Latest News

Monday, June 11, 2018

အိုခြင်း၏အလှဒဿနကို ရှာကြည့်ခြင်း

အိုခြင်း၏အလှဒဿနကို ရှာကြည့်ခြင်း

''ဇရာ ဓမ္မော ယောဗ္ဗနိ'' နုပျိုခြင်းသည် အိုခြင်းအဆုံးရှိပါ ပေ၏။

၁၉၇၂   ခုနှစ်   ဘွဲ့ရသူငယ်ချင်းဟောင်းတွေ ယမန်နှစ်က ကုက္ကိုင်းတရုတ်ဘုံကျောင်းမှာ   ပြန်ဆုံ ခဲ့ကြပါတယ်။ သူငယ်ချင်းတွေ  စုပေါင်းကထိန်အလှူပွဲ လုပ်ဖို့ပါ။ မတွေ့တာကြာလို့ ဝမ်းသာအားရ နှုတ်ဆက် ကြ၊ မာကြောင်း သာကြောင်းမေးကြပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်အတွင်းမှာ ဆုံးပါးသွားခဲ့ကြတဲ့ သူငယ်ချင်း ခြောက်ယောက်အကြောင်းလည်း ပြောဖြစ်ကြတယ်။ ဒီနှစ်ထဲမှာလည်း ရင်းနှီးတဲ့သူငယ်ချင်းတစ်ဦး မမျှော် လင့်ဘဲ ဆုံးပါးသွားပြန်တော့ ကျွန်တော်တို့တွေလည်း သေခြင်းတရားနဲ့ နီးကပ်နေပြီး ဤခရီးမဝေးတော့ပါလား လို့ သတိပြုမိကြ၊ သံဝေဂရခဲ့ကြပါတယ်။  သူငယ်ချင်းတွေ ရဲ့ နာရေးအကြောင်းပြုပြီး သူရဇ္ဇမဂ္ဂဇင်းမှာရေးခဲ့တဲ့         ''အကာကိုခွာ၍ အနှစ်ကိုရှာကြည့်ခြင်း'' ဆောင်းပါးလေး ကို   ဓမ္မလက်ဆောင်အဖြစ်   မျှဝေပေးခဲ့ပါတယ်။     ကျွန်တော်တို့သူငယ်ချင်းအားလုံးဟာ     ခုနစ်ဆယ် အတွင်း ''ဇရာဒုဗ္ဗလ''အရွယ်တွေရောက်ကုန်ကြပါပြီ။  ''ကွေးသောလက်မဆန့်မီ    ဆန့်သောလက်မကွေးမီ''အချိန်တဒင်္ဂလေးမှာ သင်္ခါရသဘောအရ ပြန်လမ်းမရှိတဲ့ ခရီးတစ်ခုကို မလွဲမသွေသွားကြရတော့မှာပါ။

လွန်ခဲ့တဲ့နှစ်လေးဆယ်ကျော်   ဘွဲ့ရပြီးခါစမှာ ကျွန်တော်တို့သူငယ်ချင်းအားလုံး   ငယ်ရွယ်၊   နုပျို၊ တက်ြ<ွက လန်းဆန်းနေခဲ့ကြတာပါ။ ဘဝရဲ့ရည်မှန်းချက် ကိုယ်စီနဲ့လှပတဲ့   အနာဂတ်တွေအတွက် စိတ်ကူး အိပ်မက်တွေမက်ခဲ့ကြပါတယ်။ ဒီနေ့ပြန်ဆုံချိန်မှာတော့ ဆံဖြူ၊ သွားကျိုး၊ ခါးနာ၊ ဒူးနာ၊ ဆီးချို၊ သွေးတိုး ရောဂါ မျိုးစုံနဲ့ ဒုက္ခအဖုံဖုံကြုံနေကြတာ သတိပြုမိပါတယ်။ ရုပ်ပိုင်းရော   စိတ်ပိုင်းပါ အနိစ္စသဘောအရ ဆင်ခြင် ကြည့်တော့   အကျပိုင်း နေဝင်ချိန်ရောက်နေ ကြပါပြီ။ ကျွန်တော်တို့အားလုံးဟာ ဘဝရဲ့ချိုမြတဲ့အရသာကိုလည်း ခံစား၊ စံစားခဲ့ကြဖူးပြီ၊ ဒုက္ခအထွေထွေ၊ လောကဓံတရား တွေနဲ့လည်း ကြုံခဲ့၊ ဆုံခဲ့ကြဖူးပြီ။ များသောအားဖြင့် အသက်ခြောက်ဆယ်ကျော် ပင်စင်စား ပုဂ္ဂိုလ်များဟာ သတိတရားလက်ကိုင်မထားရင်    ဘဝတစ်ဆစ်ချိုး ပြောင်းလဲမှုဒဏ်ကို  ကြံ့ကြံ့ခံနိုင်သူနည်းပါတယ်။ အလုပ် အကိုင်လည်းမရှိ၊ ဘယ်သူမှလည်း အရေးတယူမလုပ်၊ အထီးကျန်သလိုခံစားရရင်းက   စိတ်ကျရောဂါရပြီး မြန်မြန်ဆန်ဆန်ပဲ  ဘဝကို   အရှုံးပေးသွားခဲ့ကြတာ ကြုံဖူးပါတယ်။

