တစ်ခါတုန်းက ရွာတစ်ရွာမှာ ရိုးအတဲ့လယ်သမား တစ်ယောက်ရှိပါသတဲ့။ တစ်နေ့တော့ သူ့မှာ ခရီးသွားစရာ ကိစ္စတစ်ခု ပေါ်လာပါတယ်။ ခရီးကဝေးတော့ မြင်းစီးသွား မယ်လို့ တွေးတာပေါ့။
ဒါနဲ့ပဲ လမ်းခရီးမှာ သူ့မြင်းကလေးရေဆာနေမှာ စိုးတာနဲ့ ''အိမ်ကနေ ရေအဝတိုက်သွားမယ်''လို့ စိတ်ကူးပြီး မြင်းကို အိမ်နောက်ဖေးက ရေကန်ဆီ ဆွဲခေါ်လာခဲ့ပါတယ်။
မြင်းကလေးဟာ သူဆွဲခေါ်ရာနောက် ပါလာပေမယ့် ရေကန်ဆီ ရောက်တဲ့အခါတော့ ရေလုံးဝတိုက်မရဘူးတဲ့။ သူဘယ်လိုတိုက်တိုက် ရေမသောက်ချင်တဲ့ မြင်းကလေးက ခေါင်းမော့ခါယမ်းပြီး ငြင်းဆန်နေပါတော့တယ်။
အဲဒီအချိန်မှာပဲ ရေကန်နားရောက်လာတဲ့ လူငယ် လေးတစ်ယောက်က မြင်းတစ်ကောင်နဲ့ ဗျာများနေတဲ့ သူ့ကိုကြည့်ပြီး တဟားဟား ရယ်ပါသတဲ့။ အစကမှ မြင်းကို ရေတိုက်မရလို့ စိတ်ညစ်နေတဲ့ လယ်သမားဟာ လူငယ့် ရယ်သံကြောင့် ပိုပြီးဒေါပွတော့တာပေါ့။
''ခရီးဝေးသွားမှာမို့ လမ်းမှာ ငါ့မြင်းရေဆာနေမှာစိုးလို့ ရေတိုက်နေတာကွ၊ ဒီကောင်ကို ချော့မရခြောက်မရဖြစ် နေပါတယ်ဆို မင်းက ငါ့ကိုလှောင်နေတာလား''
သူက စိတ်ဆိုးမာန်ဆိုးနဲ့ ပြောလိုက်တော့ လူငယ်က ''ဒီကိစ္စအတွက်တော့ စိတ်မညစ်ပါနဲ့ဗျာ၊ ဒါဖြေရှင်းဖို့ အရမ်းလွယ်ပါတယ်၊ ကျွန်တော်ကူညီပါ့မယ်''လို့ပြောပြီး မီးဖိုထဲကို နောက်ဖေးပေါက်ကနေ ပြေးဝင်သွားပါတယ်။မီးဖိုထဲကနေ သူပြန်ထွက်လာတဲ့အခါ သူ့လက်ထဲမှာ တစ်စုံ တစ်ရာကို ဆုပ်ယူလာပါသတဲ့။ ပြီးတော့ မြင်းကလေးရဲ့ ပါးစပ်ကိုဖြဲပြီး သူ့လက်ထဲက အရာတွေနဲ့ သုတ်လိမ်းပါ တော့တယ်။
လယ်သမား ရေတိုက်တုန်းက ပေကတ်ကတ်လုပ်နေတဲ့ မြင်းကလေးဟာ အခုတော့ ရေကို အငမ်းမရ သောက်ပါ တော့တယ်။ လယ်သမားလည်း အံ့အားသင့်ပြီး ''မင်း ဘယ်လိုလုပ်လိုက်တာလဲ''လို့ မေးတော့တာပေါ့။
လူငယ်က အသာပြုံးရင်း ''သူ့ပါးစပ်ထဲ ဆားအနည်း ငယ် ထည့်လိုက်တာပါ''လို့ ပြန်ဖြေပါသတဲ့။
ဒီပုံပြင်ကလေးကို ဖတ်လိုက်ရတော့ ကျွန်မတပည့်တွေ မျက်နှာ ပြေးမြင်မိပါရဲ့။ ဟုတ်လိုက်လေ။ ကျွန်မတို့အနေနဲ့ စာတစ်ပုဒ်ကို သူတို့နားလည်အောင် နည်းမျိုးစုံသုံးပြီး ရှင်းပြလို့ရပေမယ့် သူတို့စာကျက်ချင်စိတ်ဝင်လာအောင် တကယ်စာကျက်အောင် လုပ်ပေးဖို့ဆိုတာ အတော်ခက်တဲ့ ကိစ္စပါ။ ခက်တယ်ဆိုပြီး ပစ်ထားလို့လည်း မရလေတော့ အတော့်ကို စိတ်ပင်ပန်းရပါတယ်။
ဒါနဲ့ပဲ ဆက်ပြီးစဉ်းစားနေမိပါတယ်။ ကျွန်မတို့တွေ လည်း အခက်အခဲတစ်စုံတစ်ရာတွေ့တဲ့အခါ ခဏနဲ့မပြေ လည်ရင် စိတ်ဓာတ်ကျတတ်ပါတယ်။ တကယ်တော့ ဘယ်လိုကိစ္စတိုင်းမဆို ပြေလည်မယ့် နည်းလမ်းကို ကြံဆ တတ်ရင် ဖြေရှင်းပြေလည်နိုင်ပါတယ်။ ဒီပုံပြင်ထဲကလိုပဲ တစ်ခါတလေကျ ကာယကံရှင်မမြင်တဲ့ အားနည်းချက်ကို ဘေးလူက ပိုမြင်တတ်တာတွေလည်း ရှိပါတယ်။နည်းလမ်း မမှန်ရင် ကြိုးစားတိုင်းလည်း အရာမရောက်တာတွေကို သတိထားသင့်ပါတယ်။
ပြီးတော့ ကျွန်မတွေးမိတာက ပြဿနာရဲ့သော့ချက်ကို မသိဘဲ ဇွတ်ဖြေရှင်းနေရင် အကျိုးမရှိတဲ့အပြင် အချိန်ကုန် လူပန်းဖြစ်တတ်တာလေးတွေပါ။ စေတနာဘယ်လောက် ကောင်းပေမယ့် စွမ်းဆောင်ရည်မကောင်း နည်းလမ်း မမှန်ရင် ကြိုးစားအားထုတ်သမျှ အချည်းနှီးပဲမဟုတ်လား။ တချို့ကိစ္စတွေမှာ ကိုယ်လုပ်တာမှ အမှန်ကိုယ်ထင်တာ မှ အဟုတ်ရယ်လို့ တစ်ယူသန်နေလို့ မရပါဘူး။ ကိုယ့်ထက် သိတဲ့ တတ်တဲ့သူရှိလာတဲ့အခါ သူ့ဆီက အကြံÓဏ်ယူသင့် ပါတယ်။
ဒါလေးတွေ ဆင်ခြင်ရဦးမယ်လို့ တွေးမိလို့ မိတ်ဆွေ များထံ ဝေမျှလိုက်ရပါတယ်။ အခက်အခဲပြဿနာကြုံရတဲ့ အခါ နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းအောင်မြင်နိုင်ကြပါစေရှင်။ ။
အေးမြတ်မြတ်ဖြိုး(ကံမ)
No comments:
Post a Comment