မုတ်သုံလေ အားကောင်းတဲ့အတွက် ကမ်းရိုးတန်းဒေသတွေ မိုးရွာမယ် ကုန်းတွင်းပိုင်းမှာဆို ချင်းတို့၊ စစ်ကိုင်းအထက်တို့၊ ကချင်တို့မှာ မိုးရွာမယ် ။ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးမှုဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိရာ ရာသီဥတုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်နှင့် တွေ့ဆုံမေးမြန်းထားသည်များ ကို ဖော်ပြလိုက်ရပါသည်။
မေး။ ။ ဆရာရှင့် ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မိုးလေဝသ အခြေအနေကို သုံးသပ်ပေးပါ။
ဖြေ။ ။ အခုရက်ပိုင်း ဘင်္ဂလားပင်လယ်အော် မှာ ထူးခြားတာက မုတ်သုံလေက အားအလွန် ကောင်းတယ်။ အားလုံးခြုံပြောရင် ကောင်း တယ်ပေါ့။ အဲဒီအထဲမှာ အလွန်ကောင်းတာက ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းရယ်၊ အရှေ့တောင်ပိုင်း ရယ် သုံးနေရာပေါ့။ မြန်မာပြည်အနေနဲ့ ပြောရရင် မွန်၊ တနင်္သာရီ၊ မုတ္တမကွေ့၊ ဧရာဝတီကမ်းရိုးတန်းတစ်လျှောက်မှာ မုတ်သုံ က အားကောင်းနေတယ်။ မုန်တိုင်းတွေ ဘာတွေလည်းမရှိဘူး၊ လေထု မငြိမ်မသက် ဖြစ်တာလည်း တဖြည်းဖြည်းလျော့လာတယ်။ ဟိုတစ်လောကဖြစ်တာလည်း ဘင်္ဂလားဒေ့ရှ် ထဲ ဝင်သွားပြီ။ နောက်ပိုင်းကျတော့ ဒီလေ ဖိအားနည်းရပ်ဝန်းတို့၊ မုန်တိုင်းတို့က နောက် တစ်ခါဖြစ်ရင် အိန္ဒိယဖြစ်သွားပြီ။ ပထမ မြန်မာမှာဖြစ်တယ်။ နောက်ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်တယ်။ နောက်တစ်ခေါက်ဖြစ်ရင် အိန္ဒိယ ပေါ့။
မေး။ ။ အိန္ဒိယမှာ မုန်တိုင်းဖြစ်ရင် မြန်မာ ပြည်မှာရော ရိုက်ခတ်ဖို့ရှိသလားဆိုတာ သိပါရစေ။
ဖြေ။ ။ အိန္ဒိယဆိုတော့ မုန်တိုင်းအန္တရာယ် တော့ စိုးရိမ်စရာမရှိဘူး။ ဒါပေမယ့် အိန္ဒိယ ရဲ့အရှေ့မြောက် ဘင်္ဂလားပင်လယ်အော်ရဲ့ အနောက်မြောက်ကမ်းရိုးတန်းမှာ များသော အားဖြင့် ဖြစ်လေ့ရှိတယ်။ ဖြစ်လိုက်ရင် မုန်တိုင်းရဲ့ တိုက်ရိုက်ထိခိုက်မှုကတော့ မြန်မာ ပြည်ပေါ်မှာ မရှိနိုင်ပေမယ့် အဲဒီလေဖိအား နည်းရပ်ဝန်းပဲဖြစ်ဖြစ်၊ မုန်တိုင်းငယ်ပဲဖြစ်ဖြစ် ဖြစ်လာခဲ့မယ်ဆိုရင်တော့ ဘင်္ဂလားပင်လယ် အော်မှာ မုတ်သုံက အားပြန်ကောင်းမှာ တစ်ချက်ရှိတယ်။
