Latest News

Saturday, June 2, 2018

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၁၈) အောင်ဝေး


‘ရန်သူဆန့်ကျင်ခံရခြင်းဟာ ကိစ္စဆိုးမဟုတ် ကိစ္စကောင်းဖြစ်တယ်’
ပုသိမ်အကျဉ်းထောင်ရဲ့ နံနက်ခင်းတခုမှာ ကျနော်၊ ကျနော်နဲ့အတူ အဖမ်းခံနေရတဲ့ NLD လူငယ်တွေကို အားပေးစကား ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီတိုင်း အနောက်ခြမ်း စည်းရုံးရေးခရီးစဉ် မပြီးဆုံးသေးခင်မှာပဲ ကျနော်တို့ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ငပုတော၊ ပြင်ခရိုင်၊ ဟိုင်းကြီးကျွန်း၊ ကပ္ပလီပင်လယ်ပြင်ထဲမှာပဲ ရှိနေပါသေးတယ်။

ကျနော်တို့ကို ဖမ်းပြီး နောက်တရက်မှာ ဗိုလ်မှူးကြီးအောင်ဘွင့်၊ ဗိုလ်ကြီးကျော်ရှိန်းနဲ့ ဗိုလ်ကြီးထွန်းတင်တို့ကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။ အကြောင်းပြချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ပင်လယ်ပြင်ကနေ ပုသိမ်ကိုပြန်ရောက်လာရင် NLD တိုင်းရုံးမှာ ကြိုမယ့် ဆိုမယ့်သူ မရှိတော့လို့ပါပဲ တဲ့။

ဗိုလ်မှူးကြီးအောင်ဘွင့်ဆိုတာက အရင် မဆလခေတ်တုန်းက ဧရာဝတီတိုင်း ဒေသပါတီကော်မတီဥက္ကဋ္ဌပါ။ ဗိုလ်ကြီးကျော်ရှိန်းကတော့ ဗိုလ်ကြီးအုန်းကျော်မြင့်၊ ဗိုလ်ကြီးဝင်းထိန်တို့ရဲ့ ၁၉၇၆ ဦးနေဝင်းကို လုပ်ကြံဖို့ ကြံစည်တဲ့ ကိစ္စမှာ အမှုတွဲပါ။ ပုသိမ်အနောက်မြို့နယ် NLD စည်းရုံးရေးတာဝန်ခံ ဗိုလ်ကြီးထွန်းတင်က ယခင်အစိုးရလက်ထက်တုန်းက မြို့နယ်ပြည်သူ့ကောင်စီ ဥက္ကဋ္ဌဟောင်းပါ။

သူတို့သုံးဦးကို ပြန်လွှတ်ပေးလိုက်ပေမဲ့ ပုသိမ်အရှေ့မြို့နယ် NLD စည်းရုံးရေးတာဝန်ခံ ဦးဇော်ဝေကိုတော့ ပြန်လွှတ်မပေးပါဘူး။ ဦးဇော်ဝေက ယခင် မြို့နယ်ရဲစခန်းမှူး အငြိမ်းစားရဲအုပ်ဖြစ်ပါတယ်။

ကျနော်နဲ့အတူ အဖမ်းခံရတဲ့ လူငယ်အများစုက ပုသိမ်မြို့ NLD တိုင်းရုံးကပါ။ ထွန်ဝင်း၊ ဝင်းနိုင်၊ နိုင်လင်း (ခေါ်) ဖြူဖွေး၊ တော်မီစတဲ့ ညီငယ်တွေ ပါပါတယ်။ ဧရာဝတီတိုင်းစည်းထဲက မြန်မာ့အလင်းအယ်ဒီတာ ဦးမြရှိန်လည်း အဖမ်းခံရတဲ့အထဲပါပါတယ်။

