Latest News

Tuesday, June 12, 2018

ရွှေပြည်ဌာန လေပြည်လာက နေခြည်ဖြာမှ...

ရွှေပြည်ဌာန   လေပြည်လာက   နေခြည်ဖြာမှ...

မဲဇာထက်အောက်၊ လမ်းပေါက်ရေဆီး၊
ကွင်းကြီးရစ်ခွေ၊ ကျက်သရေရုံပေါင်း၊
မြစ်နှင့် ချောင်းလည်း၊ ထောင်းထောင်းမှုံငွေ့၊
ထွက်၍ တင်ကျန်၊ နက်တိမ်စမ်းက၊
သွားလမ်းမသာ၊ ရေလယ်မှာ၌၊
ရောက်လာချုံပုတ်၊ တစ်ချုံပြုတ်၍၊
တိုးလှုပ်မနိုင်၊ အဆိုင်ဆိုင်လျှင်၊
တောမြိုင်လည်လှည့်၊ ကမ်းလုံးပြည့်မျှ၊
ရှုကြည့်လေရာ၊ ကြောက်ဖွယ်သာတည့်၊
တိမ်တောင်မိုးရှိ၊ ထွေးယှက်ငြိမျှ၊

လွန်ခဲ့သောနှစ်ပေါင်း ၂၅ဝကျော်ကာလ ဆင်ဖြူရှင်
မင်းလက်ထက် မင်းရာဇဝတ် သင့်သောကြောင့် နယ်နှင်
ဒဏ်ခံရသည့် အမတ်ကြီး လက်ဝဲသုန္ဒရ ရောက်ရှိခဲ့သော
မဲဇာသည် ရှုကြည့်လေရာ ကြောက်ဖွယ်သာတည့်ဟု အမတ်ကြီးက သူ၏ရတုတွင် စပ်ဆိုခဲ့သည်။ ထိုစဉ်က မဲဇာသည် လူသူမနီးသည့် ပကတိတောကြီးဖြစ်မှာပေါ့။ မဲဇာမြစ်ကလျှံတက်သောမြစ်ရေကြောင့် ချောင်းပေါက်
မြောင်းငယ်တို့ဖြင့်လည်း စိုစိုစွတ်။ ဝန်းကျင်မှာလည်း သစ်ကြီးဝါးကြီးတွေသာမက ချုံပုတ်ဝါးရုံ ဆူးပုံတွေက
လည်း ရစ်ခွေနေမှာပေါ့။ သည်လိုနေရာကို မင်းနှင့် ပတ်
သက်သည့် ရာဇဝတ်မှုကြီး ငါးမျိုးအနက် တစ်မျိုးမျိုး
ကျူးလွန်သည်နှင့် အဆုံးစီရင်ရသည့် ထုံးကြောင့်
ကြောက်လန့်တကြား ထွက်ပြေးသော ငယ်ကျွန်၏
အပြစ်ဖြင့် အမတ်ကြီးလည်း တစ်နွယ်ငင်တစ်စင်ပါ
ပြစ်ဒဏ်သင့်၍ နယ်နှင်ဒဏ်ခံရခြင်းဖြစ်သည်။ ထိုစဉ်
ကတည်းက 'မဲဇာ'ဟူသော ဝေါဟာရသည်  မင်းပြစ်
မင်းဒဏ်သင့်ခြင်း၊ နယ်နှင်ဒဏ်ခံရခြင်း၊ ဒုက္ခဆင်းရဲ
ရောက်ခြင်း၊ လူသားဆိုင်ရာ  ယဉ်ကျေးသောအဖွဲ့
အစည်းမှ ကင်းလွတ်ခြင်း၊ အထီးကျန်ဆန်ခြင်းစသော
အဓိပ္ပာယ်များအဖြစ် ခံစားခဲ့ကြသည်။ ထိုအကြောင်း
ခြင်းရာများသည်လည်း  အမတ်ကြီးလက်ဝဲသုန္ဒရ၏
''မဲဇာတောင်ခြေ၊ သဲသာသောင်မြေ၊ ပွဲခါညောင်ရေ''
အစချီသော ပိုဒ်စုံရတု၏   စာပေရသဂုဏ်ြေ
ကာင့်
ဖြစ်သည်။