နောက်တစ်ချက်က အရှေ့ဘက်က တောင်တရုတ်ပင်လယ်ပြင်ရှိတယ်။ ဒီအချိန် အခါမှာ ကြည့်ရတာက အရှေ့ရော၊ အနောက် ရော မျှကြည့်ရမှာ။ အရှေ့ဘက်မှာ တောင် တရုတ်ပင်လယ်မှာက မုန်တိုင်းတွေကလည်း တန်းစီဖြစ်နေတယ်၊ သူတို့ရဲ့ ဦးတည်ရာဘက် ကတော့ အမှန်မရှိဘူးပေါ့၊ ဟိုတစ်လောက တော့ အရှေ့မြောက်ဘက် ပြန်ကွေ့တယ်၊ နောက်ပိုင်းတော့ အနောက်ဘက်လာရင် မြန်မာပြည်ဘက်မှာ မိုးပြန်လိုက်လာမှာပေါ့။
မေး။ ။ မိုးလေဝသနဲ့ပတ်သက်ပြီး တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေမှာ ထူးခြားမှုရှိရင် လည်း ပြောပြပေးပါ။
ဖြေ။ ။ ထူးခြားတာကတော့ မြန်မာပြည် အရှေ့ပိုင်းမှာ မိုးနည်းနေတယ်။ မိုးက အနောက်ဘက်မှာပဲများတယ်။ အရှေ့ဘက်က ကယားတို့၊ ရှမ်းတို့၊ ကရင်မြောက်ပိုင်းတို့၊ ပဲခူး အရှေ့မြောက်တို့ အဲဒီဘက်မှာတော့ အများ အားဖြင့် မိုးနည်းပါတယ်။ မန္တလေးတောင် ပိုင်းလည်း မိုးနည်းပါတယ်။ လောလောဆယ် အဲဒါပဲ။
မေး။ ။ အခုရက်ပိုင်းအတွင်း ဒေသတချို့ မှာ မိုးသည်းထန်စွာရွာသွန်းနေတဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေးအန္တရာယ် တွေကိုလည်း ခန့်မှန်းပေးပါ။
ဖြေ။ ။ မိုးရွာဖို့အလားအလာကို ပထမဆုံး နောက်လာမယ့်ရက်တွေမှာ ဖြစ်နိုင်တာကို ပြန်ပြီးတွက်ကြည့်တဲ့အခါမှာ မုတ်သုံဟာ လာမယ့် ဒီတစ်ပတ်မှာ ဆက်လက်ပြီး အားကောင်းမယ်။ အားကောင်းပြီးတော့ ကမ်းရိုးတန်းဒေသတွေမှာ ပိုပြီးတော့ အားကောင်းမယ်။ မုတ်သုံမိုးတွေ ရွာလိမ့်မယ်။ မုတ်သုံမိုး ကောင်းမယ့်ဒေသတွေက အများ အားဖြင့် ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး တောင်ပိုင်း၊ မွန်၊ ကရင်၊ တနင်္သာရီကမ်းရိုးတန်း အကုန်လုံးပါတယ်။ အတွင်းပိုင်းကျတော့ ပဲခူးတိုင်းဒေသကြီးတစ်ခုလုံးပါမယ်။အထူးသဖြင့် မကွေးတိုင်းဒေသကြီးပေါ့၊ မကွေးတိုင်းဒေသ ကြီးရဲ့ အနောက်မြောက်ဘက်မှာ လောလော ဆယ် မိုးကောင်းမယ်။ လာမယ့်တစ်ပတ်မှာ မကွေးတိုင်းဒေသကြီးက နည်းနည်းတော့ လျော့ဖို့ရှိပါတယ်။
မိုးကောင်းဖို့က မကွေးကိုချန်လိုက်ပြီးရင် ဘာကျန်မလဲဆိုတော့ စောစောက ကမ်းရိုး တန်းအပြင် ချင်းပြည်နယ်ပါမယ်၊ စစ်ကိုင်း အထက်ရယ်၊ ကချင်ရယ်၊ တစ်နည်းပြောရရင် မြန်မာပြည်နယ်နိမိတ် တစ်လျှောက်ပေါ့။ အဲဒီဒေသတွေအားလုံးဟာ လာမယ့် သုံးရက် ကစပြီး ခုနစ်ရက်အတွင်း မိုးများမယ်လို့ ပြောနိုင်တယ်။