တကယ်တမ်းပြောရရင် ခြောက်ဆယ်ကျော်အရွယ် ဆိုတာ အသက်အပိုင်းအခြားအရရော ဘဝအတွေ့အကြုံ အရပါ စိတ်နှလုံးရင့်ကျက်ရမယ့်အရွယ်တွေပါ။ တရား ဓာတ်ခံရှိပြီး   သတိမြဲတဲ့   ပုဂ္ဂိုလ်ဆိုရင်   မိမိကိုယ်ကို          အသင့်အတင့်နှလုံးသွင်း     မှန်ကန်မှုရှိကြပါတယ်။      ဘယ်အရာလုပ်သင့်တယ်၊   မလုပ်သင့်ဘူး၊ ဘယ်အရာ ကောင်းတယ်၊ မကောင်းဘူးဆိုတာ အမှားနဲ့အမှန် ဝေဖန် ပိုင်းခြားနိုင်တဲ့ အသိÓဏ်နဲ့ အရာရာကို    ဆင်ခြင်သုံးသပ် ဆုံးဖြတ်နိုင်ပါတယ်။    ကျွန်တော်တို့အရွယ်တွေဟာ နေရမယ့်လက်ကျန်အချိန်လေးမှာ    လက်ရှိဘဝလေး တစ်ခုသာ  မကြည့်ဘဲ တမလွန်ဘဝအတွက်ပါ မျှော်မှန်း ပြီး ဒါန၊ သီလနဲ့   ဘာဝနာတရားတွေကို  ကျင့်ကြံပွားများ ကြဖို့  လိုအပ်နေပါပြီ။   ဒီတော့    အိုခြင်းကောင်းအောင် အိုတဲ့   ဘဝလှအောင်  ဘယ်လိုပုံစံနဲ့ နေထိုင်ကျင့်ကြံအား ထုတ်ကြမှာလဲ။

ဆရာကြီးဇော်ဂျီပြန်ဆိုခဲ့တဲ့   ''ပလေတိုနိဒါန်း''မှာ အိုခြင်းနဲ့ပတ်သက်ပြီး ဂရိဒဿနပညာရှင် ဆောခရတ္တိ (SOCRATES) နဲ့ သူကြွယ်အို 'ဆိဖလ'တို့ ဆွေးနွေးကြပုံ အကျဉ်းဖော်ပြပါရစေ။

ဆောခရတ္တိ

အချင်းဆိဖလ  အသင်လည်း အရွယ်အိုခန်းဝသို့ ဝင်ခဲ့ပြီ။   ဘဝလမ်းဆုံးရောက်ခါနီးတွင် မည်သို့ဖြစ်တတ်ပါ သနည်း။ ပင်ပန်းစရာတို့ပိုလာပါသလော။

