Latest News

Saturday, June 16, 2018

တရားကျင့်လို့ စိတ်တွေ မငြိမ်ရင်

တရားကျင့်လို့ စိတ်တွေ မငြိမ်ရင်

တရားအလုပ်က စိတ်အလုပ်ပါ။
စိတ်နဲ့အားထုတ်၊ စိတ်နဲ့ ရှုမှတ်ရတာမျိုးပါ။
စိတ်ရဲ့သဘာဝက နေနေကျအာရုံမှာသာ
ပျော်တတ်ပါတယ်။
အမြဲနေတာက အပြင်အာရုံ၊
ခုကျမှ တရားနဲ့နေတော့ တရားအာရုံဟာ
သူ့အတွက် စိမ်းနေပါတယ်။
တရင်းတနှီး မရှိသေးတဲ့အတွက်
တရားနဲ့နေရတာ မပျော်သေးပါဘူး။

ဘုန်းကြီးတို့ တချို့သူတွေ သူများရပ်ရွာ
အလည်အပတ်သွားရင် ခဏသာပျော်ပြီး
ကိုယ့်နေရာကိုယ်ပြန်ချင်ပါတယ်။
ကိုယ့်နေရာမှာသာ ဆင်းရဲဆင်းရဲ
ချမ်းသာချမ်းသာ နေလို့ပျော်ပါတယ်။
လွတ်လပ်မှု ရှိပါတယ်။

အဲဒီလိုပါပဲ။ တရားနဲ့နေမယ်လို့
တရားအာရုံပေါ် စိတ်ကို ထားလိုက်တဲ့အခါ
ပျင်းရိငြီးငွေ့တာ ဖြစ်လာတတ်ပါတယ်။
လွတ်လွတ်လပ်လပ် နေချင်တဲ့စိတ်၊
အပျော်အပါးနဲ့သာ နေချင်တဲ့စိတ်ကို
ဟိုဟိုဒီဒီ မသွားနဲ့၊ ရုပ်နာမ်ကိုပဲရှာ၊
တခြားအကြောင်း မစဉ်းစားနဲ့၊
နှာသီးဖျားမှာသာ သတိထားရှုနေ လို့
စည်းကမ်းချမှတ် နယ်မြေ သတ်မှတ်
ပေးလိုက်တဲ့အခါ စိတ်ကျဉ်းကျပ်လာပါတယ်။

ထွက်ပေါက်ရှာပြီး လစ်တာနဲ့ တခြားကို
ထွက်ပြေးတတ်ပါတယ်။
တစ်ချက် နှစ်ချက် ရှုလိုက် လွတ်သွားလိုက်၊
ပြန်ရှုလိုက် ပြန်ထွက်ပြေးသွားလိုက်နဲ့
အားထုတ်ခါစမှာ အရှုရခက်တာ
ဖြစ်ကြပါတယ်။
လူတိုင်းလိုလို ဖြစ်ကြတာပါ။

❀ ❀ မငြိမ်တဲ့စိတ်ကို ရှု ❀ ❀

တွေးချင်တဲ့စိတ်ကို မတွေးနဲ့လို့
ဆုပ်ကိုင်ထားလို့ မရပါဘူး။
ဟိုရောက်ဒီရောက် ရောက်ရာပေါက်ရာ
မြို့ရွာတောတောင် အနှံ့ ခြေဆန့်တတ်တဲ့စိတ်ကို
ဖမ်းဆွဲထားလို့လည်း မရပါဘူး။

ဘယ်လို ထိန်းသိမ်းစောင့်ရှောက်ရမှာလည်းဆိုရင်
ရှုမှတ်ရာကနေ တစ်စုံတစ်ခုဆီ အတွေးရောက်သွားရင်
ရောက်သွားမှန်းသိပြီး နာမ်လို့ ရှုပါ။
အမျှင်မပြတ် စဉ်းစားနေမိရင် စဉ်းစားနေတာကို
နာမ်လို့ ရှုပါ။
စဉ်းစားတတ်တဲ့စိတ်ကို သတိထားပြီး နာမ် နာမ် လို့
လိုက်ရှုပါ။
တရားနဲ့နေရင်း အလုပ်ဆီကို စိတ်ရောက်ရင်
ရောက်သွားတဲ့စိတ်ကို နာမ် လို့ ရှုပါ။
သားအကြောင်း သမီးအကြောင်း တွေးမိရင်
တွေးစိတ်ကို နာမ် လို့ ရှုပါ။
နောက်ဆုံး ကိုယ့်အကြောင်းကိုယ်
ပြန်တွေးနေရင်တောင် အလွတ်မပေးပါနဲ့၊
နာမ် လို့ ရှုမှတ်ပေးပါ။

သူက ရှေ့ကသွား၊
ကိုယ်က နောက်ကနေ လိုက်ရှုပါ။
အလစ်မပေး၊ အလွတ်မပေးဘဲ
လိုက် လိုက် ရှုမှတ်နေရင် တဖြည်းဖြည်းနဲ့
ရုပ်နာမ်အာရုံ တရားအာရုံပေါ်မှာ ငြိမ်လာပါလိမ့်မယ်။
သောင်းကျန်းတဲ့စိတ်တွေ၊ ပြေးလွှားတဲ့စိတ်တွေ
တရားပေါ်မှာပဲ ရပ်တည်နေပါလိမ့်မယ်

           ဓမ္မဒူတ
ဒေါက်တာအရှင်ပညိဿရ

No comments:

Post a Comment