မိုးများမယ်လို့ပြောနိုင်တော့ ပြဿနာတွေ က သူ့နေရာနဲ့သူ ရှိမှာပေါ့၊ ဥပမာ ရခိုင်မှာ မိုးများတဲ့အတွက်ကြောင့် ရခိုင်မြောက်ပိုင်း ရော၊ တောင်ပိုင်းရော လောလောဆယ်မှာ ရေဖုံးနေတယ်။ ခဏခဏ ရေဖုံးတတ်တယ် လေ။ သံတွဲတို့ဘာတို့က အခုလည်း ရေတွေ မြုပ်နေတယ်။ စစ်တွေဘက်မှာဆိုရင်လည်း ရေမြုပ်တဲ့နေရာတွေရှိတယ်။ အောက်ဘက် ဆင်းလာရင်တော့ ရေအများကြီးမြုပ်နေတာ သုံးပွင့်ဆိုင်နေရာ ဘယ်နေရာလဲဆိုတော့ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီးရယ်၊ ပဲခူးတိုင်းဒေသကြီးရယ်၊ ဒီတိုင်း သုံးတိုင်းဆုံတဲ့ အဲဒီဧရိယာမှာ ရေက အများဆုံးဖြစ်မယ်၊ အများဆုံးကတော့ တောင်ကျရေပဲ၊ ကျန်တဲ့နေရာလည်း ရေက နည်းနည်းဖုံးမယ်။ ရေဖုံးတာ နည်းနည်း များမှာက ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်း ဆို ပင်လယ်ဘက်အခြမ်းမှာလည်း ရေဖုံးတာ နည်းနည်းများတယ်။ မွန်မှာလည်း နည်းနည်း များတယ်။ နောက်တနင်္သာရီမှာလည်း နည်းနည်းများတယ်။ အဲဒါတွေက လောလော ဆယ် ရေဖုံးတဲ့ ဧရိယာတွေပါပဲ။
ချင်းပြည်နယ်က ဘင်္ဂလားဒေ့ရှ်နဲ့ ချင်း ပြည်နယ် နယ်စပ်မှာ မြေပြိုနိုင်တယ်။ မြေပြိုမှု အလားအလာရှိနေတာ သတိထားရမှာက ရခိုင်မြောက်ပိုင်း၊ ရခိုင်တောင်ပိုင်း၊ မကွေး တိုင်းဒေသကြီးအလယ်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီးမြောက်ပိုင်း အဲဒီနေရာမှာ မြေပြိုမှု အလားအလာရှိနေတယ်လို့ မှန်းထားတယ်။
မေး။ ။ ဒီတစ်ပတ်ထဲမှာ မုန်းတိုင်းဖြစ်ဖို့ အလားအလာရှိပါသလားဆရာ။
ဖြေ။ ။ ဒီတစ်ပတ်အတွင်းမှာတော့ မုန်တိုင်း ဖြစ်ဖို့ အလားအလာက လောလောဆယ် ကြည့်တော့ မရှိသေးဘူး။ ဖြစ်တော့ဖြစ်မှာပေါ့၊ လေဖိအားနည်းရပ်ဝန်းလောက်တော့ ဖြစ်မှာ ပေါ့။ စောစောက ပြောသလိုပဲ ဒီတစ်ခါ ဖြစ်ရင်တော့ အိန္ဒိယဘက်သွားဖို့များတယ်။ မုန်တိုင်းအန္တရာယ်တော့ မစိုးရိမ်ပါနဲ့ပေါ့။ ဒါပေမယ့် လေဖိအားနည်းရပ်ဝန်းဖြစ်တဲ့ အတွက်ကြောင့် မုတ်သုံလေ အားကောင်း တယ်၊ အားကောင်းတဲ့အတွက် ကမ်းရိုးတန်း ဒေသတွေ မိုးရွာမယ်။ ကုန်းတွင်းပိုင်းမှာဆို ချင်းတို့၊ စစ်ကိုင်းအထက်တို့၊ ကချင်တို့မှာ မိုးရွာမယ်။ စစ်ကိုင်းအထက်၊ ကချင်တို့မှာ မိုးရွာတဲ့အတွက် နောက်ထပ်တိုးလာနိုင်တဲ့ ပြဿနာက ဘာတွေလဲဆိုတော့ ချင်းတွင်း မြစ်နဲ့ ဧရာဝတီမြစ်ဟာ ရေတက်လာမယ်။ ဒီတစ်ပတ်အတွင်းမှာ ကမ်းရိုးတန်းမှာရှိတဲ့ အထက်ပိုင်းမြို့တွေပါ အခုရက်ပိုင်းမှာ ရေအန္တရာယ် သတိထားဖို့လိုတယ်။ စိုးရိမ် မှတ်ကိုရောက်ဖို့ အလားအလာ များတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်ရှင့်။
တွေ့ဆုံမေးမြန်း-သီသီမင်း၊ဓာတ်ပုံ-မအိ
No comments:
Post a Comment