ဆိဖလ

အချင်း  ''ဆောခရတ္တိ'' ကျွန်ုပ်သည် လူအို၊ လူမင်း အချင်းချင်းတွေ့ကြ၊ ဆုံကြသောအခါ ကျွန်ုပ်၏ မိတ်ဆွေ များက ညည်းတတ်ကြသည်။  မစားနိုင်၊ မသောက်နိုင် တော့ပါ။ ချစ်ချင်၊ ကြိုက်ချင်စိတ်လည်းမရှိ၊ လူ့ဘဝ၌ နေ ၍ မကောင်းတော့ပါဟုလည်း  ညည်းတတ်ကြပါသည်။ အချို့ကလည်း အရွယ်အိုလျှင်  အဆွေ  အမျိုးတို့ကပင် မလိုချင်၊ ငြိုငြင်ကြသည်ဟု ဆိုတတ်ကြသေး၏။ အပြစ် မဟုတ်သည်ကို အပြစ်ဟုမြင်ကြသည်။ ကျွန်ုပ်အဖို့ရော၊ အခြားလူအို၊ လူမင်းတို့အဖို့မှာ  အရွယ်အိုသည် အပြစ် မဟုတ်၊ ညည်းစရာမဟုတ်ပါ။ အချင်း 'ဆောခရတ္တိ' မစား နိုင်၊ မသောက်နိုင်၊ မပျော်နိုင်၊ မပါးနိုင်သောဒုက္ခ၊ အဆွေ အမျိုးတို့၏ ငြိုငြင်ခံရသော  ဒုက္ခအပေါင်းနှင့် ကြုံတွေ့ရ ခြင်းသည် စင်စစ်အရွယ်အို ဇရာကြောင့်မဟုတ်၊ အိုသူ၏စိတ်နေသဘောထားကြောင့်ဟု ကျွန်ုပ်ယူဆပါသည်။

သြူ<ွကယ်အိုဆိဖလရဲ့ အယူအဆကိုသုံးသပ်ရင်း သတိ၊ သမာဓိရှိ၍ ''ယောနိသောမနသိကာရ'' အသင့်အတင့် နှလုံးသွင်းမှန်သော လူအိုတို့အဖို့မှာ အိုခြင်းသဘောသည် မခံမရပ်နိုင်သော၊ မသယ်မပိုးနိုင်သော ဝန်ထုပ်ဝန်ပိုး မဟုတ်ပါ။  အကယ်၍ သတိ၊  သမာဓိကင်းပြီး  အသင့် အတင့်နှလုံးသွင်းတတ်ခြင်းမရှိခဲ့ရင်   အိုသည်ဖြစ်စေ၊ ပျိုသည် ဖြစ်စေ ဒုက္ခအပေါင်းတို့ရဲ့ ဖိစီးနှိပ်စက်မှုဒဏ်ကို ဧကန်မုချ ခံကြရမှာပါ။

''ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းကား   ကွေကွင်း နောက်ဆုံးရှိချေ၏။   နုနယ်ရုပ်ဆင်း  ပျိုမျစ်ခြင်းကား အိုမင်းနောက်ဆုံး ရှိချေ၏'' ဆိုတဲ့ လယ်တီဆရာတော်ကြီးရဲ့ သံဝေဂလင်္ကာထဲကလိုပဲ မိမိကိုယ်ကို ပြန်ပျိုချင်လို့မရနိုင် တော့ပါ။ မိုးဦးကာလမှာ ရွက်နု၊  ရွက်သစ်များနဲ့ စိမ်းလန်း နုပျိုနေတဲ့ သစ်ပင်တွေလည်း မိုးနှောင်းကာလမှာ ရင့်ရော် သွားရသလို လူနဲ့သတ္တဝါတွေအားလုံးလည်း  နုပျိုရာက အိုချိန်ရောက်ရ၊ အိုမင်းလာကြတာ ဓမ္မတာပါ။ တောင်တန်း သာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရရဲ့ ကိုယ်တွေ့ မှတ်တမ်းဆောင်းပါး ''အိုလိုက်ကြစို့နော်''မှာ အိုခြင်းဇရာကို ကြိုဆို လက်ခံကျေနပ်တဲ့ သဘောထားအမြင် ဖော်ပြခဲ့ ပါတယ်။

