Latest News

Tuesday, June 12, 2018

စာရေးဆရာ အယ်ဒီတာ မောင်သော်က


စာရေးဆရာ အယ်ဒီတာ မောင်သော်က

စစ်အကျဉ်းထောင်မှာ ကျဆုံးခဲ့တဲ့ စာရေးဆရာ အယ်ဒီတာ မောင်သော်က ပြောခဲ့တဲ့ ပုံပြင်များ
ကိုဂျေ တင်ဆက်ထားတာပါ

တနယ်သားလူငယ်နှစ်ဦးရဲ့ရန်ကုန်မြို့တွင်း ခရီးစဉ်
ပုံပြင်တွေအကြောင်း မပြောခင်မှာ ပုံပြင်တွေ ပြောလေ့ရှိတဲ့ ဆရာမောင်သော်ကအကြောင်း အနည်းအကျဉ်း ပြောပြချင်ပါတယ်၊ ဆရာမောင်သော်ကဟာ
အဟောအပြောကောင်းတယ်၊ ဟောတဲ့ ပြောတဲ့အခါမှာလည်း လူတွေရဲ့ခံစားမှုနဲ့ အနီးဆုံး အကြောင်းအရာ တွေကို တဲ့တိုးပြောလေ့ရှိသလို အဲဒီ အကြောင်းအရာတွေပေါ် အခြေခံပြီး ပုံပြင်လေးတွေ ဖန်တီးပြောပြလေ့ရှိခဲ့တဲ့ စာရေးဆရာကြီး တဦးဖြစ်ပါတယ်။
သူပြောတဲ့ပုံပြင်တိုင်းဟာ ခေတ်တခေတ်ရဲ့ အမြီးအမောက် မတည့်တဲ့ အဖြစ်အပျက်တွေကို သရော်အား ကောင်းကောင်းနဲ့ ပြောလေ့ရှိတဲ့ ပုံပြင်တွေလည်း ဖြစ်နေတတ်တာပါပဲ။
ကျနော်ပြောလိုက်တဲ့ ဆရာမောင်သော်ကအပေါ် မြင်တဲ့ ကောက်ချက်ကို ပြန်ကောက်ပြီး အကြောင်းအရာ တခုကို အရင်ပြောပြ ချင်ပါတယ်၊ အမြင်မတော်ရင် တဲ့တိုးပြောတတ်တဲ့ဆရာကို ကျနော် တွေ့လိုက်တဲ့ နေရာကတော့ ၁၉၈၇ ခုနှစ် ဝန်းကျင်က စာပေဟောပြောပွဲ စင်မြင့်တခုပေါ်မှာ ဖြစ်ပါတယ်၊ သူနဲ့ ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်းတို့ ဟောပြောပွဲ စင်မြင့်တခုတည်းမှာ အတူဟောပြောစဉ်က အဖြစ်အပျက်ခဲ့တဲ့ အဖြစ်တခု ဖြစ်ပါတယ်။
ကျော်ဟိန်းက ဟောပြောပွဲစင်မြင့်ပေါ်ကို စာရေးဆရာ တဦးအနေနဲ့ တက်လာခဲ့ပါတယ်၊
သူပြောခဲ့တဲ့ အကြောင်းကတော့ မေတ္တာတရားအကြောင်းဖြစ်ပါတယ်၊ ဆရာကြီးဦးသုခရဲ့ မေတ္တာသုတ် အကြောင်းတွေကို သူလေ့လာတွေ့ရှိတဲ့ ရှု့ထောင်ကနေ ဟောပြော ခဲ့တာဖြစ်ပါတယ်၊ မင်းသားဆိုတော့ ရိုးရိုးမပြောပါဘူး၊ စင်ပေါ်မှာ လက်အုပ်ချီ သရုပ်ဆောင်ပြီး မေတ္တာသုတ်ကို ရွတ်ခဲ့ပါတယ်၊ ဟောခဲ့ပါတယ်၊ သူ့အစီအစဉ်ကိုလည်း မေတ္တာတွေပို့ပြီး သိမ်းခဲ့တာ ဖြစ်ပါတယ်။  ဒါကိုကြည့်မရသူက ဆရာမောင်သော်က ပါ။
