Latest News

Friday, June 8, 2018

မွန်လူမျိုးအကြောင်းသိကောင်းစရာ

မွန်လူမျိုးအကြောင်းသိကောင်းစရာ

မွန်လူမျိုးသည် အမျိုးအနွယ်အားဖြင့် မွန်ဂိုလွိုက်   အနွယ်ဝင်ဖြစ်သော မြန်မာနှင့်      အနွယ်တူသည်။ သို့သော်လည်း ဘာသာစကားတွင် လုံးဝ ကွဲပြားသည်။ မည်သို့ပင်ကွဲပြားစေကာမူ မွန်ဂိုလွိုက်အနွယ်တူဖြစ်၍ ရုပ်ရည်တူညီကြ သဖြင့် ရင်းနှီးချစ်ခင်ခဲ့ကြသည်။ မွန်နှင့်မြန်မာ တို့သည် ပုဂံခေတ်မှစ၍ ဆက်ဆံပေါင်းသင်း လာခဲ့ကြသဖြင့် အများဆုံးရောစပ်ခဲ့ကြလေ သည်။   မွန်နှင့်မြန်မာတို့သည်   ရုပ်ရည် လက္ခဏာကိုကြည့်လျှင် မည်သူကမွန်၊ မည်သူ က မြန်မာဟူ၍ ခွဲခြားပြရန် အလွန်ပင်ခက်ခဲ လှပေသည်။

အလွန်ရှေးကျသောကာလ၌ မြန်မာနိုင်ငံ အတွင်းသို့ နီဂရီတိုခေါ် ကပ္ပလီအနွယ်ဝင်များ ရှေးဦးစွာဖြတ်သန်းခဲ့ဖူးသည်ဟု ပညာရှင် ကြီးများ ယူဆခဲ့ကြသည်။ ထို့နောက်မှ မွန် လူမျိုးများ  ဆိုက်ရောက်လာကြလေသည်။ မွန်လူမျိုးများသည် ဘီစီ ၂ဝဝဝ ခန့်တွင် ရာမညဒေသသို့    ဆိုက်ရောက်ကြဟန်တူ ကြောင်း  ပါမောက္ခ ဒေါက်တာလု(စ်)က ပြောကြားခဲ့ဖူးသည်။ မွန်များ ရာမညဒေသ သို့ ရောက်ရှိသည့်အချိန်တွင် နီဂရီတိုများ သည် တောင်ဘက်သို့ ရွှေ့ဆင်းနေထိုင်ကြဟန် တူပေသည်။ ဘီလူးကျွန်းနှင့် ကပ္ပလီကျွန်း တို့တွင် နီဂရီတိုအနွယ်ဝင် စမင်း(ဆေမန်)လူမျိုးများ နေထိုင်ခဲ့ဟန်တူသည်။

မော်လမြိုင်နှင့် တစ်ဖက်ကမ်းရှိ ဘီလူး ကျွန်းကို  မွန်တို့က  တကော့ခမိုင်း ဟုခေါ် သည်။ တကော့၏အဓိပ္ပာယ်မှာ ကျွန်းဖြစ် သည်။ ခမိုင်းဝေါဟာရမှ ခေတ်မွန်စကားတွင် မရှိဘဲ ရှင်မွေ့နွန်း၊ မင်းနန္ဒာပျို့တွင် ခမိုင်းကို အကိုင်းအခက်များသော သစ်ပင်တစ်ပင်ဟု ဆိုကြသည်။ ထိုသစ်ပင်ပေါ်တွင် နားနေကြ သော သိမ်းငှက်မောင်နှံတို့မှ လူထူးလူဆန်းတစ်ယောက်ပေါက်ဖွားသည်ဟု ဖော်ပြထား သည်။ မွန်လူမျိုးများသည် မည်သည့်အရပ် ဒေသမှ ထွက်ခွာလာကြောင်းကို တိတိကျကျ ဖော်ပြနိုင်ရန် အလွန်ပင်ခက်ခဲလှပေသည်။ မွန်ဂိုလီယားပြည်မှ ဆင်းသက်လာသည်ဟု အချို့ကယူဆကြသည်။ သို့သော် အရှေ့တိုင်း ရာဇဝင်တွင် ဝါရင့်သည့် ပါမောက္ခ ဒေါက်တာ လု(စ်)က မွန်များသည် တရုတ်နိုင်ငံ အရှေ့ တောင်ပိုင်း တုန်ကင်လွင်ပြင်မှ ဆင်းသက် လာသည်ဟုထင်ကြောင်း ပြောကြားဖူးသည်။