ဆရာတော်ကြီးက   ''ကျွန်းပင်၊  အင်ကြင်းပင်၊ ပျဉ်းကတိုးပင် စသော သစ်ကောင်းမျိုးတို့သည် ကြီးရင့်လေ အနှစ်ပြည့်လာလေ  ဖြစ်ကြဘိသကဲ့သို့ လူ့လောကတွင် လည်း ပညာရှိသူတော်ကောင်းတို့မည်သည် အသက်ကြီးရင့် လာလေလေ  တရားအမြင်၊  အနှစ်ပြည့်ဝလာလေလေ ဖြစ်ကြောင်း   ရှေး၌   အစဉ်အလာရှိခဲ့ကြသောကြောင့် ဝမ်းနည်းဖွယ်ရာ မဟုတ်ပါ''လို့ အားပေးတော်မူခဲ့ပါတယ်။ ဒါ့အပြင် ဆရာတော်ကြီးက ''ဤအရှင်အနေဖြင့် အိုလာရ ခြင်းကို နှစ်သက်ပါသည်။  ကြည်နူးဝမ်းသာဖြစ်ရသည်။ အကြောင်းမှာ ငယ်စဉ်ဘဝတုန်းကလို ပေါ့ဆသောစိတ်နှလုံး မထား၊ ထို့ကြောင့်   တရားဘာဝနာအလုပ်၌  သမာဓိ အင်အားကောင်းသည်၊    သမာဓိအင်အားကောင်း၍ စိတ်ကြည်သည်။ ထို့ကြောင့် ရည်မှန်းချက် ထိုဆန္ဒအတွက် တစ်ဖြောင့်တည်း ခိုင်မာနေသည်။ ထို့ပြင်မိမိကြာမြင့်စွာက ဆုတောင်းခြင်းနှင့်တကွ ပါရမီဖြည့်ရေး ဦးတည်ချက်လည်း စိတ်ချရပြီမို့ အသက်ကြီးရင့်၍ တစ်နေ့တခြား အိုလာ နေခြင်းကိုပင် အထူးကျေနပ်မိပါသတည်း'' လို့ အဆုံးသတ် နိဂုံးမှာ မိန့်ဆိုခဲ့ခြင်းဖြစ်ပါတယ်။

ကမ္ဘာကျော်ဒဿနပညာရှင် ဘာထရန်ရပ်ဆဲလ်ရဲ့  ''အိုခြင်း''နဲ့ပတ်သက်တဲ့ ဒဿနအမြင်ကလည်း ထူးခြားပါ တယ်။ သူက ''လူ့ဘဝသည်မြစ်တစ်စင်းနှင့်တူ၏၊ မြစ်သည် ဦးစွာပထမ   သေးသေးသွယ်သွယ်နှင့်   မြစ်ကမ်းပါး နှစ်ဖက်ကြား ကျပ်ကျပ်တည်းတည်း  စီးဆင်းနေတယ်။ ကျောက်ဆောင်၊ ကျောက်တုံးတွေကို အင်တိုက်အားတိုက် တိုးတိုးဝှေ့ဝှေ့ ကျော်လိုက်၊ ဖြတ်လိုက်၊ ရေတံခွန်တွေကို လည်း ခုန်လိုက်၊ ပျံလိုက်၊ မြစ်ကျဉ်းတွေကိုလည်း တရှူးရှူး တမြူးမြူးနဲ့ တိုးဆင်းလိုက်၊ သည့်နောက် တဖြည်းဖြည်း ကျယ်သည်ထက် ကျယ်လာပြီး မြစ်ကမ်းပါးနှစ်ဖက်လည်း အဝေးသို့ ဆုတ်ခွာသွားကာ တိုးစရာ၊ ဝှေ့စရာ၊ ကျော်စရာ၊ လွှားစရာရယ်လို့ မကြုံရတော့ဘဲ ငြိမ်ငြိမ်သက်သက်ကြီး ပင်လယ်ထဲကို စီးဝင်သွားပါတယ်။ မိမိတို့ရဲ့ ဘဝကိုလည်း အဲဒီလို ကြည့်နိုင်၊ မြင်နိုင်တဲ့လူပုဂ္ဂိုလ်မျိုးဟာ သေခြင်းကို မရွံ့တော့ပါဘူး။

ဘာကြောင့်လဲဆိုတော့   သူသေဆုံးပြီးနောက်လည်း ဆက်လက်ပြီး ရှိနေနိုင်မှာပဲဆိုတာ သိလာလို့ပဲ။ အကယ်၍ သူ့ရဲ့သန်စွမ်းမှုတွေ ယိုယွင်းလာပြီး  ခွန်အားတွေလျော့လာ မယ်ဆိုပြန်ရင်လည်း ''အနားယူခြင်း'' ကို  သူမကြိုက်ချင် ဘူးလို့ ဘယ်ဟုတ်နိုင်ပါ့မလဲ။ ကျွန်ုပ်တော့ဖြင့်    ကိုယ်လုပ် နိုင်ခဲ့သမျှ ကိုယ်လုပ်ပြီးသမို့ ကျန်ရစ်သူတွေဆက်လုပ်ကြပေ လိမ့်မယ် လို့   ''ချင့်ရဲပြေ''   စိတ်ထားကို  ရင်ဝယ်ပိုက်ပွေ့ရင်း ကိုယ်လုပ်နေတဲ့အလုပ်ခွင်မှာပဲ သေဆုံးချင်ပါတယ်ဗျာလို့ ''အိုနည်းကောင်း''ကို ညွှန်ပြခဲ့ပါတယ်။