ကျော်ဟိန်းအစီအစဉ်ပြီးတော့ ဆရာ့အလှည့်ရောက်ပါတယ်၊ ဆရာဟာ  ဟောပြောစင်ပေါ်ကို ယိုင်တိုင် ယိုင်တိုင်နဲ့ သူ့ ပင်ကို ပုံမှန်းအတိုင်း တက်လာခဲ့တယ်၊ အဲသလို ယိုင်နေတာကတော့ သူ့မှာ နာတာရှည်ခံစားနေရတဲ့ အရိုးကျီးပေါင်းတက် ရောဂါဝေဒနာကြောင့် ဖြစ်ပါတယ်။ မိုက်ကရိုဖုန်းရှေ့ ရောက်လိုက်တာနဲ့ ဆရာက ပရိသတ်ကို စောင်းငဲ့မော့ကြည့်ရင်း လက်နှစ်ဘက်ကို နည်းနည်းပဲ မြောက်ပီး လူသားအားလုံးကို ကျနော်မောင်သော်  လေးစားပါတယ်လို့ ပြောလိုက်ပါတယ်၊ ပရိတ်သတ်က ၀က်ဝက်ကွဲ ရယ်(ရီ)မော ပွဲကျသွားပါတယ်။ ဘာ့ကြောင့်လည်း ဆိုတော့ ကျော်ဟိန်း စင်ပေါ်ကို တက်တက်ချင်း လုပ်လိုက်တဲ့ အိုက်တင်ကို ပြန်လုပ်ပြလိုက်လို့ ဖြစ်ပါတယ်။ ဆရာက ဆက်ပြောပါတယ်။ စောစောက ဟောသွားတာ ကတော့ ဘုန်းကြီးလို သရုပ်ဆောင်ပြသွားတဲ့ ရုပ်ရှင်မင်းသား ဓမ္မဆရာ မောင်ကျော်ဖြစ်ပြီးတော့ အခုစင်ပေါ်ကို ရောက်နေသူကတော့ စာရေးဆရာ စစ်စစ် မောင်သော် ဖြစ်ပါတယ်လို့ ပြောလိုက်ပြန်ပါတယ်။ စာပေဟောပြောပွဲ နားထောင်တဲ့ ပရိသတ်တွေဟာ အတောမသတ် နိုင်အောင် ရယ်မောနေပါတယ်။ ဒီနောက်မှာတော့ ဆရာက သူ စင်ပေါ်ကို တက်လာတဲ့အချိန်မှာ သူ့ ကိုယ်လုံးဟာ တခြမ်းယိုင်နေတာ တွေ့ကြလိမ့်မယ်၊ သတိထားမိကြလိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ အဲသလို ဖြစ်နေတာဟာ ကျော်ဟိန်းကို ပုံတူကူးချခြင်းမဟုတ်ဘဲ သူ့ရဲ့ပင်ကို စတိုင်သာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်၊ ပရိတ်သတ်တွေ ကတော့ မျက်ရည်ထွက်မတတ် ရယ်မောနေကြတာပါပဲ။ ပြီးတော့ ဆရာက လူတွေဟာ နေရာမမှားဖို့ လိုကြောင်း၊ ကိုယ်နေရာကို ကိုယ်သိဖို့ လိုကြောင်း၊ ဒီစင်မြင့်ဟာ စာရေးတဲ့ စာရေးဆရာတွေ ကို ပရိသတ်က စာရေးဆရာရယ်လို့ အသိအမှတ်ပြုပြီး နေရာပေးတဲ့ စင်ဖြစ်ကြောင်း၊ ကျော်ဟိန်းဟာ ရုပ်ရှင်မင်းသားဖြစ်ကြောင်း၊ စာရေးကြောင်း (အဲသည့်ကာလက ကျော်ဟိန်ရဲ့ ပြာ ဝတ္ထုတို နာမည်ရခဲ့တဲ့ အချိန်ဖြစ်ပါတယ်)၊ ဒါ့ကြောင့် ပရိသတ်က သူ့ကိုစာရေးဆရာလို့ အသိအမှတ်ပြုပြီး စာပေစင်မြင့်ပေါ်မှာ နေရာ တနေရာ ပေးခဲ့တာဖြစ်ကြောင်း၊ သူကိုယ်တိုင်ကလည်း ကျော်ဟိန်းကို စာရေးဆရာအဖြစ် အသိအမှတ်ပြုတဲ့အတွက် တွဲဖက်ဟောဖို့ လက်ခံလိုက်တာဖြစ်ကြောင်း၊ အခုတော့ ကျော်ဟိန်းခင်ဗျာ စာပေ စင်မြင့်နဲ့ တရားဟောတဲ့ စင်မှားပြီး ရောက်လာကြောင်း