Latest News

Friday, June 8, 2018

မန်ကျည်းသနပ်ရွက်ချဉ်ရည်ချက်ဟင်းလျာ

မန်ကျည်းသနပ်ရွက်ချဉ်ရည်ချက်ဟင်းလျာ




မြန်မာတိုင်းရင်းသားတွေရဲ့ ထမင်းဝိုင်းကိုကြည့်ရင် ဆီပြန်တစ်ခွက်က အဓိကဟင်းလျာ(Main dish)အနေနဲ့ ပါဝင်ပြီး အရံဟင်းတွေအဖြစ်နဲ့က အကြော်၊ အသုပ်၊ အတို့အမြှုပ်နဲ့ အရည်သောက် အစရှိတဲ့ ဟင်းအမယ်တွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်တာကို   တွေ့ရပါတယ်။   အဲဒီ အရည်သောက် ဟင်းလျာမှာလည်း ဟင်းချို၊ ဟင်းခါးအပြင် အချဉ်ဟင်းဆိုပြီး အသီးအနှံနဲ့ အရွက်အမျိုးမျိုးကို အချဉ်သီး တွေခတ်ပြီး တခုတ်တရ ချက်စားလေ့ရှိပါတယ်။

ချဉ်ပေါင်၊ ကင်ပွန်းနဲ့ မန်ကျည်းရွက်လို အချဉ်စူးတဲ့ အရွက်တွေကိုတော့ အချဉ်ပေါ့အောင် မျှစ်လို၊ ကန်စွန်းလို အခြားဟင်းသီးဟင်းရွက်တွေနဲ့ ရောနှောလို့ ချက်ကြပါ တယ်။ အခုတလော ဈေးတွေမှာ ရာသီစာအဖြစ် မန်ကျည်း ရွက်၊ ဥသျှစ်ရွက်နဲ့ သနပ်ရွက်ကလေးတွေကို စိမ်းစိမ်းစိုစို တွေ့နေရပါပြီ။     အထက်အညာဒေသတွေမှာတော့ မန်ကျည်းရွက်ပေါ်ချိန်ဆို မန်ကျည်းဖူး၊ မန်ကျည်းရွက်နု ကလေးခူးထည့်ကာ အကြော်၊ အသုပ် စသည်ဖြင့် အမျိုးစုံ လုပ်စားကြပါတယ်။

အချို့က မန်ကျည်းဖူး၊ မန်ကျည်းပွင့်နဲ့  မန်ကျည်းရွက်နု ကလေးတွေကို ကြာကြာထားစားနိုင်အောင် အချဉ်တည် ကာ အိုးသိပ်ထားစားကြပါသေးတယ်။ အောက်ပြည် အောက်ရွာဘက်မှာတော့ မန်ကျည်းရွက်ပေါ်ချိန်ဆို အတူ တွေ့လာရပြီဖြစ်တဲ့ သနပ်ရွက်ကလေးတွေနဲ့ရောပြီး ချက် ထားတဲ့ မန်ကျည်းသနပ်ရွက်ချဉ်ရည်ချက်က နာမည်ကြီး ပါတယ်။   မြန်မာတိုင်းရင်းသားတွေဟာ   ရာသီပေါ် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆေးလည်း အစာ၊ အစာလည်းဆေးဆိုပြီး    ပေါ်ဦးပေါ်ဖျားအချိန်များမှာ ဈေးကြီးပေးဝယ်ကာ တန်ဖိုးထားစားတတ်ကြပါတယ်။

မန်ကျည်းရွက်နဲ့  သနပ်ရွက်တို့ရဲ့  အကျိုးဂုဏ်ကို ဥတုဘောဇနသင်္ဂဟကျမ်းမှာ ''မန်ကျည်းရွက်သည် နှုတ်ကို မြိန်စေတတ်၏။ လေ, သလိပ်, ပိုး, အဆိပ်တို့ကို နိုင်၏။ ယားနာကို နိုင်၏။ သနပ်ရွက်သည် ရတ္တပိတ်နာကို နိုင်၏။ ဝမ်းချုပ်စေ၏''လို့ ဖော်ပြထားပါတယ်။

