ကားဘီးစလိမ့်ကတည်းက  အိမ်ကိုလွမ်း သည့်စိတ်က  မော်တော်ကားလေးနှင့်အတူ ကပ်ပါလာခဲ့သည်။    သွားရမယ့်ခရီးက ဘယ်နှမိုင်ဝေးလို့ ဝေးမှန်းမသိ။  တစ်ခါမှ မရောက်ဖူးသလို အရင်ကဆို   သေချာပင် မကြားဖူးခဲ့သည့်ဒေသ။ အိမ်သို့ အမိန့်စာရောက် သည့်အချိန်မှသာ   ယခုဒေသအကြောင်း မေးမြန်းစူးစမ်းလာခဲ့ခြင်းဖြစ်သည်။ မြင်တွေ့ သမျှ အရာများအားလုံးကို   ကားဒရိုင်ဘာ အစ်ကိုက လမ်းညွှန်သဖွယ် တစ်လမ်းလုံး ရှင်းပြ နေသည်။ ကျွန်မအပါအဝင် လူခုနစ်ယောက် သာပါသည့် ကားလေးသည် လီဒိုလမ်းမကြီး ပေါ်တွင် တရိပ်ရိပ် ပြေးလွှားနေသည်။ ယခု အရှည် ၁ဝ၇၉ မိုင် ရှည်လျားသည့် လီဒိုလမ်းမ ကြီးမှာ သမိုင်းဝင်လမ်းမကြီးဖြစ်သည်။လီဒို လမ်းမကြီးကို ဒုတိယကမ္ဘာစစ်အတွင်း  လွန်ခဲ့ သောနှစ် ၇ဝ ကျော်က  စစ်သုံးလမ်းမကြီး အဖြစ် ဂျပန်တို့ ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။အိန္ဒိယနိုင်ငံ အာသံပြည်နယ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့ကို   မြန်မာနိုင်ငံ ကချင် ပြည်နယ် ရှင်ဗွေယန်၊ မြစ်ကြီးနားနှင့် ဗန်းမော် မြို့များကို ဖြတ်သန်းဖောက်လုပ်ထားသည်ဟု သမိုင်းစာအုပ်ထဲတွင် ကျွန်မ ဖတ်ဖူးခဲ့သည်။ကျွန်မစာအုပ်ထဲ၌သာ  ဖတ်ရှုမှတ်သားဖူးခဲ့ သည့် လီဒိုလမ်းမကြီးအား ယခုမှပင် မျက်ဝါး ထင်ထင် မြင်ဖူးခဲ့ခြင်းဖြစ်သည်။ ကျွန်မသည် တောတောင် ရေမြေသဘာဝများကို ခံစားရင်း အိမ်ကိုလွမ်းသည့်စိတ်များ    အတန်ငယ် ပြေပျောက်သွားရသည်။   စိမ်းညို့နေသည့် သစ်တောထူထူများ၊ သစ်ရွက်ခြောက် သစ်ရွက် ဆွေးများအပေါ်မှ ပယင်းညို မိုးရေလေးများ ကို လမ်းတစ်လျှောက် မြင်တွေ့ရသည်။

ဝါးပင်များအကြား ပွင့်နေသည့် မှိုပင်များ ကိုလည်း အများအပြားတွေ့ရသည်။ တကျီကျီ တကျာကျာနှင့် ငှက်ကလေးများမှာ ပျံလိုရာ ပျံသန်းနေကြသည့်နှယ်။ သည်လို သာယာလှပ သည့် အလှအပဒေသသည် ရန်သူတော် ငှက်ဖျား ရောဂါ၏     မဟာမိတ်ဒေသဖြစ်နေသည်။ ''ငှက်ဖျားတဲ့'' ကျွန်မ တွေးကြည့်ရင်း အဖျား တက်ချင်သလိုလိုတောင် ဖြစ်မိသည်။