တစ်နှစ်သော ဆောင်းဦးပေါက်၏ အခါမဲ့ မိုးစွေစွေ
ရွာသွန်းချိန်၌   မဲဇာသို့  ကျွန်တော်ရောက်ခဲ့သည်။ တစ်စုံတစ်ယောက်က  မုန်းမာန်အာဃာတကြောင့် ပို့လွှတ်ခံရခြင်းတော့မဟုတ်။ ထို့အတူ ဆရာဒဂုန်တာရာ
ပြောသကဲ့သို့ မိမိကိုယ်ကိုယ် မဲဇာပို့ခြင်းလည်းမဟုတ်။ ထီးချိုင့်၊ တည်တော၊ အလယ်တော၊ လေသာကုန်း ခရီးစဉ်တွင် မဲဇာက လမ်းသင့်နေသောကြောင့် သည်
မိုးစွေစွေထဲ မဖြစ်မနေသွားရောက်ခဲ့ကြခြင်းဖြစ်သည်။
ထီးချိုင့်ကတစ်ဆင့် အင်းတော်မြို့နယ်ထဲရှိ မဟာဗျူဟာ လမ်းသို့ပေါက်သော လမ်းတစ်လျှောက်သွားလာရသည့် ခရီးစဉ်ဖြစ်သည်။ ထိုလမ်းမမှ မဲဇာသို့သွားသည့် လမ်း
သို့ဝင်ကတည်းက ရင်ခုန်လှုပ်ရှားလာသည်။ တကယ်
တော့ ရှုကြည့်လေရာ ကြောက်ဖွယ်သာတည့်ဟု အမတ်
ကြီးစပ်ဆိုခဲ့သလို မဟုတ်တော့။ လူသူအရောက်အပေါက် များပြားပြီး စီးပွားဖြစ်ထွန်းသော နယ်မြေဖြစ်၍နေပြီ။ လမ်းဘေးဝဲယာ လယ်ကွင်းတွေက တစ်မျှော်တစ်ခေါ်
စိုပြည်လွင်။ အမတ်ကြီးစပ်ဆိုခဲ့သလို တိမ်တောင်မိုးရှိ၊ ထွေးယှက်ငြိမျှ၊ လွမ်းမိစဖွယ်၊ ကောင်းကင်လယ်လျက်၊ တောင်လယ် တောင်ထိပ်၊ မိုးညိုရိပ်၍ဟူသော မြင်ကွင်း
ကိုလည်း စွေစွေမိုးအတိတ် လှစ်ခနဲပြူလာသည့် နေခြည်
အစွန်းအစတွင် ရင်ဖိုဖိုမြင်လိုက်ရသည်။  