ပြောခဲ့ပါတယ်၊ အံ့သြစရာကောင်းတာတော့ ကျော်ဟိန်းနဲ့ပတ်သက်တဲ့ ဆရာ မောင်သော်ကရဲ့ မှတ်ချက်ပါပဲ၊ အဲဒီမှတ်ချက်ကတော့ လူတွေကို မေတ္တာထားပါတယ်၊ မေတ္တာတွေမပြတ်ပို့နေပါတယ် ပြောတဲ့သူက ဘာ့ကြောင့်များ ဆေးလိပ်ခုံထောင်ပြီး စီးပွားရှာချင်ရတာပါလဲ ဆိုတဲ့ မှတ်ချက်ပဲ ဖြစ်ပါတယ်။ ဒါကတော့ အမြင်မတော်တဲ့ အခါ မျက်နှာမထောက် တဲ့တိုးပြောလေ့ရှိ့တဲ့ ဆရာမောင်သော်ကရဲ့ ကောက်ကြောင်းတခုပါပဲ၊ ကဲ ဆရာမောင်သော်က အကြောင်း ပြောရမှာတွေက များလွန်တာကြောင့် သူ့အကြောင်း ဒီနေရာမှာ ခဏနားပီး  ဆရာ့ပုံပြင်တွေကို ဆက်ပြောကြရအောင်လားဗျာ။
၁၉၈၈ ခုနှစ် အရေးအခင်းကာလက ဖြစ်ပါတယ်၊ ဆရာနဲ့ ကျနော်ဆုံဖြစ်တဲ့ နေရာကတော့ ဆရာ့ရဲ့ ဆူးလေးအခန်းနဘေးက လက်ဖက်ရည်ဆိုင်ထဲမှာ ဖြစ်ပါတယ်။
“မင်းကို ပုံပြင်တခုပြောပြမယ်၊ အဲဒီပုံပြင်က ဟိုးရှေ့ရှေးက ပုံပြင်မဟုတ်ဘူး၊ အခုရက်ပိုင်းအတွင်း ဖြစ်တဲ့ ပုံပြင်ကွ” လို့ ဆရာက ပြောပါတယ်၊ သူပြောခဲ့တဲ့ ပုံပြင်ကတော့-----
၁၉၈၈ ခုနှစ်ရဲ့ တနေ့သော ရက်ထဲမှာ နယ်မြို့တမြို့က မိတ်ဆွေတဦးရဲ့ သားနှစ်ယောက် ရန်ကုန်ကို ရောက်လာခဲ့တယ်၊ အဲဒီ ကလေးနှစ်ဦးဟာ စာအလွန်ဖတ်သူတွေ ဖြစ်ကြပါတယ်၊ သူတို့ နှစ်ဦးရဲ့ တူညီတဲ့အချက်ကတော့ အကြောင်းအရာတိုင်းကို လက်တွေ့ကျတဲ့ ရှုထောင်ကနေဆုံးဖြတ်ချက် ချတတ်တဲ့ အကျင့် ဖြစ်တယ်လို့ ဆရာက ပြောပါတယ်၊ ဒါပေမယ့် ဆုံးဖြတ်ချက် မချနိုင်ခင်မှာတော့ အငြင်းပွားလေ့ရှိကြပါသတဲ့။ သူတို့နှစ်ဦးဟာ ရန်ကုန်ကိုတခါမှ မရောက်ဖူးတာကြောင့် ရန်ကုန်မြို့ထဲမှာ လည်ပတ်ဖို့ ခရီးစဉ်တွေကို ရေးဆွဲကြပါတယ်၊ သူတို့တွေ စိတ်အဝင်စားဆုံး နေရာက ရန်ကုန်တိရစ္ဆာန်ရုံ ဖြစ်ပါတယ်။
“သားတို့ တိရစ္ဆာန်ရုံကို လည်ချင်တယ် ဘဘ”
“တိရစ္ဆာန်ရုံကတော့ ဆူးလေးနဲ့အနီးဆုံးပဲကွ၊ သွားရတာလဲလွယ်တယ်၊ ငွေကုန်လည်း သက်သာတယ်၊ မင်းတို့တွေ ဒီမှတ်တိုင်မှာ (ဆူးလေမှတ်တိုင်) ယောက်လမ်း၊ ကျောက်တိုင်၊ သုံးလမ်း၊ ရေခဲဆိုင် ရွှေဂုံတိုင်လို့ အော်နေတဲ့ ကားမှန်သမျှ တက်သာစီးလိုက်၊ ကျောက်တိုင်မှတ်တိုင်မှာဆင်း အဲဒီမှတ်တိုင် ရောက်တာနဲ့ တိရစ္ဆာန်ရုံကို တွေ့နေရပြီ၊ ကဲ မင်းတို့ သွားချင်သပါ့ဆိုလည်း သွားကြ သွားကြ” လို့ ဆရာက ပြောလိုက်တာနဲ့ အဲဒီ ကလေးနှစ်ဦးဟာ ရန်ကုန်တိရစ္ဆာန်ရုံကို ဘက်စ်ကားစီးပြီး သွားခဲ့ကြတယ်။