ခပ်လှမ်းလှမ်းမှ  ဆိုင်းဘုတ်လေးတစ်ခုကို ကျွန်မ လှမ်းမြင်လိုက်သည်။  ''ရှင်ဂါလုံရွာ၊ တနိုင်းသို့ ၁၂ မိုင်၊ ရှင်ဗွေယန်သို့ ၃၂  မိုင်တဲ့''။ ကျွန်မ တာဝန်ကျသည့်  ရှင်ဗွေယန်ရွာလေးသို့ ရောက်ဖို့ရန်   လိုသေးသည်။  ကားသည် ရှင်ဂါလုံရွာလေးဘေးကနေ  ဖြတ်မောင်းနေ သည်မို့ ရွာဘက်သို့ လှမ်းကြည့်လိုက်သည်။ လက်ဝါးကပ်တိုင်ပါသည့် ဘုရားကျောင်းနှင့် ခြေတံရှည်အိမ်လေးများကို မြင်ရသည်။ကချင် ဒေသမို့ ဒေသခံတိုင်းရင်းသားများသည် ခရစ် ယာန်ဘာသာကို ကိုးကွယ်ကြသည်။  တနိုင်း ရှင်ဗွေယန်တစ်ကြောတွင် လီဆူတိုင်းရင်းသား အများစု နေထိုင်ကြကြောင်းကို ကားဒရိုင်ဘာ အစ်ကိုက ရှင်းပြသည်။ လီဆူတို့ အပါအဝင် ကချင်တိုင်းရင်းသားများသည်  အများအား ဖြင့် တောင်ယာခုတ်ခြင်းအလုပ်ကိုသာ အဓိက လုပ်ကိုင်ကာ အသက်မွေးကြသည်။

ရှင်ဗွေယန်ရွာတစ်ကြောတွင် ကြိမ်တော များ ပေါသည်မို့  လက်မှုလုပ်ငန်းများကိုလည်း အများစုက   လုပ်ကိုင်ကြသည်ဟုဆိုသည်။ အခုလည်း တောင်ယာထဲ၊ ကြိမ်တောထဲရောက် နေကြလို့ဖြစ်မည်   တစ်ရွာလုံး   တိတ်ဆိတ် ငြိမ်သက်နေသည်။ ရွာပြင်တွင် လိမ္မော်ခြံများ ကို လှမ်းမြင်ရသည်။ ရှားပါးနေပြီဖြစ်သည့် ကျွန်းပင်တော်တော်များကိုလည်း ကားလမ်း တစ်လျှောက်  အစီအရီ  မြင်တွေ့ရသည်။ ကျွန်းပင်များသည် ရာသီဥတုကို ထိန်းညှိပေး သည်ဟု ကျွန်မကြားဖူးသည်။ ရွာနဲ့ဝေးသွား ပြီမို့ ကားလေး၏အရှိန်သည် ပိုလျင်မြန်လာ သည်။ သစ်ပင် ဝါးပင်များ  ရိပ်ခနဲ  ရိပ်ခနဲ နောက်မှာ ကျန်ခဲ့ကြသည်။ ရှေ့က သစ်ပင်ကြီး များက အရှိန်နှင့်ပြေးလာသည်ဟု ထင်ရသည်။တဖြည်းဖြည်းနှင့် လမ်းက ကြမ်းတမ်းလာသည် မို့  ကားဒရိုင်ဘာအစ်ကို စကားဆက်မပြော တော့။ တချို့နေရာများတွင် ချိုင့်ခွက်ကြီးများ ကို       မနည်းရှောင်မောင်းနေပုံရသည်။ ''ဆန်ကောထဲ ဆီးဖြူသီးထည့်လိမ့်တာ ဒါမျိုး ထင်ပါ့''ဟု တွေးရင်း ထိုင်ခုံကို  သေချာကိုင် ထားရသည်။ ''တရုံချောင်းကြီး''ကို ကားဖြတ် သည့် အချိန်၌ ကျွန်မမှာ ဘုရားတခဲ့ရသည်။ ကျွန်မအတွက် မြင်သမျှ တွေ့သမျှသည် ရင်ဖို ဖွယ်ရာ ဖြစ်၍နေသည်။

