ဟိုင်းကြီးကျွန်း ဇွန် ၁၆
ဇွန် ၁၅ ရက် နေ့လယ်ပိုင်းက ပုသိမ်-မော်တင် ကားလမ်း ပေါ်ရှိ တစ်တန်ကူးတံတားနှင့် ငါးခူချောင်းတံတားများပေါ် သို့ တောင်ကျရေဖြတ်ကျော်စီးဆင်းမှုကြောင့် ပုသိမ်မြို့မှ ဟိုင်းကြီးကျွန်းမြို့သို့ ပြေးဆွဲလျက်ရှိသော ခရီးသည်တင် ယာဉ်အချို့ ဖြတ်မမောင်းနိုင်ဘဲ ပုသိမ်မြို့သို့ နောက်ကြောင်း ပြန်လှည့်ခဲ့ရသော်လည်း ယခု ဇွန် ၁၆ ရက်တွင် ရေပြန်ကျ သွားပြီဖြစ်၍ ပုံမှန်ပြန်လည် ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။
တောတောင်များအတွင်း မိုးရွာသွန်းမှုများခြင်းကြောင့် တောင်ကျရေများမှာ ကားလမ်းပေါ်သို့ ဖြတ်ကျော်စီးဆင်း ခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၅ ရက်က ရေစီးဆင်းမှုများ၍ ပုသိမ်မှ ဟိုင်းကြီးကျွန်းသို့ မောင်းနှင်လာသော မြဇင်ယော်ကားနှင့် မြို့မကားနှစ်စီးမှာ ခရီးသည်များနှင့်အတူ ပုသိမ်မြို့သို့ ပြန်လည်မောင်းနှင်သွားခဲ့ပြီး မြတ်ကောင်းကင်ကားမှာမူ ရေကျချိန်ကို စောင့်၍ ဟိုင်းကြီးကျွန်းသို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။ ပုသိမ်မြို့ သို့ ပြန်လည်ရောက်ရှိသွားသော ခရီးသည်များအတွက် ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် ပုံမှန် ထွက်ခွာချိန်ထက်စော၍ ထွက်ခွာပြီး ဟိုင်းကြီးကျွန်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပုသိမ်-မော်တင် ကားလမ်းကို အသုံးပြု၍ ရန်ကုန်-ပုသိမ်-ဟိုင်းကြီးကျွန်း ခရီးစဉ်ကို နေ့စဉ်ပြေးဆွဲလျက်ရှိသော ကားလိုင်းများအဖြစ် ကံထူးအောင်၊ ယူနီဗာဆယ်၊ မြတ်မိခင် ကားလိုင်းများရှိပြီး ပုသိမ်-ဟိုင်းကြီးကျွန်း ခရီးစဉ်အတွက် မြဇင်ယော်၊ မြတ်ကောင်းကင်၊ မြို့မကားများရှိရာ ယခုအခါ တောင်ကျချောင်းရေများ ကျသွားပြီဖြစ်၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် ပုသိမ်-မော်တင်ကားလမ်း ရေကျော် မှုကြောင့် ခရီးသည်တင်ကားများပြေးဆွဲမှုကို ယာယီရပ်နား ထားမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ထိုသတင်းမှာ မဟုတ်မှန်ကြောင်းနှင့် ရေပြန်ကျသွားပြီဖြစ်၍ နေ့ဘက်ပြေးဆွဲနေသော ကားများနှင့် ညဘက်ပြေးဆွဲနေ သော ကားများအားလုံး ပုံမှန်အတိုင်း ပြေးဆွဲလျက်ရှိကြောင်း ကံထူးအောင်နှင့် မြဇင်ယော်ယာဉ်လိုင်းတို့မှ တာဝန်ရှိသူများ ထံမှ သိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
ပြန်/ဆက်
No comments:
Post a Comment