မို့မို့ မိုမို ညို့ညို့ ညိုညို

ကားလမ်းက မြေသားလမ်းမို့ အသွားအလာများသော် လည်း   မိုးစွေစွေတွင်   သတိထားမောင်းရသည်။
ပျော်တတ်သည့် ကားဒရိုင်ဘာလူငယ်က သူ့ကားပေါ်မှာ စာရေးဆရာတွေပါလာတယ်ဆိုတာသိတော့ လှပသော သဘာဝပတ်ဝန်းကျင်ကို ကြည့်ရှုခံစားရင်း ''အထက်
ဆို... ဘဝဂ်ကို ... တက်မလို ညိုမှိုင်းနေ... မို့မို့မှိုင်းမှိုင်း... ညို့ညို့ဆိုင်းဆိုင်း... ရှုလေတိုင်း
... အုံ့မှိုင်းလို့သာဝေ... မြစ်ရေ... တွေတွေခြိမ့်
သဲ... လက်ဝဲသုန္ဒရ... ရောက်ခဲ့ရတဲ့... သည်
ဝနာမြေ'' ဟု ကျွန်တော်တို့နှစ်ခြိုက်သည့် သီချင်းကို
ပီပီပြင်ပြင်သီဆိုနေသည်။  ကျွန်တော်တို့လည်း သူနှင့်
အတူ လိုက်ဆိုကြတာပေါ့။ ခရီးဖော် စာရေးဆရာမက သီချင်းကိုလိုက်ဆိုရင်း ''ဒီအပိုဒ်မှာ ဆရာမြို့မငြိမ်းက မို့မို့ မိုမို... ညို့ညို့ ညိုညို... ရှုလေတိုင်းအုံ့မှိုင်းလို့သာဝေလို့ သူ့မူရင်းသီချင်းမှာ စပ်ဆိုခဲ့တယ်ဆို'' ဟု ကျွန်တော့်ကိုလှမ်းမေးသည်။

ကားက လမ်းအကွေ့မို့အရှိန်လျှော့သည်။ ကျွန်တော်
က ခေါင်းပေါ်ရှိတန်းကိုကိုင်၍ အလိုက်သင့် ထိုင်ရင်း
''ဟုတ်တယ်။ ဆရာငြိမ်းက မြန်မာစကားလုံးရဲ့ အလုံးတူ
အသံကွဲတွေကို သဘောကျသတဲ့။ မှိုင်းပြာရီညို့... တိမ်လွှာမို့မိုလွင်လို့ သူ့ တိမ်လွှာမို့မိုလွင်သီချင်းထဲမှာ စပ်ဆိုခဲ့တာလေ။ သတိမထားတဲ့သူတွေက ခပ်လွယ် လွယ် တိမ်လွှာမို့မို့လွင်လို့ပဲ အလုံးတူအသံတူ မှတ်သား
ကြတာ။ သူ့မိတ်ဆွေကြီး ကွယ်လွန်သူ တောင်မြို့ ဦးကို
လေး ကပြောဖူးတယ်။ တူရိယာပစ္စည်းကို ခပ်ကြမ်းကြမ်း ကိုင်တဲ့ တပည့်တွေကိုလည်း သာသာ့... သာသာ့လေး
များ လုပ်ပါကွယ်လို့ ပြောလေ့ရှိတယ်တဲ့။ သာနှစ်လုံးရဲ့ အလုံးတူအသံကွဲတွေကို စကားပြောရာတောင် သုံး
တာလေ''ဟု ကျွန်တော်က ရှင်းပြသည်။

