Latest News

Sunday, June 3, 2018

မြောက်ဦးယဉ်ကျေးမှု ဇုန်အတွင်း ဘုရားနှစ်ဆူအား ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရန် အီတလီ နိုင်ငံမှ ပံ့ပိုးကူညီမည်

မြောက်ဦးယဉ်ကျေးမှု ဇုန်အတွင်း ဘုရားနှစ်ဆူအား ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရန် အီတလီ နိုင်ငံမှ ပံ့ပိုးကူညီမည်

မြောက်ဦး ဇွန် ၂

ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှု ဇုန်အတွင်း ဧကရာမနှင့် ဗောဓိရွှေဂူ ဘုရားနှစ်ဆူအား ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရန် စီစဉ်လျက်ရှိရာ အီတလီနိုင်ငံမှ ပံ့ပိုးကူညီပေးမည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မြောက်ဦး) ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်ထံမှ သိရသည်။

မြောက်ဦးယဉ်ကျေးမှု ဇုန်ကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး လုပ်ငန်းစဉ်များ အနက်မှ ရှေ့ပြေးစီမံချက် တစ်ခုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး ဘုရားနှစ်ဆူအား ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် အီတလီနိုင်ငံက ကူညီခြင်းဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများကို ဇွန်လမှ စက်တင်ဘာလအတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ အီတလီနိုင်ငံ အနေဖြင့် ယင်းလုပ်ငန်းစဉ်များကို အမေရိကန်ဒေါ်လာ တစ်သန်းနှင့် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေး ပစ္စည်းများ၊ ဓာတ်ခွဲစမ်းသပ်မည့် ပစ္စည်းများနှင့် အထောက်အကူပြု ပစ္စည်းများ ဝယ်ယူရေး အတွက် အမေရိကန်ဒေါ်လာ သုံးသိန်း ပံ့ပိုးကူညီမည် ဖြစ်ကြောင်း သိရသည်။

''ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ အဓိက ပြုပြင်ထိန်းသိမ်းမှု အပိုင်းတွေ လိုအပ်နေသေးတယ်။ အခုလုပ်မှာက ရှေ့ပြေးအနေနဲ့ လုပ်တာဖြစ်ပါတယ်။ ပြုပြင်ထိန်းသိမ်းဖို့ အများကြီး လိုအပ်နေသေးတယ်။ ကျန်လုပ်ငန်းစဉ်တွေ ဆက်လုပ်ဖို့ အများကြီး ကျန်ပါသေးတယ်။ ဒါတွေကိုလည်း တစ်ဆင့်ချင်း ဆောင်ရွက်ရမှာပါ'' ဟု ဒေါက်တာ သန်းထိုက်ကပြောသည်။

မြောက်ဦးယဉ်ကျေးမှု ဇုန်ကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ရှေးဟောင်းစေတီ ပုထိုးများအား ပြန်လည်ပြုပြင်ခြင်း အပြင် ဒေသခံ ပြည်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရ ဝန်ထမ်းများကိုလည်း လူ့စွမ်းအား အရင်းအမြစ် မြှင့်တင်ရေး လုပ်ငန်းစဉ်များ အတွက် လိုအပ်သည့် နည်းပညာနှင့် ငွေကြေးများ ကူညီမည်ဖြစ်ကြောင်း သိရသည်။

MWD

No comments:

Post a Comment