ကျောက်တိုင်မှတ်တိုင် ရောက်ပြီဆိုတဲ့ ကားစပယ်ယာရဲ့ အော်သံကြောင့် သူတို့နှစ်ဦး ဘက်စ်ကား ပေါ်ကဆင်းလိုက်တယ်၊ အဲဒီမှာပဲ အရာရာကို ယုတ္တိနဲ့ စဉ်းစားတတ်တဲ့ ကလေးနှစ်ဦးဟာရဲ့ စဉ်းစားခန်းက စတင်ခဲ့တော့တာပဲလို့ ဆရာကပြောပါတယ်။
“ကိုကြီး ကျောက်တိုင်မှတ်တိုင်တော့ ရောက်ပါပြီ၊ လမ်းရဲ့ နှစ်ဘက်လုံးမှာကလည်း အုတ်တံတိုင်းတွေ ချည်းပဲ၊ ဘဘကလည်း လမ်းရဲ့ ဘယ်နေရာမှာ တိရစ္ဆာန်ရုံ ရှိတယ်ဆိုတာကို သေသေချာချာ မပြောပြလိုက်ဘူး၊ အဲဒါဘယ်လို လုပ်မလဲ”
“မင်းကလည်း ဒီရောက်နေမှတော့ မေးမြန်းလိုက်ရင် ရောက် မှာပဲ ဥစ္စာ”
“ဝတ်ထားတဲ့ အ၀တ်အစားတွေက သားသားနားနားနဲ့ ဒီနေရာရောက်မှ သွားမေးလိုက်ရင် အောက်တာပေါ့၊ တောသားလို့ ထင်သွားဦးမယ်”
“အေး ဒါကလည်းဟုတ်တယ်ကွ၊ ကဲ ဒါဆိုဘယ်ဟာက တိရစ္ဆာန်ရုံ ဖြစ်မယ်ဆိုတာ စဉ်းစားကြည့်ကြရအောင်၊ ညီလေး မင်း ဒီနှစ်ဘက်လုံးမှာ ရှိတဲ့ အုတ်တံတိုင်း နံရံတွေကို သေချာကြည့်စမ်း”
“ဘာလဲကိုကြီးရ”
“လမ်းရဲ့ ဒီဘက်အခြမ်းက အုတ်တံတိုင်းဝန်းကတော့ ဘယ်နည်းနဲ့မှ တိရစ္ဆာန်ရုံ မဖြစ်နိုင်ဘူးကွ၊ မင်းသတိထားမိရဲ့လား”
အကိုရဲ့ စကားကို ပိုင်းခြားစိစစ်ပြီး ညီဖြစ်သူက ခေါင်း တဆက်ဆက် ညိမ့်ပီးတော့၊
“ကျနော် ဒီလောက်မညံ့ပါဘူးကိုကြီးရာ၊ ဒါလေးများ” ဆိုပြီး သူ့ရဲ့ ထင်မြင်ချက်ကို ပြောပြလိုက်ပါ တယ်။
“ကိုကြီးရေ များများစားစား စဉ်းစားနေစရာမလိုပါဘူး၊ ဒီဘက်ခြမ်းက တံတိုင်းနဲ့ ဟိုဘက်ခြမ်းက တံတိုင်းကို ကြည့်လိုက်တာနဲ့ သိပါတယ်၊ ဒီဘက်ခြမ်းက တံတိုင်းဟာ တထပ်ထဲ ကာ(တံတိုင်းခတ်)ထားတယ်၊ ဟိုဘက်ကျတော့ အုတ်တံတိုင်း နှစ်ထပ်အပြင် သံဆူးကြိုးနဲ့ ကာထားတာတောင် ပါလိုက်သေးတယ်”
“အဲဒီတော့ နေဦး အော် မင်းဆိုလိုချင်တာကို ကိုကြီး သဘောပေါက်သွားပြီ”
ဟုတ်တယ်လေတိရစ္ဆာန်ဆိုတာက ရိုင်းတယ်၊ ဒီတော့ ဘယ်သူကများ တံတိုင်းတထပ်ထဲနဲ့ ထားမလဲကိုကြီးရာ လာသွားကြစို့ လို့ဆိုပြီး လူငယ်နှစ်ဦးဟာ တိရစ္ဆာန်တွေကိုကြည့်ဖို့ တံတိုင်း နှစ်ထပ်ကာထားတဲ့ ခြံဘက်ကို ကူးသွားခဲ့ကြပါသတဲ့။