မန်ကျည်းရွက်ကို  သနပ်ရွက်နဲ့ရောပြီး  ချဉ်ရည် ချက်မယ်ဆိုရင် အချဉ်ပြေအောင် မန်ကျည်းရွက်နှစ်ဆနဲ့ သနပ်ရွက်တစ်ဆလောက်ရောပြီး ချက်ရပါမယ်။ အရွက်ရင့် တွေနဲ့ ရောနှောပါလာတတ်တဲ့  အရွက်ရိုးတွေဖယ်ပြီးတဲ့ အခါ  ရေစင်စင်ဆေးကာ  အရွက်များကို သီးခြားစိစစ် ထားပါမယ်။

ဟင်းခတ်အဖြစ် ရရာငါးသုံးနိုင်ပေမယ့် အောက် အရပ်ဘက်မှာတော့ ငါးခူနဲ့ အချက်များပါတယ်။  ဟင်း အတွဲအစပ်အဖြစ်  ငါးခူပြန်ကြော်နဲ့ လိုက်ဖက်လှတာမို့ ငါးခူကို အသုံးများကြတာပါ။ ''ငါးခူသည် လေကို နိုင်၏။ ကြေလွယ်၏။ အား, သုက်, သလိပ်တို့ကို ပွားစေတတ်၏''လို့ ငါးခူရဲ့အကျိုးဂုဏ်ကို ကာဝပ္ပကကျမ်းမှာ ရေးသားထား ပါတယ်။ ငါးခူကို သန့်စင်ဆေးကြောပြီးရင် ဘေးဘယ်ညာ ကို ဓားထက်ထက်နဲ့ ခပ်စိပ်စိပ် မွှန်း၊ အမြီးဖျားနဲ့ ငါးခူ ခေါင်းပိုင်းကိုတော့ ဟင်းအခတ်အတွက် သပ်သပ်ဖြတ်ပြီး ဖယ်ထားပေးပါ။ ပြီးက ဆားနနွင်းနယ်ကာ အသင့်ပြင် ထားပါ။

အားလုံးအသင့်ဖြစ်ပြီဆိုရင်  ငရုတ်၊  ကြက်သွန်ဖြူ၊ ကြက်သွန်နီထောင်းပြီးသားအရောကို ငါးခူခေါင်းအမြီး နဲ့ ဆီသတ်ပြီး မန်ကျည်းရွက်ထည့်လုံးပါ။ ဆီပြန်စပြုလာ ရင် ရေအနေတော်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ရပါ မယ်။ ဟင်းအိုးဆူလာရင် သနပ်ရွက်ခတ် အပေါ့၊ အငန် မြည်းပြီး မီးဖိုမှချနိုင်ပါပြီ။ မွှန်းထားတဲ့ ငါးခူအလယ်သား အပိုင်းတွေကို ဆီပေါပေါနဲ့ ကြွပ်ကြွပ်ကြော်ကာ  ကျန်တဲ့ ဆီမှာ    ငရုတ်၊   ကြက်သွန်ထောင်းပြီးသားအရောကို ရွှေဝါရောင်သန်းအောင်ကြော်ပြီး ငါးခူကြော်တွေအပေါ် လောင်းလိုက်ရင်   ငါးခူပြန်ကြော်   ကြွပ်ကြွပ်ရပြီပေါ့။ မန်ကျည်းသနပ်ရွက်ချဉ်ရည်ချက်နဲ့     ငါးခူပြန်ကြော် ဟင်းစပ်အတွဲက ထမင်းပွဲကို ဂုဏ်ထည်စေတာအမှန်ပါ။

စံလွင် (ငါးဦးစီး)

No comments:

Post a Comment