မွန်များသည်     သုဝဏ္ဏဘုမ္မိသထုံသို့ မရောက်မီ   ယိုးဒယားနိုင်ငံတောင်ပိုင်းတွင် ဒွါရဝတီနိုင်ငံဟူ၍ အင်ဒိုချိုင်းနား၌ ထင်ရှား ခဲ့သော နိုင်ငံတစ်နိုင်ငံကို စတင်ထူထောင်ခဲ့ ကြောင်းကို   ပရပထုံနှင့်  လော့ဗူရီ  မွန် ရှေးဟောင်းကျောက်စာများက ထောက်ခံ လျက်ရှိပေသည်။ ပရပထုံမွန်ကျောက်စာသည် သထုံနှင့် ပုဂံမွန်ကျောက်စာထက် နှစ်ပေါင်း ၅ဝဝ ခန့် ဦးလေသည်။ ဒွါရဝတီမွန်နိုင်ငံတော် ကို  အေဒီ ၁ဝ ရာစုနှစ်ကျော်မှ  ခမာခေါ် ကမ္ဘောဒီးယားလူမျိုးများက   တိုက်ခိုက်ကြ သဖြင့် မြောက်ပိုင်း ဇင်းမယ်အနီး ဟာရီဗုဉ္စ ခေါ် လန်ဖွန်းသို့ ပြောင်းရွှေ့ခဲ့ရသည်။ ထိုမှ တစ်ဖန် ယိုးဒယားလူမျိုးများက မြောက်ဘက်မှ နေ၍ တိုက်ခိုက်ကြပြန်သဖြင့် ၁၂ ရာစု၊ ၁၃ ရာစုနှစ်များတွင် ဒွါရဝတီမွန်များ တိမ်မြုပ် ပျောက်ကွယ်ခဲ့ကြလေသည်။

ရာမညဟူသောအမည်ကို အလွန်ရှေးကျ သည့် သီဟိုဠ်ရာဇဝင်(မဟာဝံသ အခန်း ၇၆)တွင် ရှေးဦးစွာတွေ့ရပြီးလျှင် မွန်လူမျိုး၏အမည်ကို  ပုဂံခေတ်ထိုး  ကျန်စစ်သား၏နန်းတော် မွန်ကျောက်စာတွင် မေ၇ည်ဟူ၍ ရှေးဦးစွာတွေ့ရပေသည်။ အသံထွက် 'ရမင်း' ဖြစ်သည်။ ထိုကျောက်စာတွင်ပင် မြန်မာ လူမျိုးကိုလည်း ရှေးဦးစွာ မိမာ၇(မိရမာ)ဟူ၍ တွေ့ရပေသည်။ ဟံသာဝတီခေတ်ထိုး မွန် ကျောက်စာများနှင့် ကြေးပြားစာများတွင် မွန် ကို မာ၇ဌဲ(မ၇န်-ရမန်)ဟူ၍ အနည်းငယ် ပြောင်းလဲလာပြန်သည်။ အသံထွက်မှာ ရမန် ဖြစ်သည်။ ယိုးဒယားနိုင်ငံတွင် ယနေ့ထိ မွန်ကို ရမန်ဟူ၍သာ ခေါ်ဝေါ်လျက်ရှိသေး သည်။ ရာမညဒေသတွင် မန်-မွန်ဟူ၍သာ ခေါ်ဝေါ်ကြတော့သည်။