ကိုဂျေ

မှတ်ချက်။  ကျနော်က ဒီပုံပြင်လေးကို ဒီနေရာမှာပဲ ရပ်ထားချင်ပါတယ်၊ ရေးပြီးလို့ မိတ်ဆွေတဦးကိုပေးဖတ်လိုက်တော့ မိတ်ဆွေက လမ်းရဲ့ နှစ်ဖက်မှာ ရှိတဲ့ ခြံဝန်းတွေကို ဖော်ပြပေးပါ၊ ခုခေတ်ကလေးတွေနဲ့ နယ်က စာဖတ်သူတွေ သဘောပေါက်မှာ မဟုတ်ဘူး ဆိုတာကြောင့်- လမ်းရဲ့ တဖက်မှာ ဝန်းတံတိုင်း နှစ်ထပ်သုံးထပ် ကာရံထားတာကတော့ ရန်ကုန် စစ်ရုံးချုပ်ဟောင်း ဖြစ်ကြောင်း  ဖော်ပြပေးလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘေးက အမျီုးသမီးဟာ မင်းသမီး ခင်သီတာထွန်းပါ။ ဒီပုံဟာ  ဒေါ်အောင်ဆန်းစုကြည်ရဲ့ပထမဦးဆုံး မိန့်ခွန်းပြောတဲ့ပုံဖြစ်ပါတယ်။