(၃)

ရှင်ဗွေယန်ကားဂိတ်တွင်    အတန်ငယ် ထိုင်စောင့်နေတုန်း ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမလေး တစ်ယောက်တို့က    သုံးဘီး ဆိုင်ကယ်နှင့် လာကြိုကြသည်။ စစချင်း သတိ ထားမိသည်က တိုင်းရင်းသားများသည် အလွန် ကို လှကြသည်။ ချောကြသည်။ အသားအရေ ဖြူဝင်းစိုကြည်ကြသည်။ ရှင်ဗွေယန်ရွာသည် လီဆူရွာလေးမို့   လီဆူတိုင်းရင်းသားများ နေထိုင်ကြသည်။ ရွှေမှော်များ အများအပြား ရှိသည်မို့ ထင်ထားသလောက်မခေါင်။ ဒုတိယ ကမ္ဘာစစ်လက်ကျန် ကတ္တရာစေးပုံးများ အပုံ အပင်နှင့်  စစ်လေယာဉ်ကွင်းဟောင်းကြီးကို လည်း တွေ့လိုက်ရသည်။   ထိုစဉ်  သုံးဘီး ဆိုင်ကယ်ရပ်သွားသည်။ သို့သော် ကျောင်းကို တော့ မမြင်ရသေး။

''ကျောင်းက ဘယ်မှာလဲ ဆရာမ''

''ကျောင်းက  ဒီကားလမ်းပေါ်ကနေ အောက်ထဲဆင်းရဦးမှာ ဆရာမ၊ ကျောင်းက အောက်ချိုင့်ထဲမို့    လမ်းလျှောက်သွားမှ ကျောင်းကိုရောက်မှာပါ ဆရာမလေး''

ပြောပြောဆိုဆို သုံးဘီးဆိုင်ကယ်ပေါ်မှ ဆင်းပြီး အထုပ်တွေကို မကာ ကားလမ်းဘေး သို့ ဆင်းလာခဲ့ကြသည်။   ကျောင်းကလေးကို လှမ်းမြင်ရရုံရှိသေး ကျောင်းအတွင်းမှ ကလေး တစ်သိုက် အပြေးအလွှား ပြေးလာကြသည်ကို မြင်ရသည်။ အနားရောက်လာသည့် ကလေး များသည် ကျွန်မတို့လက်ထဲမှ အထုပ်များကို ဆူဆူညံညံနှင့် လုသယ်နေကြသည်။

''ကလေးတွေက သွက်သွက်လေးတွေနော်''

''ဟုတ်တယ်၊ ဆရာမလေး  ကလေးတွေက လူလည်းသွက်သလို စကားလည်းသွက်တယ်၊ ဒါပေမယ့် သူတို့ဘာသာစကားသာ အပြော များတာ၊ ဗမာစကားကိုတော့ ဆီဆီလျော်လျော် မပြောတတ်ကြဘူးလေ'' ကျောင်းအုပ်ဆရာကြီး က ရှင်းပြလေသည်။ ကျောင်းဝင်းထဲသို့ ဝင်ဝင် ချင်းမှာပဲ ဗမာစကား သေသေချာချာ မပြော တတ်သည့်  ကလေးများ၏  နှုတ်ဆက်သံကို ကြားလိုက်ရသည်။ နှုတ်ဆက်ပုံက ''ဟေ့ ဆရာမ နင်က အသစ်ရောက်လာတဲ့ ဆရာမလား၊ နင်ရောက်လာလို့ ငါတို့ အရမ်းပျော်တာပဲ''

ကျွန်မ ကလေးကို ပြူးကြည့်မိသည်။ ဗမာ စကားကို ဆီဆီလျော်လျော် မပြောတတ်ကြဘူး ဟု ဆရာကြီးအပြောကို   ပြန်ကြားမိကာ ကလေးများရိုင်းသည်ဟု မမြင်မိတော့။ ကလေး များကို ပြုံးကြည့်ကာ ပြောလိုက်သည်။