ရွှေတိဂုံဘုရားကျောက်စာအရ ဂေါတမ မြတ်စွာဘုရားပွင့်စဉ်ကပင်  မွန်ကုန်သည် ညီနောင်   တဖုဿနှင့်   ဘလ္လိကတို့သည် ဆံတော်ဓာတ်ရှစ်ဆူကို     ရရှိခဲ့ကြသည်။ ထို့နောက် သီရိဓမ္မာသောကမင်းကြီး တတိယ သင်္ဂါယနာတင်ပြီးလျှင် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုများစေလွှတ်ရာ ဘီစီ ၂၅ဝ ခန့် တွင် သောဏထေရ်နှင့် ဥတ္တရထေရ် အမှူးပြု သော ရဟန်းများ သုဝဏ္ဏဘုမ္မိမှ ရှင်ဗုဒ္ဓဃောသ သည် အေဒီ ၄ ရာစုနှစ်တွင် သီဟိုဠ်ကျွန်းမှ ပိဋကတ်တော်များကို မွန်အက္ခရာဖြင့် ကူးယူ ခဲ့ကြပေသည်။ မွန်တို့၏ ရှေးကျသောအက္ခရာ များကို လေ့လာခြင်းအားဖြင့် မွန်တို့သည် အိန္ဒိယတောင်ပိုင်း၊ ပလ္လဝ၊ ကဒံဗအက္ခရာများမှ တစ်ဆင့် အက္ခရာစာပေကိုရရှိသည်ဟု ယူဆ ရပေသည်။

အေဒီ ၅-၆ ရာစုနှစ်   ရေးထိုးသော ပရပထုံမွန်ကျောက်စာများ၊ အေဒီ ၇-၈ ရာစုနှစ် ရေးထိုးသော လော့ဗူရီမွန်ကျောက်စာ နှင့် အေဒီ ၁၁ ရာစုနှစ်မှ ၁၃ ရာစုနှစ် ရေးထိုး သော    လန်ဖွန်းမွန်ကျောက်စာများကို ယိုးဒယားနိုင်ငံတောင်ပိုင်း၊ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင်    အသီးသီးတွေ့ရှိနိုင် လေသည်။    လော့ဗူရီမွန်ကျောက်စာကိုမူ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့ အမျိုးသား ပြတိုက်တွင် ပြသထားလေသည်။ မြန်မာနိုင်ငံ တွင် ဘားအံမြို့အနီး ကော့ဂွန်းဂူတွင် လည်း ကောင်း၊ သထုံမြို့ ရွှေစာရံဘုရားတွင် လည်း ကောင်း၊ ၁ဝ ရာစုနှစ်နောက်ပိုင်းတွင် ရေးထိုး သော မွန်ကျောက်စာများကို တွေ့ရပြီးလျှင် ၁၁ ရာစုနှစ် မွန်ကျောက်စာများကို ပုဂံ၌ အများဆုံးတွေ့ရသည်။ ကျောက်ဆည်၊ ပြည်၊ ပဲခူးအရှေ့၊ ရွှေနံ့သာနှင့် သထုံ စသောဌာန များတွင်လည်းကောင်း အသင့်အတင့် တွေ့ရှိ ရပေသည်။ ဟံသာဝတီခေတ် မွန်ကျောက်စာ နှင့် ခေါင်းလောင်းစာများကို ပုသိမ်၊ ရန်ကုန်၊ ပဲခူး၊ ပုဂံ၊ သထုံ၊ ကေလာသတောင်၊ မုတ္တမ၊ ကျိုက်မရော၊ ထားဝယ်စသော ဌာနများတွင် တွေ့ရှိရလေသည်။

မွန်ပေမူ    ရှေးဟောင်းစာပေများကို ယိုးဒယားနိုင်ငံရှိ    မွန်ရွာများ၊   သထုံနှင့် ကျိုက္ခမီခရိုင်အတွင်းရှိ    မွန်ရွာများတွင်    အများအပြား တွေ့ရှိနိုင်ပေသည်။

ထို့ပြင် အမျိုးသားစာကြည့်တိုက်နှင့် မော်လမြိုင် မြို့ မွန်စာကြည့်တိုက်တွင်လည်း မွန်ပေမူ များစွာကို ကူးယူစုဆောင်းထားရှိပေသည်။ သာသနာရေးနှင့်   ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဦးစီးဌာနအောက်ရှိ     ကမ္ပည်းကျောက်စာဌာနတွင်  မွန်ဘာသာ စာအုပ်များ၊ ကျောက်စာများ၊ ဇာတ်တော်များ ကို တည်းဖြတ်ပုံနှိပ်ခဲ့ပေသည်။ မွန်-မြန်မာ အဘိဓာန် ကျမ်းကိုလည်း ပြုစုထားရှိပေသည်။ ပုဂံခေတ်တွင် မွန်အက္ခရာကိုမူတည်၍ မြန်မာ အက္ခရာကို    တီထွင်ခဲ့ခြင်းဖြစ်ကြောင်းကို  မြစေတီကျောက်စာအရ ထင်ရှားပေသည်။ မွန်ရဟန်းရှင်အရဟံ၏   ရှေ့ဆောင်သာသနာ ပြုချက်အရ ပုဂံတွင် အနော်ရထာမင်းစောသည် ထေရဝါဒဗုဒ္ဓသာသနာတော်ကို ရရှိပြီးနောက် မွန်အက္ခရာဖြင့် ပါဠိဘာသာအုတ်ခွက်စာများ ကို  ဘုရားရုပ်တုတော်၏  ကျောဘက်တွင် ကမ္ပည်းထိုးခဲ့ပေသည်။

