Latest News

Monday, June 11, 2018

ကင်ဂျုံအွန်က ထရမ့်နှင့်မတွေ့ဆုံမီ လီရှန်လွန်းနှင့်တွေ့ဆုံ

ကင်ဂျုံအွန်က ထရမ့်နှင့်မတွေ့ဆုံမီ လီရှန်လွန်းနှင့်တွေ့ဆုံ

စင်ကာပူ   ဇွန်   ၁ဝ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ဇွန်  ၁ဝ  ရက်တွင် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာပြီး စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့်  ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး သည်။ ကင်ဂျုံအွန်သည် ဇွန် ၁၂ ရက်တွင် ကျင်းပမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ထိပ်သီးဆွေးနွေးပွဲ အတွက် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ထရမ့်နှင့် မတွေ့ဆုံမီ လီရှန်လွန်းနှင့် တွေ့ဆုံခြင်းဖြစ်သည်။

ကင်ဂျုံအွန်နှင့်လီရှန်လွန်း တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး၊ မြောက်ကိုရီးယားနှင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများ၊ ကိုရီးယားကျွန်းဆွယ်၌ အပြုသဘောဆောင်သော တိုးတက်မှုများနှင့် ပတ်သက်၍ဆွေးနွေးကြောင်း စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် ထရမ့်-ကင်ဂျုံအွန် ထိပ်သီးဆွေးနွေးပွဲ အောင်မြင်စွာ ပြီးမြောက်စေရန် လီရှန် လွန်းက ဆုတောင်းပေးကြောင်းနှင့် ထိုထိပ်သီး ဆွေးနွေးပွဲသည် ကိုရီးယားကျွန်းဆွယ်တည်ငြိမ် အေးချမ်းရေးအတွက် အရေးပါကြောင်း ပြောသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ကမ္ဘာလုံးသည် မြောက်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စုတို့၏ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို အာရုံစိုက်နေကြောင်း၊ ထိုဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် လက်ခံ ကျင်းပပေးသည့် စင်ကာပူနိုင်ငံကို ကျေးဇူးတင်ကြောင်း ကင်ဂျုံအွန်ကပြောသည်။ အကယ်၍ထိပ်သီး ဆွေးနွေးပွဲသာ အောင်မြင်ခဲ့ပါက မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် စင်ကာပူနိုင်ငံ၏ကျေးဇူးတရားကို သမိုင်းတွင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ လီရှန်လွန်းသည် ဇွန် ၁၁ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံမည် ဖြစ်သည်။

စင်ကာပူနိုင်ငံ၌ ထိပ်သီးဆွေးနွေးပွဲ ကျင်းပရခြင်းသည် ဘက်လိုက်မှုမရှိခြင်းနှင့် လုံခြုံရေးစိတ်ချရခြင်းတို့ကြောင့် ဖြစ်ကြောင်း အိမ်ဖြူတော်က မေလတွင် ထုတ်ပြန်သည်။ စင်ကာပူနိုင်ငံသည် အမေရိကန်ပြည်ထောင်စုအပြင်   မြောက်ကိုရီးယား နိုင်ငံနှင့်လည်း သံတမန်ဆက်ဆံရေး ရှိသည့်နိုင်ငံဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံသည် စင်ကာပူ နိုင်ငံ၌  ၁၉၇ဝ  ပြည့်နှစ်ကတည်းက သံရုံး ဖွင့်လှစ်လာခြင်း ဖြစ်ပြီး စင်ကာပူနိုင်ငံကလည်း အမေရိကန်ပြည်ထောင်စုနှင့် ယုံကြည်မှုနှင့် အပြန်အလှန်မှီခိုမှု ဆက်ဆံရေးကို နှစ်ပေါင်းများစွာကြာ တည်ဆောက်ထားနိုင်ကြောင်း သိရသည်။

MWD

No comments:

Post a Comment