''ဆရာမလည်း   သားတို့   သမီးတို့ကို တွေ့ရတာ အရမ်းပျော်တာပဲ''

ကျောင်းဝင်းနောက်ဘက်တွင် ဆရာမ များ နေထိုင်ရန်အတွက် အိမ်လေးဆောက်ထား ပေးသည်ကို တွေ့ရသည်။  အိမ်အပေါ်တက် သည်ဆိုရင်ပဲ အိမ်၏လှေကားကို သစ်ပင်၏ပင်စည်မှာ အထစ်ကလေးများ   ပြုလုပ်ထား သည့်လှေကားလေး တပ်ဆင်ထားသည်။ သူတို့ ၏ ရိုးရာဓလေ့ဟု ဆိုရမည်လား၊ လက်မှုပညာ ဟု ဆိုရမည်လားတော့မသိ။ လမ်းမှာမြင်ခဲ့ သည့်အိမ်များ၌လည်း   ထိုလှေကားများကို တွေ့ခဲ့ရသည်။ လက်ကိုင်မပါ၊ အကိုင်အတွယ် မရှိသည့် လှေကားလေးပေါ်သို့ ကြောက်ကြောက် နှင့် မနည်းတက်ခဲ့ရသည်။ ခင်းထားသည့် ဝါးအခင်းကြောင့်   ပြိုကျမည်လားဟူသည့် စိတ်ကြောင့် သတိထားနင်းလိုက်သည်။ တံခါး ရွက်မပါသည့်   ပြတင်းပေါက် သုံးပေါက်၊  အပေါ်ကိုမော့ကြည့်တော့ နေရောင်ထိုးကျနေ သည့် ကောင်းကင်အပေါက်များနှင့် အရင်က ရေနံသုတ်ထားသည်ဟု  ထင်ရသော်လည်း အရောင်မှိန်ကာ ပေါက်နေသည့် ဝါးထရံကာ များ နေလို့ဖြစ်ပါ့မလားဟု တွေးလိုက်မိသည်။

''အိုး တခြားဆရာမတောင် နေသေးတာပဲ ငါလည်းနေနိုင်ရမှာပေါ့''ဟု  ကျွန်မစိတ်ကို ကျွန်မ  ဖြေသိမ့်လိုက်သည်။ ဒါသည် ကျွန်မ၏ ဆရာမဘဝ စတင်ခြင်းဖြစ်သည်။ ပစ္စည်းများ ကို နေရာချ ပြင်ဆင်လိုက်သည်။   ဆရာမ အသစ် ရောက်သည်ဆို၍ ရွာဥက္ကဋ္ဌလူကြီးများ က ဆန်နှင့်ဆီများ လက်ဆောင်လာပေးကြ သည်။ ဗမာစကားမပီတပီနှင့် အားပေးစကား များ ပြောကြသည်။ ကျွန်မအတွက် နွေးထွေး သည့် အသိုက်အမြုံထဲသို့ ဝပ်ဆင်းရသည့်နှယ် ဝမ်းသာကျေနပ်လိုက်မိသည်။

(၄)

နံနက်စောစော  ထမင်းဟင်းချက်ပြီး ရေချိုးလိုက်သည်။ အိမ်ထဲ ဘုရားစင်မရှိသည်မို့ အရှေ့အရပ် ခေါင်းရင်းဘက်ကိုသာ လှည့်ပြီး ဘုရားရှိခိုးလိုက်ရသည်။   ဘုရားရှိခိုးပြီးသည် နှင့် ကျောင်းသွားဖို့ ပြင်ဆင်လိုက်သည်။