သို့ပေမယ့် တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရရဲ့ ဓမ္မနဲ့ယှဉ်တဲ့ ဘဝအမြင်ကပိုပြီး အဓိပ္ပာယ် လေးနက်ကာ အနိစ္စသဘောကို ဆင်ခြင်မိတယ်လို့  ယူဆ ပါတယ်။ တစ်နေ့မှာ ဆရာတော်ကြီးဟာ တောင်မြင့်ကြီး တစ်ခုရဲ့  ကမ်းပါးစမ်းရေကျအနီးမှာ  ရပ်ကြည့်နေရင်း ''လူတို့ရဲ့ ဘဝခရီးဟာ အစဉ်စီးဆင်းနေတဲ့ ရေအလျဉ်နဲ့ တူလှချေ၏တကား''လို့  တွေးဆမိပါသတဲ့။  စမ်းရေ၊ ချောင်းရေ၊ မြစ်ရေဆိုတဲ့ ရေအမျိုးမျိုးဟာ သမုဒ္ဒရာ အတွင်း ရောက်သွားတဲ့အခါ ဆားငန်ရေတစ်မျိုးတည်း ဖြစ်သွားသလို လူတွေမှာလည်း ဆင်းရဲသူ၊ ချမ်းသာသူ၊ ဂုဏ်မဲ့သူ၊ ဂုဏ်ရှိသူ၊ ရာထူးမဲ့သူ၊ ရာထူးရှိသူအမျိုးမျိုးဟာ မရဏသို့ ရောက်သွားတဲ့အခါ မတင့်တယ်တဲ့ အသုဘ   အပုပ်ကောင်  တစ်မျိုးတည်းသာ  ဖြစ်သွားတယ်လို့   နှိုင်းယှဉ်ဆင်ခြင်ခဲ့ပါတယ်။    ''အမှည့်တဝင်းဝင်း၊ အကင်းတဖြုတ်ဖြုတ်''ဆိုသလိုပဲ   လူငယ်၊  လူရွယ်၊ လူလတ်တွေက  လူအိုတွေထက်  သေကြတဲ့ အရေ အတွက်   ပိုပြီးများနေတာဟာ သံဝေဂရစရာပါလို့ ဆရာတော်ကြီးက မိန့်ဆိုခဲ့ဖူးပါတယ်။

၂၁ ရာစု ယနေ့ခေတ်မှာ   ခေတ်မီဆေးဝါးနဲ့      နည်းပညာတွေတိုးတက်ဖွံ့ဖြိုးလာတော့ မအိုအောင် ကြံဆလုပ်ဆောင်လာကြတယ်။ အရေမတွန့်အောင်၊   အဆီမတွဲအောင်၊မှဲ့ခြောက်၊ တင်းတိတ်   စတာတွေမရှိဘဲ နုပျိုအောင် နည်းမျိုးစုံနဲ့ ပြုပြင်ပေးနိုင်ပါပြီ။   ရုပ်ပိုင်းကို  ဘယ်လိုပြင်နိုင်စေဦးတော့ ကိလေသာအစေး၊ တဏှာ အစေးတွေကပ်နေတဲ့ စိတ်ကိုတော့ စိတ်နဲ့ပဲ စင်ကြယ် အောင်ပြုလုပ်နိုင်ပါတယ်။ ကိလေသာအညစ်အကြေး ကင်းတဲ့စိတ်က နုပျို၊ ကျန်းမာ အသက်ရှည်စေနိုင်တယ်။ အဲဒီကိလေသာအစေးတွေ အချိန်ကြာကြာ  ခွာထား နိုင်သလောက်  ''စိတ္တဝိသုဒ္ဓိ'' ဖြစ်နေမှာပါ။ စိတ်ပျိုရင် ကိုယ်နုဆိုသလို စိတ်ကသန့်ရှင်းဖြူစင်နေရင်  ရုပ်ရည် လည်း   လန်းဆန်းကြည်လင်   အရွယ်တင်နေမှာ သေချာပါတယ်။

