Latest News

Monday, June 11, 2018

မျက်နှာဖုံး

မျက်နှာဖုံး


''သမီးရယ် အမေကြီးကို ထမင်းဖိုးလေးသနားပါကွယ်၊ ခုထိ   ထမင်းမစားရသေးလို့ပါကွယ်''  ပေစုတ်စုတ် အဒေါ်ကြီး  ကျွန်မအနား  ကပ်လာတာနဲ့အမျှ ညှီစို့စို့ အနံ့တို့က နှာခေါင်းထဲကို တိုးဝင်လာပါတယ်။ စားလက်စ ထမင်းကိုပင်  ဆက်မစားချင်အောင်  ဖြစ်သွားပါတယ်။ ''ကန်တော့ပါရဲ့ အဒေါ်ကြီးရယ် အကြွေမပါဘူး''ပြောလည်း ပြောရင်း ပိုက်ဆံအိတ်ကို စိတ်မချကာ ကျွန်မဘက် ဆွဲယူ လိုက်ပါတယ်။ ကျွန်မစကားကြောင့် အသက်ခြောက်ဆယ် ကျော်   ခပ်နွမ်းနွမ်းအဒေါ်ကြီး  မျက်နှာလေးငယ်ကာ နောက်တစ်ဝိုင်းကို ကူးသွားပါတယ်။  တခြားဝိုင်းတွေကို သွားတောင်းတာ ရသည်မရသည်ကို ကျွန်မသတိမထားမိ ထမင်းကို ဆက်စားနေလိုက်ပါတယ်။  ''မမရယ် သား ဘာမှမစားရသေးလို့ မုန့်ဖိုးလေး စွန့်ကြဲပါ မမရယ်''အသံနဲ့ အတူ ညစ်ပေပေကလေးငယ်တစ်ယောက် ကျွန်မ ထမင်း စားပွဲဝိုင်းနား ရောက်လာပြန်တယ်။  ''လာပြန်ပြီတစ်ယောက်'' ကျွန်မ စိတ်အလိုမကျစွာ ပြောလိုက်ရင်း ''အကြွေမပါဘူး ကလေးရဲ့နော်''ကျွန်မစကားကြောင့်   ကလေးငယ်က  တစ်ချက်မဲ့ကာ   ထွက်သွားပြန်တယ်။  ထမင်းတောင် အေးဆေး မစားရပါလားလို့တွေးကာ ထမင်းဆက်စားလိုက် ပြန်တယ်။ စားလို့ပြီးတာနဲ့ ''ရှင်းမယ်''လို့ လှမ်းအော်လိုက် ပါတယ်။ ကျသင့်ငွေ စုစုပေါင်း  ၁၆၅ဝ မို့ တစ်ထောင်တန် နှစ်ရွက်ထုတ်ကာ  ပေးလိုက်ပါတယ်။ ခဏအကြာတော့ ''အစ်မရေ အြေ<ွကက၂ဝဝ ပဲရှိတယ်၊ ၁၅ဝ ကို တခြားဟာ ယူလိုက်ပါလား''  စားပွဲထိုးကောင်လေးစကားကြောင့် ဗိုက်ကလည်းပြည့်နေပြီမို့ ဘာယူရမလဲ တွေးလိုက်ပါတယ်။ ''ဒါဆို မအမ်းနဲ့တော့ ရေသန့်တစ်ဘူးပေးတော့'' ရေမဆာ ပေမယ့်  ပိုက်ဆံမထားခဲ့ချင်တာကြောင့် ရေတစ်ဘူး   မှာလိုက်ပါတယ်။ ဘူးထဲကရေသန့်ကို တစ်ကျိုက်မော့ကာ ထမင်းစားရင်းက ဆီအချို့ပေသွားတဲ့လက်ကို  လောင်းဆေး လိုက်ပါတယ်။ ရေသန့်ဘူးကိုထားကာ ထွက်မယ်အလုပ် ''အစ်မကြီးရယ် သားကို အဲဒီရေဘူးလေး ပေးပါနော်''  မျက်နှာငယ်လေးနဲ့ ကောင်လေးကိုကြည့်ပြီး ''သြော် ယူလေ ယူချည်''ကျွန်မ စကားကြောင့် ကောင်လေးက ခုန်ပေါက်ကာ ရေဘူးလေးယူပြီး ထွက်သွားပါတယ်။ ပျော်သွားရှာတယ် ထင်ပါတယ်။ အမှတ်တမဲ့ လျှောက်ကြည့်မိတော့ ခုနက အဘွားကြီး ကြည့်ရတာ ခုထိထမင်းစားရဟန်မပေါ် သနားစိတ်လေးဝင်မိကာ   ခုနကပိုတဲ့   ၃၅ဝ  လေး ပေးလိုက်ရကောင်းသားလို့ တွေးမိပြန်တယ်။ ဒီလိုသာ ပေးနေရပြန်လည်း ပေးလို့ကိုဆုံးမှာမဟုတ်ဘူးလို့တွေးကာ ကိုယ့်လမ်းကို ဆက်ထွက်ခဲ့ပါတယ်။ ''ငါ့တူမကြီး ငါ့တူမ ဒီမယ်ဒီမယ်''ခေါ်သံကြောင့် ကြည့်မိတော့ ခုနကတောင်းတဲ့ အဘွားကြီး ''ဒီမယ် ငါ့တူမကြီး ဘာကတ်လေးလဲတော့ မသိဘူး တူမကြီးဆီကကျသွားတာမြင်လို့''အဘွားကြီးပြမှ  ကြည့်မိတော့ ''အမလေး  တော်ပါသေးရဲ့''ကျွန်မရဲ့  ATM    ကတ်၊ အဘွားကြီးကစာမတတ်လို့လားမသိ ကတ်ကို လိုက်ပြန်ပေးပါတယ်။ တိတ်တိတ်လေး ကောက်ယူမထား တာပဲ    ကံကောင်းတာပဲလို့တွေးပြီး  အဘွားကြီးကို တစ်ချက်မျှပြုံးပြကာ     ကျေးဇူးတင်စကားပင်မဆိုဘဲ ထိုနေရာမှ အမြန်ထွက်ခဲ့ပါတယ်။