ခမ်းနားသော ဇရပ်တန်ဆောင်းကြီး

လမ်းဘေးတစ်လျှောက် ရွာတွေကိုဖြတ်ရတော့ ထူး
ခြားတာက ရွာရှိအိမ်တိုင်းလိုလို သစ်ကြီးဝါးကြီးတွေ သုံးစွဲပြီး  အခိုင်အခံ့ ဆောက်လုပ်ထားခြင်းဖြစ်သည်။ အများစုအိမ်တွေက နှစ်ဆောင်ပြိုင်ဖြစ်ပြီး လှေကား
နှစ်စင်းတပ်ထားသည်။ အိမ်မကြီးအတွက်တစ်စင်း၊ မီးဖိုခန်းအတွက် တစ်စင်းဖြစ်သည်။ အိမ်တိုင်းမှာ ခြံဝင်း
ကျယ်တွေရှိကာ အလှစိုက်ပန်းတွေနှင့် သစ်ရိပ်ဝါးရိပ် တွေက စိမ်းမြဝေဆာနေသည်။ လမ်းမဘက်က ခြံစည်းရိုး
ဝင်းထရံတွေကို သတိထားကြည့်မိတော့ ထွာဆိုင်
လောက်အနည်းဆုံးရှိသည့် သစ်လုံးတွေနှင့် စည်းရိုးခတ်
ထားသည်။ မိတ်ဆွေသတင်းထောက်တစ်ဦးက သစ်လုံး
တွေနှင့် ခံ့ခံ့ညားညားအိမ်ကြီးအိမ်ကောင်းတွေကိုကြည့်
ပြီး ''ဒီရွာက ဝင်းထရံတိုင်တွေက ကျုပ်အိမ်က အိမ်တိုင်
တွေထက် ပိုကောင်းသဗျ'' ဟု အားကျနေသည်။ ကား
ဆရာကတော့ ကားကိုသတိထားမောင်းနှင်ရင်း ''ဝေးခဲ့
ပေါ့ဌာနီ... တို့တိုင်းပြည်... ခြုံလွှာထွေးမလုံသေး ပေ... မွန်းတည့်နေခြည်ဖြာမှာနွေးတယ်... တရေး
ရေးတွေးလေ ဆွေးလေ...'' ဟူသော အပိုဒ်ကို ဆက်
လက်သီဆိုနေပြန်၏။ ဖြတ်သန်းသွားသော ရွာတွေမှာ
နောက်ထပ် သတိထားမိတာလည်း  ရှိသေးသည်။ မည်မျှအိမ်ခြေနည်းသော ရွာဖြစ်ပါစေ၊ ရွာရှိစေတီပုထိုး နှင့် ဘုန်းတော်ကြီးကျောင်းတွေကို ခမ်းခမ်းနားနား
တည်ထားကိုးကွ
ယ်ကြခြင်းဖြစ်သည်။ အခုလည်း ပန်းပု
ရုပ်လုံးရုပ်ကြွများနှင့် ခမ်းနားသော ဇရပ်တန်ဆောင်းကြီး
ကို မြင်တွေ့ရပြီး အံ့အားတသင့်ဖြစ်ရသည်။ မိုးက ခပ် သည်းသည်း ထပ်ရွာပြန်သည်။

မိုးရေစိုသောအလှ

ကားက လမ်းပေါ်မှာ စလစ်ဖြစ်မှာစိုးသောကြောင့် လမ်းကြောင်းရွေးပြီး ခပ်ဖြည်းဖြည်းမောင်းနှင်ရသည်။ ရှေ့မလှမ်းမကမ်းကို သတိထားမိကြသည်။ မိုးရေစိုစိုထဲ
နောက်ကမြင်ရသော   ရွာသူလေးတစ်ယောက်ဖြစ် သည်။ စာရေးဆရာမက ကျွန်တော့်ကို ''ရှေ့ကြည့်လိုက်
စမ်းပါဦး... နန်းတော်ရှေ့ဆရာတင်ရဲ့... သီချင်းကို
သတိမရဘူးလား'' တဲ့။ ကျွန်တော်က လမ်းဘေးကို ငေးနေရင်းမှ ရှေ့တူရူကိုသတိထားမိပြီး ''... အရှေ့
ပြင် ဗွေတစ်ငူ... တောသူတောင်သူ... အပျိုတိုင်း
က... နဂိုအတိုင်းခပ်ယဉ်ယဉ်ဆိုတာလား'' ဟု ပြန်
ပြောမိသည်။ ဆရာမက ခပ်သင်းသင်းရယ်ရင်း ''ဆရာ
တင်ကပြောတယ်ဆို တို့တောသူတွေအလှက မိုးရွာမှ ပိုပေါ်တယ်ဆိုတာလေ''တဲ့။ ဟုတ်သည်။ နန်းတော်ရှေ့ ဆရာတင်က မန္တလေးအရှေ့မြောက်ဘက်ရှိ အိမ်ရှေ့မင်း
ထန်းတောတွင် ထန်းရည်သောက်ရင်း မိုးရွာထဲ ရှာတ
ဘက်ကလေး ခေါင်းပေါ်တင်ပြီး ကင်ပွန်းချုံကွယ်မိုးခို သော မင်းဂံဘုတ်ရွာသူလေး၏ မိုးရေစိုသောအလှကို ဖွဲ့ခဲ့ခြင်းဖြစ်သည်။

