Latest News

Wednesday, June 13, 2018

သထုံမြို့နယ် ကတိုက်ကြီးကျေးရွာအနီး သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပွား

သထုံမြို့နယ် ကတိုက်ကြီးကျေးရွာအနီး သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပွား

သထုံ ဇွန် ၁၃

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏ ဝတီမြို့နှင့်   လေးမိုင်ခန့်အကွာ ကတိုက်ကြီးကျေးရွာ ကွက်သစ်ပိုင်းနှင့် ကိုက် ၂ဝဝ ခန့်အကွာ စားကျက်မြေ အတွင်းရှိ  လယ်ကွက်အတွင်း၌    ဇွန် ၁၃ ရက် ညနေ ၄ နာရီ ၁ဝ မိနစ် ခန့်က မုတ္တမကမ်းလွန်မှ ရန်ကုန်မြို့ အထိ သွယ်တန်းထားသော သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသည် ယိုစိမ့်၍  ပေါက်ကွဲမှုဖြစ်ပြီး အမြင့်ပေ ၃ဝ ခန့် လေထဲသို့  ပန်းထွက်နေကြောင်း သိရသည်။

''အသံက ဝုန်းခနဲပဲ၊ တစ်ရွာလုံးက ကြားကြတယ်၊   လယ်ကွင်းထဲမှာ ရေပြည့်နေလို့ တော်သေးတယ်၊ လူ အန္တရာယ်မရှိဘူး၊  မနှစ်ကလည်း ဒီရွာနားမှာ တစ်ခါဖြစ်သေးတယ်၊ အခုဆိုရင် ဘယ်အချိန်ပြင်ပြီးမှာလဲ မပြောတတ်ဘူး၊  ရွာသားတွေကတော့ ကြောက်နေကြတယ်''ဟု ကတိုက်ကြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းကြည် က ပြောသည်။  ''ဖူးကြီးပိုက်လိုင်းစခန်း ကို ဆက်သွယ်ထားပါတယ်၊ ကျန်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို လည်း အကြောင်းကြားပြီးပါပြီ၊ ဒီ ပိုက်လိုင်းကို    တည်ဆောက်တာ ၂ဝဝ၉ ခုနှစ်လောက်က ထင်တယ်၊ ပိုက်အချင်းက လက်မ ၂ဝ ရှိပါတယ်၊ ရေအောက်ထဲမှာ မြုပ်နေတဲ့အတွက် ဘာဖြစ်မှန်း မသိရပါဘူး၊ ပြင်ဆင်ချိန် ဘယ်လောက်ကြာမယ်ဆိုတာ မသိ သေးပါဘူး''ဟု ပိုက်လိုင်းတာဝန်ခံ ဦးသန်းနိုင်စိုးက ဆိုသည်။

အဆိုပါနေရာသို့ နယ်မြေခံတပ်မှ ဗိုလ်မှူးအောင်မျိုးစိုးနှင့် တပ်မတော် သားများ၊    ကတိုက်ကြီးကျေးရွာ ရဲကင်းမှူး ရဲအုပ်ကျော်နန္ဒအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိ သူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။              

 ခွန်(ဝင်းပ)

No comments:

Post a Comment