ပထမဆုံး   လုပ်ငန်းဝင်ရမည့်နေမို့ ကျောင်းသို့ စောစောသွားလိုက်သည်။ ကျောင်း ရောက်တော့ ကလေးများက ကျွန်မအား ဝိုင်းကြည့်ကြသည်မှာ စားမတက်၊ ဝါးမတက် ပင်။ ဆရာမအသစ်မို့ သူတို့အတွက် ကြည့်လို့ မပြီးနိုင်။ ကျွန်မအဖို့မှာလည်း တာဝန်စတင် ထမ်းဆောင်ရမည့်နေ့မို့  ရင်ခုန်နေမိသည်။ ရုံးခန်းသို့ရောက်သည်ဆိုရင်ပဲ   ဝန်ထမ်း အင်အားစာရင်း၊  အညွှန်းကိန်း၊   အောင်ချက် ပြ ရာခိုင်နှုန်းပြဇယား၊   ဝန်ထမ်းကျင့်ဝတ်၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်း သူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ နံရံကပ်     ကျန်းမာရေးစာစောင်များနှင့် ကျောင်းရုံးခန်းသည် ပြည့်စုံနေသည်။ ဆရာမ များ ထိုင်ခုံက လုံလောက်မှုမရှိပေမယ့်  ရုံးခန်း က သန့်ရှင်းသပ်ရပ်နေသည်။

ဆရာကြီးရောက်လာကာ ကျွန်မအတွက် အတန်းခွဲပေးသည်။ ပထမတန်း (ွ -၁) ကို သင်နေသည့် ဆရာမနှင့်အတူ တွဲသင်ဖို့ပြော သည်။ ကျောင်းသားဦးရေ ၁၅ဝ မှာ  ပထမ တန်းကလေးက အများဆုံးဖြစ်သည်။ ကလေး များက ဗမာစကားနားမလည်၊ ကျွန်မက လီဆူ စကား နားမလည်ဖြစ်ကာ ကမောက်ကမနှင့် စတင်ခဲ့ရသည်။  ကျွန်မအဖြစ်က ငိုရခက်၊ ရယ်ရခက်။ ကလေးများသည် ကျွန်မ ဘာပြော ပြော ပြူးကြောင်ကြောင်လေးနှင့် အင်းမလုပ် အဲမလုပ်။ ကျွန်မ၏ ပထမဆုံးနေ့ကို ကျွန်မ ဒါမျိုးအဖြစ်မခံ။ ပညာရေးကောလိပ်တွင် သင်ခဲ့ ဖူးသည့်   စာအတွေ့အကြုံလေးကို လက်တွေ့ ဖန်တီးပြီး ကလေးများနှင့် ကျွန်မတစ်ထပ်တည်း ကျအောင် ပြုလုပ်ဖို့လိုပြီမှန်း သိလိုက်သည်။

''နာနတ်သီးနဲ့ ဒူးရင်းဟာ သူငယ်ချင်းတွေ ပါ၊ တစ်နေ့မှာ ရန်ဖြစ်ကျ   ဒူးရင်းသီးက ဆူးနဲ့ချ၊ ………'' ကျွန်မ စဆိုရုံရှိသေး ကလေး များ လိုက်ဆိုလာကြသည်မို့   သူတို့သင်ခဲ့ဖူး သည့် ကလေးကဗျာ၊ သီချင်းလေးများကို ဆိုရင်း ကလေးများနှင့် ကျွန်မအကြား ရင်းနှီးမှု လေးရလာခဲ့သည်။ သို့နှင့် မိတ်ဆက်သီချင်း လေးများကိုဆိုရင်း ကလေးများနှင့် ကျွန်မ အပြန်အလှန် မိတ်ဆက်ခဲ့ကြသည်။

''ဆရာမနာမည် ဒေါ်သီတာချိုလို့ ခေါ် တယ်၊ ဆရာမက မြစ်ကြီးနားမြို့ကနေ သားတို့ သမီးတို့ကို စာသင်ပေးဖို့လာခဲ့တာ    ဆရာမ လာတာ ပျော်ရဲ့လား''

''ပျော်တယ် ပျော်တယ်၊  နင့်ကို ငါတို့ အရမ်းချစ်တယ် ဆရာမ''