အခု ကားကခပ်ဖြည်းဖြည်း သတိထားပြီး မိုးရေထဲ
ခမောက်လေးဆောင်းကာ ထဘီလေးခြေသလုံးသားပေါ်ရုံ မ၍ ရွှံ့ရေကွက်ကိုရှောင်၍ သွားနေသော ထန်းကုန်းသူ
ကလေးကို ကျော်၍အသွား မြင်လိုက်ရသည်က ကား
ပေါ်ပါသူ အားလုံးလည်ပြန်ကြည့်မိကြသည်။ အသား
အရေကောင်းသော၊ အလုံးအဖန် အရပ်အမောင်း ကောင်းသော၊ ဆံကေသာ နက်မှောင်ကြော့ရှင်းသော၊ ရုပ်ရည်ရူပကာလှပသောစသည့် သောပေါင်းများစွာနှင့် ပြည့်စုံသော ရွာ့သမီးပျိုလေးဖြစ်နေသည်။ တကယ်
တော့ တိုင်းရင်းသားအားလုံးပါဝင်သည့် ကျွန်တော်
တို့ပြည်ထောင်စု သမီးပျိုတိုင်းလိုလို ယဉ်ကျေးဖွယ်ရာ လှပကြော့ရှင်းကြပါ၏။ အသိပညာဖြင့် တန်ဖိုးရှိမည့်
အမျိုးကောင်းသမီးလေးတွေ ကမ္ဘာ့အလယ် ဝင့်ကြွား တောက်ပြောင်ကြဖို့ဖြစ်သည်။

နာမည်ကျော် မဲဇာမြေ

ကားက ရွာတွေအလွန် ကုန်းအတက်တစ်ခုရောက် တော့ စက်သတ်ရပ်သည်။ ကားဆရာက လမ်းမှ ဖဲ့ဆင်း
သွားမည့် လမ်းကြောရှေ့ပိတ်ထားသော သစ်သားတန်း ကြီးကိုဖယ်လိုက်ပြီး ထိုလမ်းကြောအတိုင်း ကားကို မောင်းဝင်သည်။ ရှေ့ပေနှစ်ရာဝန်းကျင်မှာ ဘုန်းကြီး
ကျောင်းတစ်ကျောင်း၊ ပြီးတော့ ဥာဏ်တော်မနိမ့်လွန်း
မမြင့်လွန်းသော စေတီစု...။ ''ကိုင်း...  မဲဇာကို
ရောက်ပါပြီဗျာ။ မြစ်ကြီးနားရထားလမ်းဘေးက မဲဇာ
ဘူတာဆိုတာ မဲဇာကြီးလို့ ခေါ်ပါတယ်။ လက်ဝဲသုန္ဒရ
အမတ်ကြီးရောက်ခဲ့တာ အဲဒီမဲဇာကြီးမဟုတ်ပါဘူး။ အခုရောက်နေတဲ့မဲဇာပါ။ မဲဇာလေးလို့ခေါ်ပါတယ်။ ရှေ့ကစေတီတွေက လက်ဝဲသုန္ဒရအမတ်ကြီး တည်ထား
ခဲ့တဲ့   စေတီတွေပါပဲ''ဟု   ကားဆရာက  ပြောတော့
ကျွန်တော်တို့ ရင်ဖိုသွားကြသည်။ နာမည်ကျော် မဲဇာမြေ
ကို ခြေချမိပြီပေါ့။ ကောဇာသက္ကရာဇ် ၁၁၂၅ ခုနှစ်တွင်
ရွှေဘိုမြို့မှ ဤအရပ်သို့ လက်ဝဲသုန္ဒရအမတ်ကြီး မင်းပြစ်
မင်းဒဏ်ဖြင့်    နယ်နှင်ပို့လွှတ်ခံရသည်။    မဲဇာတွင် တစ်ကိုယ်တည်း  မသေရုံတစ်မည် နေထိုင်ရစဉ် စေတီ
တော် ၁၂ ဆူ တည်ထားခဲ့ပြီး ရှေးကရှိပြီးသော ရွှေဂူတော်
စေတီကိုလည်း ပြုပြင်ကုသိုလ်ယူခဲ့သည်။ မဲဇာဒေသ
၏ ဝန်းကျင်တွင် အရှေ့ဘက်၌ ကံ့ကော်တောင်တန်းကြီး
ရှိသည်။ အနောက်ဘက်တွင်  မြင့်မားဝေသီသော မင်းဝံတောင်တန်းကြီး။

