Latest News

Sunday, June 3, 2018

ဇီဒန်းရာထူးမှ နုတ်ထွက်မည်ကို သုံးလကတည်းက သိနေခဲ့ဟု ရာမို့စ်ဆို ချယ်လ်ဆီးအသင်းက ကွန်တီ နေရာတွင် ဇီဒန်းနှင့် အစားထိုးရန် စီစဉ်ဖွယ်ရှိ

ဇီဒန်းရာထူးမှ နုတ်ထွက်မည်ကို သုံးလကတည်းက သိနေခဲ့ဟု ရာမို့စ်ဆို ချယ်လ်ဆီးအသင်းက ကွန်တီ နေရာတွင် ဇီဒန်းနှင့် အစားထိုးရန် စီစဉ်ဖွယ်ရှိ
 
မက်ဒရစ် ဇွန် ၂

ရီးယဲလ်အသင်းကို သုံးနှစ်ဆက် ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့ပြီး နောက်ငါးရက်အကြာမှာပင် အသင်း နည်းပြရာထူးမှ နုတ်ထွက်ခဲ့သော ဇီဒန်း ထိုသို့ ရာထူးမှ ထွက်မည်ကို ပြီးခဲ့သည့် သုံးလခန့်ကတည်း က သိထားပြီး ချန်ပီယံလိဂ်ဖလားလည်း ရနိုင်ခဲ့ခြင်းကြောင့် ဖိအား ကင်းကင်းဖြင့် အနားယူလို၍ ရာထူးမှ ထွက်ခွာခြင်းဖြစ်မည် ဟု ရီးယဲလ်အသင်း ခေါင်းဆောင်ရာမို့စ်က ဖွင့်ဟသည်။

ပြီးခဲ့သည့် သုံးလက ရီးယဲလ်အသင်း ပီအက်စ်ဂျီ ကို အနိုင်ရသော ပွဲအပြီးမှာပင် ရာသီကုန်တွင် နည်းပြဇီဒန်း ရာထူးမှ နုတ်ထွက်မည်ကို ရိပ်မိခဲ့ကြောင်း၊ ယခု ချန်ပီယံလိဂ်ဖလား ထပ်ရခြင်းက အနားယူရန် ပို၍ တွန်းအား ဖြစ်စေခဲ့ခြင်း ဖြစ်နိုင်သည် ဟု ရာမို့စ်က ပြောသည်။   ချန်ပီယံလိဂ်ဖလား ရသွားနိုင်လို့ ဇီဒန်းနည်းပြ အဖြစ်ကနေ နုတ်ထွက်သွားတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ် ဖလားရခဲ့ရင် ဇီဒန်း နည်းပြရာထူး တည်မြဲမယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ သူခေတ္တ အနားယူချင်တဲ့အတွက် ရာထူးကို စွန့်ခွာသွားတာ ဖြစ်နိုင်သည်။

ဇီဒန်းကိုယ်တိုင်ကလည်း ရာထူး မှ နုတ်ထွက်ရခြင်းမှာ ပင်ပန်း နေခြင်းကြောင့် ခေတ္တအနားယူလို၍ ဖြစ်သည်ဟု ပြောခဲ့သော်လည်း ချယ်လ်ဆီးအသင်းသည် နည်းပြ ကွန်တီကို ထုတ်ပယ်ပြီး ဇီဒန်းကို အစားထိုးနိုင်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာသည်။  

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ချန်ပီယံလိဂ် ဝင်ခွင့် မရခဲ့ခြင်းကြောင့် နည်းပြ ကွန်တီကို ရာထူးမှ ထုတ်ပယ်ရန် စီစဉ်နေပြီး ထုတ်ပယ်ခဲ့လျှင် နစ်နာကြေး အဖြစ် ပေါင် ကိုးသန်း ပေးရမည်ဖြစ်သည်။ အစောပိုင်း သတင်းများတွင် ချယ်လ်ဆီးသည် နာပိုလီ နည်းပြ ဆာရီကို အစားထိုးရန် နီးစပ်နေသည်ဟု သိရသော်လည်း ဆာရီကို ချဉ်းကပ်မှုမှာ မလိုလားအပ်သော ကြန့်ကြာမှုများ ရှိနေ၍ ပြင်သစ်နိုင်ငံသား နည်းပြ လောရင့်ဘလန့်ကို အစားထိုးမည်ဟု ဆိုသည်။

သို့သော် ဇီဒန်းကို အလွတ်ခေါ်ယူနိုင်မည့် အခွင့်အရေးကြောင့် ယခု ဇီဒန်းကို အစားထိုးနိုင်ရန် ကမ်းလှမ်းနေကြောင်း သိရသည်။ ဇီဒန်းသည် ရီးယဲလ်ကို သုံး ရာသီ နည်းပြခဲ့ရာတွင် အချိန်တို အတွင်း အအောင်မြင်ဆုံး နည်းပြ အဖြစ် ဆုဖလားပေါင်း ကိုးလုံး ရယူ ပေးနိုင်ခဲ့သည်။

MWD

No comments:

Post a Comment