ပုဂံတွင် ထိုစဉ်က ပျူအက္ခရာရှိသော်လည်း မြန်မာတို့လက်မခံခဲ့ပေ။ မြန်မာဘုရင်တို့၏ ဆရာတော်များသည် ရှင်အရဟံနှင့် အပေါင်း အပါ     မွန်ရဟန်းပညာရှိများဖြစ်သဖြင့် ကျန်စစ်သားတစ်ခေတ်လုံး၌ မွန်ဘာသာဖြင့် စာပေရေးသားရာတွင် သုံးနှုန်းခဲ့ခြင်းဖြစ်လေ သည်။   အာနန္ဒာဘုရားတွင်   မွန်ဘာသာ စဥ့်ကွင်းစာပေါင်း တစ်ထောင်ကျော်မျှ တွေ့ရ သည်။ မြင်းပြဂူ၊ အပယ်ရတနာ၊ ဖြတ်စရွှေဂူ၊ လောကထိပ်ပန်၊ ပုထိုးသားများ၊ နဂါးရုံ၊ ဂူပြောက်ကြီးနှင့် အလိုတော်ပြည့်ဂူဘုရားများ တွင်လည်း  မွန်ကမ္ပည်းစာ(မင်စာ)များစွာ တွေ့နိုင်လေသည်။ ကျန်စစ်သားခေတ်တွင် မြန်မာဘာသာဖြင့် လုံးဝရေးသားခဲ့ခြင်း မတွေ့ ရပေ။ သို့သော်လည်း ကျန်စစ်သား၏သားတော် ရာဇကုမာရ်၏  အေဒီ  ၁၁၁၂  ခုနှစ်ထိုး မြစေတီကျောက်စာ (ခေါ်)   ရာဇကုမာရ် ကျောက်စာတွင်သာလျှင် မြန်မာဘာသာဖြင့် ရှေးဦးစွာ စတင်ရေးသားခဲ့လေသည်။ နရပတိ စည်သူမင်းလက်ထက်မှစ၍ မြန်မာဘာသာ စာပေများ ထွန်းကားလာပြီးလျှင် မွန်ဘာသာ စာပေများ   ပုဂံတွင်  တိမ်ကောခဲ့ရပြန်လေ သည်။  ဟံသာဝတီခေတ်တွင်  ရှင်စောပု မွန်ဘုရင်မနှင့် ဓမ္မစေတီ (ခေါ်) ရာမဓိပတိ မွန်ဘုရင်လက်ထက်ကျမှပင် မွန်စာပေများ တစ်ဖန်ထွန်းကားပြန်လေသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝ ကျော်က အလောင်းဘုရား ခေတ်တွင် မွန်များ အရေးနိမ့်ခဲ့သည့်နှစ်မှစ၍ မွန်စာပေများ တိမ်ကောခဲ့ရပြန်သည်။