ကွမ်းဘောင်ချောင်းနှင့် မဲဇာမြစ်တို့ဆုံရာ

ထို့နောက် မလှမ်းမကမ်းလေသာကုန်းရွာ၏ မြောက်
ဘက်မှာ ကင်းစမ်းတောင်တန်းခေါ် အင်းတောင်နှင့် ရေ
ဝေတောင်တို့ရှိသည်။ ထိုအရပ်မှလည်း ရေဝေချင်းက
စီးဆင်းသည်။ ရေဝေချောင်းသည် ကွမ်းဘောင်ရွာအနီး ကံ့ကော်တောင်တန်းမှ မြစ်ဖျားခံ၍စီးဆင်းလာသော ကွမ်းဘောင်ချောင်းနှင့် လေသာကုန်းရွာအောက် တစ် ဖာလုံခန့်တွင် ပေါင်းဆုံမိသည်။ မဲဇာစေတီတော်များ
တည်ထားသည့် ယခုနေရာသည် ကွမ်းဘောင်ချောင်းနှင့် မဲဇာမြစ်တို့ ဆုံရာဌာနဖြစ်သည်။ မဲဇာမြစ်သည် ကသာ
ခရိုင် အနောက်မြောက်အစွန်း တောင်သုံးလုံးကြားမှ မြစ်ဖျားခံ၍ အရှေ့တောင်ဘက် ယွန်းယွန်းအတိုင်း
စီးဆင်းပြီး  ထီးချိုင့်မြို့အနီး ညောင်ပင်သာဌာနတွင် ဧရာဝတီမြစ်နှင့်ပေါင်းဆုံသည်။

၅၂ မိုင်ခန့်အရှည်ရှိ၏။ လက်ဝဲသုန္ဒရက သူမြင်တွေ့
ခဲ့ရသော မဲဇာမြစ်ကို ''စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊
ထစ်ထစ်ထွန်းဘိ၊ ချိုအတိနှင့်'' ဟု စပ်ဆိုခဲ့သည်။ ချောင်း
နှင့်မြစ်ဆုံသောအနီး တည်ထားသောစေတီတွေက ချောင်းရေမြစ်ရေလွှမ်းခြင်းလည်း နှစ်စဉ်ကြုံကြရမှာ ပေါ့။ နှစ်ပေါင်းရာချီကြာတော့ ပြုပြင်သူမဲ့ အုတ်ပုံ ဘဝ
ရောက်ရမှာပေါ့။ ထို့ကြောင့် ၁၃၃ဝ ပြည့်နှစ်တွင်
တစ်ကြိမ်၊ ၁၃၅ဝ ပြည့်နှစ်တွင်တစ်ကြိမ် စေတီတော်များ
ကို ပြုပြင်ပြီး ယခုကဲ့သို့မြင်ကွင်း မြင်ရတာပေါ့။ ဒါတောင်
မှ ဘုန်းကြီးကျောင်းနှင့်တွဲလျက် စေတီဝန်းကျင်တွင်
ထပ်မံထိန်းသိမ်းပြုပြင်ဖို့ လိုနေသေးသည်။ ဆောက်
လက်စ ဂန္ဓကုဋိတိုက်ကြီးကလည်း လက်စတန်းလန်း
...။ မဲဇာကျောင်းမှာ ရဟန်းတစ်ပါး  သီတင်းသုံး နေသည်။                        