''အဲ  သားသားလေး နောက်ခါ ဆရာမကို နင်လို့ မပြောရဘူးနော်၊   ဆရာမလို့ပဲခေါ် ဟုတ်ပြီလား၊ ခေါ်ကြည့်ပါဦး''

''ဆရာမ ဆရာမ''

''သားကတော်လိုက်တာ၊  နောက်ဆို ကိုယ့်ကိုယ်ကိုယ်လည်း ငါ လို့ မပြောရဘူးနော်၊ သားလို့ပြော ပြောကြည့်ပါဦး''

ကျွန်မပြောသည်များကို  ပြူးကြောင် ကြောင်လေးနှင့် ကလေးများ ဝိုင်းကြည့်နေကြ သည်။ သူတို့စိတ်ထဲမှာတော့ နားလည်သည် လည်းရှိမည်၊ သဘောမပေါက်သည်များလည်း ရှိမည်။ ကျွန်မပြောသည်များကိုတော့ အာရုံစိုက် နားထောင်နေကြသည်ကိုတော့ တွေ့ရသည်။

''သား''

''လိမ်မာလိုက်တာ ကဲ  သားတို့ သမီးတို့ ကလည်း ကိုယ့်ကိုယ်ကိုယ် ငါ လို့ မပြောရဘူး၊ ယောက်ျားလေးဆို သား၊ မိန်းကလေးဆို သမီး လို့ပြောရမယ်၊ ဆရာမပြောတာ နားလည်လား''

''ဟုတ်ကဲ့ပါဆရာမ''

''ကလေးတို့က   လိမ်မာလိုက်ကြတာ၊ ဆရာမကလည်း သားတို့ သမီးတို့အားလုံးကို ချစ်ပါတယ်၊ ခု သားသား မီးမီးတို့ရဲ့ နာမည် လေးတွေ ဆရာမကိုပြောပြပြီး မိတ်ဆက်ရ အောင်'' ကျွန်မသည် ကလေးများနှင့် အပြန် အလှန်ပြောဆိုရင်း ''ငါ ဆရာမ''ဟူသည့် အသိကို ရလိုက်ရသည်။   ''ငါတို့သင်ပေးမှ တတ်မည့် ကလေးလေးတွေပါလား''ဟု ဆရာ့ အတွေးများလည်း   ပထမဆုံး  ဝင်ရောက် လာသည်။ ကလေးများ၏ဘဝ ပျော်ရွှင်ဖို့၊ တိုးတက်ဖို့ဟူသည် ဆရာ ဆရာမတွေရဲ့ အပြု အမူများအပေါ်   လုံးဝမူတည်နေသည်ဟု ကျွန်မတွေးမိသည်။ ဖေဖေပြောသည့် ''ဘာ လုပ်လုပ် စေတနာလေးထည့်ပြီးလုပ်'' ဆိုသည့် စကားကို ကျွန်မပြန်ကြားယောင်မိသည်။

ကျွန်မ ပျိုးထောင်သည့် ကလေးများသည် ''အတိဇာတ''ဟူသည့် ဆရာထက်တော်သည့်၊ ထူးချွန်ထက်မြက်သည့်  တပည့်ကောင်းများ ပေါ်ထွက်အောင် ကျွန်မတတ်နိုင်သလောက် စွမ်းဆောင်ပေးဖို့ ဆုံးဖြတ်တွေးတောမိသည်။ကျွန်မသည် ဆရာတစ်ယောက်အဖြစ် ကျရာဒေသ၊ ကျရာတာဝန်မှာ စေတနာလေးထည့်ပြီး ကိုယ့် တိုင်းပြည်၏ အနာဂတ်ကြယ်ပွင့်ကလေးများ ထွန်းလင်းတောက်ပစေဖို့ အစွမ်းကုန် ကြိုးပမ်း မည်ဟု ရဲရဲဝံ့ဝံ့ သန္နိဋ္ဌာန်ချလိုက်တော့သည်။

ရိုးရာ (မကန)

No comments:

Post a Comment