    ဗိုလ်မှူး ဘသော် (ခ) မောင်သော်က

စာရေးဆရာ ကဗျာဆရာ မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော် (၁၉၂၈ - ၁၉၉၁)
၁၉၂၈ ခုနှစ်၊ ရွှေဘိုမြို့တွင် အဖ ဦးမှန်ကြီး၊ အမိ ဒေါ်မြိုင်တို့မှ ဖွားမြင်သည်။ သားသမီး ၄ ယောက် အနက် အကြီးဆုံးသား ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ခဲ့သည်။ ယင်းနှစ်တွင်ပင် ဗမာ့ ရေတပ်မတော်သို့ တပ်သား အဖြစ် ဝင်ရောက် အမှုထမ်းခဲ့သည်။ တပ်မတော် (ရေတပ်) တွင် ဗိုလ်မှူး ရာထူး အထိ ထမ်းဆောင်ခဲ့သည်။၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလတွင် မိမိ စစ်ရေယာဉ်မှူး အဖြစ် တာဝန် ထမ်းဆောင်နေသော တိုက်ရေယာဉ် ၁၀၃ သည် မဟာမိတ် ကျွန်းစုများ တဝိုက် ငါးဖမ်း သင်္ဘောများကို လိုက်လံ နိုမ်နင်းရေး တာဝန် ထမ်းဆောင်နေစဉ် မုန်တိုင်းမိကာ ပင်လယ်ပြင်တွင် မျောနေခဲ့သည်။ ဗိုလ်ကြီး ဘသော် (မောင်သော်က) နှင့် ရဲဘော် ၁၀ ဦးတို့သည် အသက်ကယ်ဖောင်ဖြင့် ၁၃ ရက်ကြာမျှ ပင်လယ်ပြင်တွင် မျောနေရာမှ ဂျပန် ကုန်တင် သင်္ဘောတစီးက တွေ့ရှိ ဆယ်ယူခဲ့၍ အသက်မသေ ကျန်ရစ်သူ ၁၀ ဦးတွင် ပါဝင်သည်။စာပေ ရေးသားခြင်းကို ကျောင်းသားဘဝမှ စတင်၍ စစ်ပြန်၊ ပဒေသာ မဂ္ဂဇင်း၊ စစ်နှလုံး ဂျာနယ်၊ မြဝတီ၊ ငွေတာရီတို့၌ ဆောင်းပါးများ၊ ဝတ္ထုများ များစွာ ရေးသား ဖော်ပြခဲ့သည်။ ရေကြောင်း စွန့်စားခန်း ဝတ္ထုများ များစွာ ရေးသားရာတွင် ဗိုလ်ဘသော် (ရေတပ်) ဟု ကလောင် အမည်သုံးသည်။တပ်မတော် (ရေ) တွင် ဗိုလ်မှူး အဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့ကာ ၁၉၆၉ ခုနှစ်တွင် တပ်မှ အငြိမ်းစားယူကာ ရှေ့သို့၊ ဖော်ဝပ်၊ အင်္ဂလိပ် မြန်မာ နှစ်စောင်စလုံးတွင် စာတည်းချုပ် အဖြစ် တိုင်းပြည် တာဝန်များကို ဆက်လက် ဆောင်ရွက်ခဲ့သည်။ မောင်သော်ကသည် အင်္ဂလိပ် မြန်မာ နှစ်ဘာသာလုံးဖြင့် ဝတ္ထု၊ ဆောင်းပါးများကို ပိုင်နိုင်စွာ ရေးသားနိုင်သူ ဖြစ်ကာ နေ့စဉ် သတင်းစာများ၌ အချိန်အားလျော်စွာ ရေးသားခဲ့သော မောင်သော်က၏ ဆောင်းပါးများမှာ သတင်းစာဖတ် ပရိသတ်ကို အထူးနှစ်ချိုက်စွာဖြင့် စောင့်မျှော် ဖတ်ကြရသည့် ဆောင်းပါးများ ဖြစ်သည်။နောက်ပိုင်းတွင် အင်္ဂလိပ်စာ၊ စကား သင်ကြားပို့ချခြင်း၊ ရေကြောင်း သိပ္ပံ အတတ်ပညာများကို နိုင်ငံခြားသွား သင်္ဘောသားများအား သင်ကြား ပို့ချပေးခြင်း၊ စာပေ ကဗျာ ရေးသားခြင်း စသည့် လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။