ကိုရင်လေးတွေ တစ်ပါးစ၊ နှစ်ပါးစပဲ ရှိသည်။ မနက်စောစောမို့ ခပ်လှမ်းလှမ်း ရွာက   ဆွမ်းလာပို့သော  ရွာသူမိန်းမကြီး နှစ်ယောက် ဆွမ်းဟင်းတွေ ပြင်ဆင်နေ သည်။ ကျွန်တော်တို့ လက်ဝဲသုန္ဒရကုသိုလ် စေတီတွေကို လက်အုပ်ချီရင်း ဦးပဉ္ဇင်း နှင့်တွေ့ဖို့  ကျောင်းပေါ်သို့ တက်ကြသည်။

ဇာတိမြေကိုချစ်မြတ်နိုးသည်

အတူပါလာသော ကားဆရာက ကျောင်းဝင်းအတွင်းရှိ ရှစ်ပေစလောင်းကြီးကို ကြည့်ရင်း ''လက်ဝဲသုန္ဒရအမတ်ကြီးက  အခုလို ရှစ်ပေစလောင်းရှိရင် မျက်ဖြေ ရတုစပ်ဖြစ်မယ်မထင်ဘူးနော်''ဟု လှမ်းပြောသည်။ ရုတ်ခြည်းရယ်မိသည်။  ပြီးတော့ စဉ်းစားမိသည်။  ကျောင်းပေါ်သို့ပင် မတက်နိုင်သေး။  ကျွန်တော် တို့မြန်မာလူမျိုးတွေက ဘိုးစဉ်ဘောင်ဆက်ကပင် ဇာတိမြေကို ချစ်မြတ်နိုးသည်။ မိမိမွေးဖွားခဲ့သည့် ချက်မြှုပ်နေရာကိုချစ်သည်။ မိမိမွေးဖွားခဲ့သည့်အရပ်ကိုချစ် သည်။ မိမိမွေးဖွားခဲ့သည့် မြို့ကိုချစ်သည်။ မိမိမွေးဖွားခဲ့သည့် တိုင်းဒေသကြီး ကိုချစ်သည်။ မိမိမွေးဖွားခဲ့သည့် ရေမြေဝန်းကျင်ကို ချစ်သည်။ မိမိမွေးဖွားခဲ့သည့် မိမိနိုင်ငံကို ချစ်သည်။ မြတ်နိုးသည်။ တွယ်တာသည်။ သံယောဇဉ်ကြီးသည်။ ထိုအရာသည် တိုးတက်ခေတ်မီစွာ နေထိုင်ရခြင်းနှင့် မဆိုင်၊ ဥစ္စာဓန ကြွယ်ဝခြင်း နှင့်မဆိုင်၊ လက်ဝဲသုန္ဒရအမတ်ကြီးမှာ ဤနေရာသို့ လာချင်လွန်းလို့လာသည် မဟုတ်။ သွားချင်လွန်းလို့သွားသည်မဟုတ်။ ရောက်ချင်လွန်းလို့ ရောက်ရသည် မဟုတ်။ နေချင်လွန်းလို့နေရသည် မဟုတ်။ မင်းပြစ်မင်းဒဏ်ကြောင့် (ဝါ) မိမိ ဇာတိရပ်ရွာ၊ မိမိဇာတိမြို့ရွာတွင် နေထိုင်၍ မရနိုင်သောကြောင့်၊ နေထိုင်ခွင့်မရှိ သောကြောင့်ရောက်ရ၊ နေရခြင်း ဖြစ်သည်။