မွန်ရာဇဝင်မင်းဆက်စာရင်းကို သထုံတွင် သီဟရာဇာမှ မနူဟာမင်းအထိ ၅၇ ဆက်မျှ အုပ်စိုးခဲ့သည်ဟု   ဘွဲ့အမည်များနှင့်တကွ ဖော်ပြထားလေသည်။ ထိုမင်းများသည် သထုံ သာမက ဒွါရဝတီနိုင်ငံကိုလည်း တစ်ဆက် တည်း အုပ်စိုးခဲ့ဟန်တူပေသည်။ အေဒီ ၁ဝ၅၇ ခုနှစ်တွင် အနော်ရထာမင်းစောသည် မနူဟာ မင်းကို  တိုက်ခိုက်စဉ်က  သထုံမဟုတ်ဘဲ ပရပထုံဖြစ်သည်ဟုပင်    ယိုးဒယားနိုင်ငံရှိ ရာဇဝင်ဆရာအချို့က ယူဆကြလေသည်။ ဤအကြောင်းမှာ တွေးဆစရာအချက်တစ်ခုပင် ဖြစ်သည်။ ဒုတိယမွန်မင်းဆက်စာရင်းတွင် ဟံသာဝတီပဲခူးတွင် သမလ ဝိမလမင်းမှစ၍ တိဿမင်းအထိ မင်းပေါင်း ၁၇ ဆက် စိုးစံခဲ့ သည်ဟု  ဖော်ပြထားပေသည်။   တတိယ မွန်မင်းဆက်စာရင်းတွင် မုတ္တမဘုရင် ဝါရီရူ မင်းသည်  ယိုးဒယားမင်းသမီးကို  မိဖုရား မြှောက်ခဲ့လေသည်။   ဗညားဦး၏သားတော် ဗညားနွဲ့ (ခေါ်) ရာဇဓိရာဇ်သည် သူရသတ္တိ ဘက်တွင် အထင်ရှားဆုံး မွန်ဘုရင်ဖြစ်သည်။ ရာဇာဓိရာဇ်သည်  အင်းဝဘုရင်  မင်းကြီး စွာစော်ကဲ၊ သားတော် မင်းခေါင်ကြီးတို့နှင့် နှစ်ပေါင်းများစွာ စစ်ခင်းကစားခဲ့ကြပေသည်။ ¤င်း၏  သူရဲကောင်းသုံးယောက်ဖြစ်သော သမိန်ဗရမ်း၊ လဂွန်းအိန်နှင့် အဲမွန်ဒယာတို့ သည် ရာဇဝင်တွင် အထူးကျော်ကြားခဲ့လေ သည်။ သက္ကရာဇ် ၁၁၁၉ ခုနှစ်တွင် နောက်ဆုံး မွန်မင်းဆက်ဖြစ်သည့် ဗြမောင်ဓိရာဇ်သည် အလာင်းဘုရားအား အရေးနိမ့်ခဲ့ရာမှ မွန်မင်း ဆက် ပြတ်ခဲ့လေသည်။

မွန်နှင့်မြန်မာတို့သည် ပုဂံခေတ်မှစ၍ ဆက်ဆံပေါင်းသင်းလာခဲ့ကြသဖြင့် အများဆုံး ရောစပ်ခဲ့ကြပေသည်။ မွန်နှင့် မြန်မာတို့သည် ဘာသာစကား ကွဲပြားကြစေကာမူ မွန်ဂိုလွိုက် အနွယ်တူဖြစ်ကြ၍ ရုပ်ရည်တူညီကြပြန်သဖြင့် သာ၍ပင် ရင်းနှီးချစ်ခင်ခဲ့ကြလေသည်။ မွန်တို့ သည် မြန်မာစကားကို လွယ်ကူစွာတတ်မြောက် ကြပြီးလျှင် မွန်စကားကိုပစ်ပယ်ကာ မြန်မာ စကားကိုသာ ပြောဆိုကြသဖြင့် သားသမီးများ သည် မိမိတို့မွန်လူမျိုးဖြစ်သည်ကို မသိမမြင် ကြတော့ဘဲ မြန်မာလူမျိုးဟုသာ ထင်မြင်ခဲ့ကြ လေသည်။ မည်သို့ပင်ဆိုစေကာမူ မွန်လူမျိုး တို့သည်လည်း မြန်မာနိုင်ငံတွင် မှီတင်းနေထိုင် ကြသော တိုင်းရင်းသား ၁၃၅ မျိုးတွင် ပါဝင် သော လူမျိုးများဖြစ်ကြသည့်အပြင် ရှေးအကျဆုံး တိုင်းရင်းသားလူမျိုးများအဖြစ် ဂုဏ်ယူစွာဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။   ။

မာန်သစ်ငြိမ်း(ရှေးဟောင်းသုတေသန)

ကိုးကား -  မြန်မာ့စွယ်စုံကျမ်းအတွဲ(၁ဝ)

No comments:

Post a Comment