Latest News

Tuesday, June 5, 2018

ဆရာဇော်ဂျီ ရာပြည့်စာကြည့်တိုက်၏ မြန်မာစာဂုဏ်ထူးဆု ၁၉ ဦး ဆွတ်ခူးရရှိ

ဆရာဇော်ဂျီ ရာပြည့်စာကြည့်တိုက်၏ မြန်မာစာဂုဏ်ထူးဆု ၁၉ ဦး ဆွတ်ခူးရရှိ

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖျာပုံမြို့နယ် စာစစ်ဌာနများမှ ဖြေဆိုပြီး မြန်မာစာ ဂုဏ်ထူးရရှိကြသူများအား ဆရာဇော်ဂျီရာပြည့်စာကြည့်တိုက်၏ မြန်မာစာ ဂုဏ်ထူး ဆုကို နှစ်စဉ် ချီးမြှင့်လျက်ရှိရာ ယခု ၂ဝ၁၈ ခုနှစ်တွင်  ဖျာပုံမြို့နယ်အတွင်းမှ မြန်မာစာ ဂုဏ်ထူးရရှိသူ ၁၉ ဦး ပေါ်ထွက်ခဲ့ကြောင်း သိရသည်။

''ဖျာပုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်တွေ မြန်မာစာပေကို လေးစားတန်ဖိုး ထား ချစ်မြတ်နိုးစေရေး၊ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေး၊ ဖျာပုံသား ဆရာဇော်ဂျီကို ဂုဏ်ယူလေးစား အတုယူလာနိုင်စေရေး ရည်ရွယ်ပြီး နှစ်စဉ် ဆရာဇော်ဂျီ ရာပြည့် စာကြည့်တိုက်ရဲ့ မြန်မာစာဂုဏ်ထူးဆုတွေကို ချီးမြှင့်ရခြင်းဖြစ်ပါတယ်''ဟု စာကြည့် တိုက် အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောသည်။

ဆရာဇော်ဂျီ ရာပြည့်စာကြည့်တိုက်သည် ဖျာပုံမြို့ဇာတိ အမျိုးသားစာဆို ဆရာ ဇော်ဂျီအား ဂုဏ်ပြုသောအားဖြင့် ဆရာကြီး၏ဇာတိမြေ ဖျာပုံမြို့၌ ၂ဝဝ၈ ခုနှစ် ဧပြီလ အတွင်းက စတင်တည်ထောင်ဖွင့်လှစ်ခြင်းဖြစ်ပြီး နှစ်စဉ် တက္ကသိုလ်ဝင်တန်း မြန်မာစာ ဂုဏ်ထူး ရရှိကြသူများအား ဆုချီးမြှင့်ပေးကာ ယခုနှစ် ဆုပေးပွဲအခမ်းအနားကို စာကြည့်တိုက် ၁၁နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သည့် ၂ဝ၁၉ ခုနှစ် ဧပြီလတွင် ကျင်းပ၍  ဂုဏ်ပြုဆုတံဆိပ်နှင့် ဆုငွေများ ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖျာပုံခရိုင်အတွင်းမှ ကျောင်းသား ကျောင်းသူပေါင်း ၁၃၆ဝဝ ဝင်ရောက်ဖြေဆိုရာ ၃၉၃၃ ဦး အောင်မြင်ခဲ့ပြီး မြန်မာစာ ဂုဏ်ထူး ၅၄ ဦး၊ အင်္ဂလိပ်စာဂုဏ်ထူး  လေးဦး၊ သင်္ချာဂုဏ်ထူး  ၇၈ ဦး၊ ဓာတုဗေဒဂုဏ်ထူး ၈၅ ဦး၊ ရူပဗေဒဂုဏ်ထူး ၄၄ ဦး၊ ဇီဝဗေဒဂုဏ်ထူး ၁ဝ၂ ဦး၊ ပထဝီဂုဏ်ထူး ၁၇၅ ဦး၊ သမိုင်းဂုဏ်ထူး ၁၄၉ ဦး၊ ဘောဂဗေဒဂုဏ်ထူး ၇၇၂ ဦး ပေါ်ထွက်ခဲ့ကြောင်း ဖျာပုံခရိုင် ပညာရေးမှူး ဆရာမကြီး ဒေါ်စိန်မာအေးထံမှ သိရသည်။

မြန်​မာ့အလင်း၊သူဇာနွယ် (ဖျာပုံ)

No comments:

Post a Comment