ဤနေရာမှာ ပိုး၊ ဖဲ၊ ကတ္တီပါ၊ ရွှေ၊ငွေ၊ ရတနာ၊ မောင်းမ၊ မိဿံ၊ အခြွေအရံတွေ နှင့် ဆီဦးထောပတ်စားဖွယ်ရာတွေ အလျှံပယ်ရှိစေဦး မိမိဇာတိမွေးရပ်မြေကိုပဲ ပြန် ချင်မှာ ဖြစ်သည်။ သည်ကားစေတီ  သည်ဆီရွှေနန်း  ရည်ရော်စိတ်က  မှန်း မည်သာဖြစ်သည်။ ''သည်တွင်ရွှေမြို့သည်သို့ စေတီ သည်ဆီရွှေနန်း ဖြောင့်တန်း တော့မည် စိတ်ကရည်သည် ရွှေပြည်ဌာနဝေးသောကြောင့်''ဟု လွမ်းဆွတ်တသမည် မှာ သေချာသည်။

ခြုံလွှာထွေး၊ မလုံသေးပေ

မည်သို့ပင်ဖြစ်စေ  မိမိဆန္ဒဖြင့် သွားလိုသည်ဖြစ်စေ၊ အပို့လွှတ်ခံရသည်ဖြစ်စေ၊ တွန်းပို့ခံရသည်ဖြစ်စေ၊ အနှင်ခံရလို့ဖြစ်စေ၊ မိမိမွေးရပ်ဌာနေမှ မိုင်ပေါင်းထောင်ချီ ဝေးလံသော မည်သည့်နေရာ ရောက်ပါစေ၊ မည်သို့သော စည်းစိမ်ဥစ္စာရှိပါ စေ၊ မည်သို့သော ခေတ်မီတိုးတက် မြို့ပြ အဖွဲ့အစည်းရှိပါစေ၊ မည်သို့သောခေတ်မီ တိုးတက် အသုံးအဆောင်ပစ္စည်းတွေ ဝန်းရံနေပါစေ၊ အချိန်တန်လျှင်ဖြင့် မိမိ မွေးဖွားသည့် နေရာ၊ မိမိမွေးဖွားသည့် ရပ်ရွာ၊ မိမိမွေးဖွားသည့် မြို့ပြ၊ မိမိမွေးဖွား သည့် တိုင်းပြည်နိုင်ငံ မိမိဆွေမျိုး အဝန်းအဝိုင်းသို့ပဲ ပြန်လာအခြေချ ဘဝအဆုံး သတ်လိုသည့်သူချည်းဖြစ်သည်။ မည်မျှပင် မိုးမျှော်တိုက်ကြီးများနှင့်  မိုးပျံ လမ်းမကြီးတွေနှင့် နေရပါစေ၊ မိမိဇာတိမြေက ဝါးအိမ်ကလေးနှင့် မြေနီလမ်းကို တမ်းတသည်။ မည်မျှပင် အသားငါးနှင့်  ဆီဦးထောပတ်စားရပါစေ၊ နှမ်းဖတ်ချဉ် ထန်းလျက်ခဲနှင့် ငါးပိရည်ကျိုကို လွမ်းကြသူချည်း မဟုတ်ပါလား။

ကျွန်တော်ကတော့ မဲဇာကျောင်းလှေကားထစ်ပေါ်တက်ရင်း အဝေးဆီက သီချင်းသံသဲ့သဲ့ကို အာရုံ၌ ရိုက်ခတ်ခံစားမိသလို အရှိသား။ ဘာတဲ့

ဝေးခဲ့ပေါ့ဌာနီ၊ တို့တိုင်းပြည်၊ ခြုံလွှာထွေး၊ မလုံသေးပေ၊ မွန်းတည့်နေခြည် ဖြာမှ၊ နွေးမလေ၊  မွန်းတည့်နေခြည်ဖြာမှ၊ နွေးမလေတဲ့။

သြော်၊ မလုံသေးသော ခြုံလွှာလေးနှင့် နွေးစေဖို့၊ နေခြည် မြန်မြန်ဖြာပါမှလေ။ ။

ဆူးငှက်

No comments:

Post a Comment