 နိုင်ငံရေး နောက်ခံ
မြန်မာ့ တပ်မတော် (ရေ) တွင် ဗိုလ်မှူး အဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် ဗိုလ်မှူး ဘသော်ဟု လူသိများသည်။ မေယုတိုက် သင်္ဘောကို အင်္ဂလိပ် အစိုးရထံမှ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် လွှဲယူခဲ့စဉ်က ဦးဘသော်သည် သင်္ဘောပေါ်တွင် အလံတင်သည့် ဂုဏ်ပြု တပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
မောင်သော်က အမည်ဖြင့် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။ အထူးသဖြင့် သရော်စာ ရေးရာတွင် နာမည်ကြီးသူ တဦး ဖြစ်သည်။ မဆလခေတ် တလျှောက် ခေတ်စနစ်နှင့် လူထု ဘဝကို ထင်ဟပ်၍ ထိထိမိမိ ဖွင့်ချ ရေးသားခဲ့သူ ဖြစ်သည်။ နိုင်ငံတကာ စာပေ တချို့ကို ဘာသာ ပြန်ခဲ့သည်။ ၁၉၈၈ ခုနှစ် မတိုင်မီက ရေးသားခဲ့သည့် "တိုက်ရေယာဉ် ၁၀၃" အမည်ရှိ ဝတ္ထုဟန် ကိုယ်တွေ့  မှတ်တမ်းမှာ လူကြိုက်များ ထင်ရှားသည်။
၈၈၈၈ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်။ ထို့နောက် စာနယ်ဇင်း သမဂ္ဂတွင် ဥက္ကဋ္ဌ အဖြစ် ရွေးချယ် ခံရသည်။ နိုင်ငံရေး ပါတီများ ဖွဲ့စည်းချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၌ ဆက်လက် ပါဝင်သည်။ ဗဟို ဦးစီး အဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်း စည်းရုံးရေး တာဝန်ခံ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က)၊ ၅ (ခ) တို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရသည်။ ဦးဘသော်၏ လှောင်ပြောင် သရော်သော မိန့်ခွန်းများ၊ ကဗျာများနှင့် ဆောင်းပါးများမှာ မြန်မာနိုင်ငံတွင် နာမည်ကြီး လူကြိုက် များလှသည်။ "သူ့ စာပေက ပြည်သတွေကို ရယ်စေတယ်။ တချိန်တည်းမှာ ဒေါသနဲ့ နာကြည်းမှုတွေကိုလည်း လှုံ့ဆော်ပေးတယ်" ဟု သူ့ မိတ်ဆွေ တဦးက ပြောပြသည်။ သူသည် ကမ္ဘာ့ စာပေထဲမှ အမြောက်အများကို မြန်မာ ဘာသာသို့ ပြန်ဆို ပေးခဲ့သည်။ သူ့အား ဖမ်းဆီး ထောင်ချထားစဉ် ကာလမှာပင်လျှင် သူသည် ကဗျာများကို လျှို့ဝှက် ရေးခဲ့သေးသည်။