တကယ်တော့   လောကီချမ်းသာအားလုံးဟာ         ''အကာ''သက်သက်ပဲဆိုတာ တရားနဲ့ဆင်ခြင်ရင် သိနိုင်ပါ တယ်။ လောကုတ္တရာချမ်းသာကသာလျှင် ''အနှစ်''အစစ် အမှန်ပါ။ အနည်းဆုံး သမထ ဘာဝနာအားထုတ်နိုင် ရင် သမာဓိအားကောင်းပြီး ငြိမ်းအေးနေတဲ့ သုခချမ်း သာဟာ  လောကီချမ်းသာအားလုံးထက် သာလွန်ပါ တယ်။ တစ်ဆင့်တက်ပြီး ဝိပဿနာတရားအားထုတ်လို့ သတိပဋ္ဌာန်တရား   တစ်ပါးပါးလက်ကိုင်ထားနိုင်ရင် Óဏ်စဉ်အဆင့်ဆင့်တက်ကာ   အတိုင်းထက်အလွန် လောကနိဗ္ဗာန်ချမ်းသာ၊   သန္တိသုခ  အစစ်ရရှိနိုင်မှာ ဧကန်မလွဲပါ။

အိုခြင်းတရားနဲ့ပတ်သက်ပြီး လယ်တီဆရာတော် ဘုရားကြီးရဲ့ မိန့်ဆိုစကားနဲ့ အဆုံးသတ်ချင်ပါတယ်။ ဆရာတော်ကြီးက  ''သတ္တဝါတို့ဟာ မအိုရအောင် ကြံဆောင်လို့ရပေမယ့် မသေရအောင်ကြံဆောင်လို့ မရနိုင်''ဆိုပြီး   မိန့်ကြားတော်မူခဲ့တာပါ။  ဒါကြောင့် အိုခြင်းရဲ့အလှတရားနဲ့   သဘာဝဓမ္မတရားကို    မိမိရဲ့ စိတ်သန္တာန်ထဲမှာပဲ ရှာဖွေရမှာဖြစ်ပါတယ်။ ဒီလိုရှာနိုင် ဖို့အတွက် မြတ်ဗုဒ္ဓရဲ့ သဘာဝဓမ္မဆေးနည်း အမှန် တကယ်လိုအပ်လှပါတယ်။ မြတ်စွာဘုရားရဲ့  တရားဟာ လာလှည့်၊ ရှုလှည့်၊ ကိုယ်တိုင်စမ်းသပ်ကြည့်လှည့်ဟု ရဲရဲဝံ့ဝံ့ဖိတ်ခေါ်နိုင်တဲ့အပြင် သိပ္ပံနည်းမှန် စနစ်တကျ ရှိလှပါတယ်။ ယနေ့သိပ္ပံပညာရဲ့  လက်တွေ့သုတေ သနပြု တွေ့ရှိမှုတွေက ဗုဒ္ဓရဲ့သဘာဝဓမ္မတရားတွေဟာ မှန်ကန်လေးနက်သိမ်မွေ့ပြီး  လက်တွေ့ကျကြောင်းကို သက်သေပြခဲ့ကြပါပြီ။

နိဂုံးချုပ်ရမယ်ဆိုရင် ကျွန်ုပ်တို့သူငယ်ချင်းတစ်စုအပါအဝင်     ဇရာတွင်း ချင်းနင်းနေကြသူအားလုံး အသေမဦးမီ ဥာဏ်ဦးအောင် သတိပဋ္ဌာန်၊ ဝိပဿနာ တရား ကြိုးစားအားထုတ်ပြီး  ကျန်းမာချမ်းသာစွာနဲ့ သံသရာဘေးဆိုးအပေါင်းမှ   လွတ်မြောက်နိုင်ပါစေ ကြောင်း  စေတနာကောင်းနဲ့   တိုက်တွန်းချင်ပါတယ်။ ဘဝနေဝင်ချိန်ရောက်သူများ  ဆည်းဆာအလှတရား ရှာတွေ့နိုင်ကြပါစေ။      ။

ဒေါက်တာအောင်အောင်မင်းပါမောက္ခချုပ်(ငြိမ်း)

No comments:

Post a Comment