NLD ဟာ အဲဒီအချိန်တုန်းက လူကြီးလူငယ် အင်အားထုနဲ့ စုစည်းတည်ဆောက်ထားတဲ့ အဖွဲ့အစည်းပါ။
အဓိကအားဖြင့် NLD မှာ ဒေါက်ကြီးသုံးဒေါက်ရှိတယ်။ ဗိုလ်ချုပ်ကြီးတင်ဦးတို့၊ ဦးအောင်ရွှေတို့၊ ဦးလွင်တို့လို တပ်မှူးဟောင်းကြီးတွေရယ်၊ ဆရာဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဆရာမောင်မိုးသူ၊ ဆရာမောင်ဝံသ၊ ဒေါက်တာတင်မျိုးဝင်း စတဲ့ တတ်သိပညာရှင်တွေရယ်၊ ပြီးတော့ တခါ လူထုလှုပ်ရှားမှုအစဉ်အလာရှိတဲ့ မော်ကျွန်း ဦးလှဖေ၊ မြောင်းမြသခင်စိုးမြင့် စတဲ့ နိုင်ငံရေးသမားကြီးတွေရယ်၊ အဲဒီလို ပူးပေါင်းပါဝင်ဖွဲ့စည်းထားတာပါ။ အဲဒီအထဲမှာ လူကြီးတွေပါသလို လူငယ်တွေလည်း ပါဝင်ကြပါတယ်။

NLD မှာ အထူးသဖြင့် ကျနော်တို့ ပုသိမ်တိုင်းရုံးမှာ ကျနော်တို့ရဲ့ လုပ်ဟန်က လူကြီးတွေရဲ့ စကားကို လူငယ်တွေကနာခံ၊ လူငယ်တွေရဲ့ လှုပ်ရှားမှုကိုလူကြီးတွေက ထောက်ခံ၊ ဒါပဲဖြစ်ပါတယ်။

ကျနော်တို့ရဲ့မူက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆုံးမခဲ့သလိုပါပဲ။ ဆရာကြီးမှိုင်းဟာ သူ့ခေတ်သူ့အခါတုန်းက မညီညွတ်ချင်ကြတဲ့ သူ့တပည့် ကြီးကြီးငယ်ငယ်တွေကို ဂရုဏာဒေါသောနဲ့ အခုလို ကဗျာဖွဲ့ပြီး ဆန်ရင်းနာနာဖွတ် ဆုံးမခဲ့ဖူးပါတယ်။ ဆရာကြီးရဲ့ ကဗျာက ‘လူကြီးကြီး နွားကြီးကြီးပုံဆွယ်။ လူငယ်ငယ်၊ နွားငယ်ငယ်နဲ့ပုံထား။ နွားနှစ်ကောင်၊ ချိုထောင်သွေးတော့၊ ဘေးဟုမှတ်သား’ တဲ့။

အဖမ်းခံရပြီး လေးငါးရက်လောက်မှာ ကျနော်တို့ အပြင်နဲ့ အဆက်အသွယ်ရလာပါတယ်။ ဒီမိုကရေစီလိုလားတဲ့ ဝန်ထမ်းတချို့က လျှို့ဝှက်ကူညီလို့ပါ။ တပတ်လောက်နေတော့ ဒေါ်အောင်ဆန်းစုကြည် ပင်လယ်ခရီးက ပြန်ရောက်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ရောက်ချင်းမှာပဲ၊ သင်္ဘောဆိပ်ကနေစောင့်ပြီး စစ်တပ်က ဒေါက်တာသက်မင်းကို အတင်းအကျပ် ဝင်ဖမ်းဆီးပြီး ကျနော်တို့ရှိတဲ့ ပုသိမ်ထောင်ထဲကို ပို့လိုက်ပါတော့တယ်။

ရန်သူက ကိုယ့်ကို ဆန့်ကျင်လာပြီဆိုရင် ဒါဟာ ကိုယ်က သူ့ကို ထိခိုက်နစ်နာအောင် လုပ်နိုင်လို့ပဲ။ ဒါ ကောင်းတဲ့ကိစ္စပဲပေါ့။

ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်ပြီး နောက်တနေ့မှာတော့၊ ဒေါ်အောင်ဆန်းစုကြည် ရှေ့ခရီး မဆက်သေးဘဲ အဖမ်းခံထားရတဲ့သူတွေကိစ္စ အရေးဆိုဖို့ ပုသိမ်မှာ ရက်အကန့်အသတ်မရှိ ဆက်နေဦးမယ် ဆိုတဲ့သတင်း ကျနော်တို့အထဲကို ရောက်လာပါတော့တယ်။

ကျနော်တို့ အဖမ်းခံထားရတဲ့သူတွေအားလုံး ပုသိမ်အကျဉ်းထောင် အုတ်ရိုးနဲ့ ကပ်နေတဲ့ သီးခြားတိုက်၊ တိုက်ခန်းတွေထဲကနေပြီး တညီတညာတည်း ပြိုင်တူ ကြွေးကြော်လိုက်ကြပါတယ်။

‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’
‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’
‘ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ’

No comments:

Post a Comment