Latest News

Friday, June 29, 2018

ဆွစ်ဇာလန်ကစားသမားနှစ်ဦး၏ ဒဏ်ငွေကို စိုက်ထုတ်ပေးဆောင်ရန် အယ်လ်ဘေးနီးယားဝန်ကြီးချုပ် ဘဏ်အကောင့်တစ်ခုဖွင့်ခဲ့

ဆွစ်ဇာလန်ကစားသမားနှစ်ဦး၏ ဒဏ်ငွေကို စိုက်ထုတ်ပေးဆောင်ရန် အယ်လ်ဘေးနီးယားဝန်ကြီးချုပ် ဘဏ်အကောင့်တစ်ခုဖွင့်ခဲ့


၂ဝ၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဆွစ်ဇာလန်အသင်း  ကစားသမားများဖြစ်သည့် ရှာကာနှင့်  ရှာကွီရီတို့အား ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)မှ ချမှတ်ခဲ့သည့် ဒဏ်ငွေအား အယ်ဘေးနီးယား ပြည်သူများက စိုက်ထုတ်ပေးဆောင်နိုင်ရေးအတွက် အယ်လ်ဘေးနီးယားနိုင်ငံ ဝန်ကြီးချုပ် အီဒီရာမာက ဘဏ်အကောင့်သစ်တစ်ခု ဖွင့်လှစ်ခဲ့ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။
ဝန်ကြီးချုပ် အီဒီရာမာသည် Raiffeisen ဘဏ်တွင် အကောင့်သစ်တစ်ခု ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အကောင့်၏ အမည်အားDon't Be Afraid of the Eagel ဟု ပေးခဲ့သည်ဟုဆိုသည်။ ဝန်ကြီးချုပ် ရာမာက သူ၏   Facebook စာမျက်နှာတွင် ဖီဖာ၏ အဓိပ္ပာယ်မရှိသော ဒဏ်ငွေပြစ်ဒဏ် ချမှတ်ခံခဲ့ရသည့် ရှာကာနှင့် ရှာကွီရီတို့အတွက် ငွေကြေးလှူဒါန်းသွားကြရန် အယ်လ်ဘေးနီးယား ပြည်သူများအား တိုက်တွန်းရေးသားခဲ့သည်။
စတုတ်အသင်း တောင်ပံကစားသမား ရှာကွီရီနှင့် အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား ရှာကာတို့သည်  ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်တွင် ဆွစ်ဇာလန်အသင်းက ဆားဘီးယားအသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ၂ဝ၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် ဆွစ်ဇာလန် အသင်းအတွက် ဂိုးများသွင်းယူပေးနိုင်ခဲ့သူများဖြစ်ကာ ဂိုးသွင်းယူပြီးချိန်တွင် အယ်လ်ဘေးနီးယား နိုင်ငံ၏အလံတော်တွင် ပါဝင်ပြီး ဆားဘီးယားနိုင်ငံ၏ နယ်ပယ်တစ်ခုဖြစ်ခဲ့ကာ ၁၉၉၈ ခုနှစ်တွင် လွတ်လပ်ရေး ကြေညာခဲ့သည့် ကိုဆိုဗိုဒေသ လွတ်လပ်ရေးကြိုးပမ်းမှု သင်္ကေတဖြစ်သည့် ဦးခေါင်း နှစ်လုံးရှိသည့် လင်းယုန်ပုံ အား လက်ဖြင့်သရုပ်ဖော် အောင်ပွဲခံခဲ့သူများ ဖြစ်သည်။ ဆားဘီးယားနိုင်ငံကမူ ကိုဆိုဗို လွတ်လပ်ရေးကြေညာမှုကို အသိအမှတ်ပြုခဲ့ခြင်းမရှိပေ။
ရှာကာနှင့် ရှာကွီရီတို့၏ အောင်ပွဲခံမှုပုံစံကြောင့် ဆားဘီးယား ဘောလုံးအဖွဲ့ချုပ်က အဆိုပါ ကစားသမားနှစ်ဦးကို ဖီဖာသို့ တိုင်ကြားခဲ့ပြီး ဖီဖာက ရှာကာနှင့် ရှာကွီရီတို့အား  အားကစားနှင့် မပတ်သက်သည့် အပြုအမူ ပြုလုပ်ခဲ့သည်ဟု ဆုံးဖြတ်ကာ ဒဏ်ငွေအဖြစ် ပေါင် ၇၆၃၉ ပေါင်စီ ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ရှာကာနှင့် ရှာကွီရီတို့သည် ကိုဆိုဗိုဒေသတွင် နေထိုင်သည့် အယ်လ်ဘေး နီးယားမျိုးနွယ်ဝင်များမှ မွေးဖွားလာခဲ့သူများ ဖြစ်သည်။
ကိုဆိုဗို  စီးပွားရေးနှင့်  စက်မှုလုပ်ငန်းဝန်ကြီး  ဘာဂျာရမ်ဟာဆာနီကလည်း  ရှာကာနှင့် ရှာကွီရီတို့အတွက် သူ၏ တစ်လလစာငွေဖြစ်သည့် ယူရို ၁၅ဝဝ ကို လှူဒါန်းခဲ့သည်။ ဝန်ကြီး ဟာဆာနီက ''ဒီကစားသမားနှစ်ဦးဟာ သူတို့ရဲ့ ဇာတိမျိုးနွယ်ကို မမေ့တာကြောင့် အခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရ တာပါ''ဟု ဒေသတွင်းမီဒီယာတစ်ခုသို့ ပြောဆိုခဲ့သည်။                                          

မြန်​မာ့အလင်း၊ထက်အောင်

No comments:

Post a Comment