သေဆုံးပုံ။
အဖမ်း မခံရခင် ကတည်းက ဆရာ မောင်သော်ကတွင် ကုသ၍ မရသော အကြောသေ ရောဂါ ရှိသည်။ ၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့ အင်းစိန် ထောင်တွင်း အစာငတ်ခံ ဆန္ဒပြစဉ် ရိုက်နှက် ခံရပြီးနောက် သမံတလင်းပေါ်တွင် မည်သည့် အခင်းမှ မပါဘဲ အိပ်ခဲ့ရသဖြင့် လေဖြတ် သွားသည်။ ထောင်ဆရာဝန်၏ သာမန် ကုသမှုကို အနည်းငယ် ရရှိခဲ့သည်။ အထူးကု ဆရာဝန်များဖြင့် ကုသရန် တင်ပြသော်လည်း အာဏာပိုင်များက ခွင့်မပြုခဲ့ပါ။ ၁၉၉၁ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် နှလုံး ရောဂါ ဖောက်လာသဖြင့် အာဏာပိုင်များက ဦးဘသော်အား ရန်ကုန် ဆေးရုံကြီးသို့ ပို့ခဲ့သည်။ ထို့နောက် သုံးရက် အကြာ၊ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီး အချုပ်ခန်း အတွင်း၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သည်။ ကန်တော်ကလေးစွန်နီ မွတ်စလင်မ် သုသာန်တွင် မြှုပ်နှံသဂြိုလ်ခဲ့သည်။

ဦးဘသော် (ခ) မောင်သော်က၏ ကဗျာများ
ဇာတ်ဆရာ
ငါ့ဇာတ်စင်ငါထိုး
ဇာတ်ပိုးတော့ ထပြီလေ။
မကတတ် ကတတ်
ငါ့ဇာတ် ငါခင်း
ငါမင်း ငါဘုရင်ပေါ့
ထင်ချင်ရာ ထင်ပါဘိ
မင်း မကြည့်ချင်နေ။
စင်ပေါ်မှာ ကျွမ်းထိုးလို့
စင်ကျိုးပြီး သေပေစေ
နေသာသပ လေညာက။
စည်းမမှန် ၀ါးမမှန်
ကကြိုးတွေ မဟန်လို့
တပ်လန်ကာ
ကြည့်သူပြောပြန်တော့
ရုံကြေးတွေ အကုန်
ဒါမှ ငါပ။ ။
(မီးခြစ်တဆံ)

 ဆရာ မောင်သော်က ရေးသား ထုတ်ဝေခဲ့သည့် ထင်ရှားသော စာအုပ်များမှာ
- ပို့သခဲ့သော မေတ္တာများ … ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ။
- နှစ်သစ်ဦး ချစ်ဦးလက်ဆောင် … ၁၉၈၂ ခုနှစ်၊ ဇန်နဝါရီလ။
- ရှိတ်စပီးယား၏ လက်ရွေးစင် ဆွန်းနက်ကဗျာများ … ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ။
- နှစ်သုံးရာမှ ပဲ့တင်သံ အသံလှိုင်း ကဗျာများ … ၁၉၈၀ ခုနှစ်၊ နိုဝင်ဘာလ။
- တိုက်ရေယာဉ် ၁၀၃ (အခန်းဆက် အဖြစ် မဂ္ဂဇင်းတွင် ရေးသားဖော်ပြခဲ့ပြီး စာအုပ်အဖြစ် ၁၉၈၅ ခန့်တွင် ထုတ်ခဲ့သည်ဟု ခန့်မှန်းမိပါသည်)။

No comments:

Post a Comment