''ရှေ့မှတ်တိုင်ပါလားဗျို့၊ ပါရင်ကြိုပြောနော်၊ ကားခ လေးတွေလည်း ကြိုထုတ်ထားကြဗျို့၊ စပယ်ယာရဲ့ စကား အသံ ခပ်ကျယ်ကျယ်ကို နားထောင်ရင်း ကားခပေးဖို့ ပိုက်ဆံထုတ်ထားလိုက်ပါတယ်။ ကားကလည်း လူကျပ် လိုက်သည်ဖြစ်ခြင်း၊ ကိုယ်က ဂိတ်ဆုံးထိလိုက်ရမှာမို့ နေရာရအောင် ထိုင်ထားပေမယ့်  ကျပ်လိုက်သည်ဖြစ်ခြင်း။  ''ရှေ့မှာ တစ်ယောက်တက်မယ် ဆရာရေ့''စပယ်ယာရဲ့ အသံကြောင့် ဒီလောက်လူကျပ်နေတာ ထပ်တင်ဦးမလား ဆိုပြီး စိတ်ခုမိပါတယ်။ ''တက်တက်အဒေါ်ရေ့ ဒီဘက်တန်း မှာ တစ်ယောက်ထိုင်လို့ရသေးတယ်၊ ဝင်ထိုင်''စပယ်ယာရဲ့ စကားကြောင့် တက်လာတဲ့ ခပ်ဝဝအဒေါ်ကြီးက ကျွန်မတို့ ခုံတန်းဘက် ကျွန်မဘေးကို အားရပါးရ ထိုင်ချလိုက်ပါ တယ်။ အစကတည်းက ကျပ်ညပ်နေတာ ခုပိုလို့ ကျပ်သွား ပြန်တယ်။ ပြောလို့ကလည်းမဖြစ်၊ ဘတ်စ်ကား တစ်ဖက်ခုံ တစ်တန်း ကိုးယောက်ထိုင်ရသည်ကိုး။ ကားလှုပ်တိုင်း လှုပ်လှုပ်သွားတဲ့ အဒေါ်ကြီးခန္ဓာကိုယ်နဲ့အတူ ဆွဲကြိုး ကြီးကြီးနဲ့ လက်ကောက်သံတချွင်ချွင်ကလည်း လှုပ်တိုင်း မြည်နေပါတယ်။ ဒီလောက်သားနားပြီး ဝတ်စားထားတာ ကိုယ်ပိုင်ကားမစီးဘဲနဲ့လို့   ကျွန်မ တွေးလိုက်မိပါတယ်။ ''ကားခတွေ လှမ်းမယ်ဗျို့''စပယ်ယာ့   အသံကြောင့် ကျွန်မလက်ထဲက တစ်ထောင်တန်ကို ပေးလိုက်ပါတယ်။ ''ငါ့တူမကြီးရေ အဒေါ်ပိုက်ဆံအိတ်က ဇစ်ကငြိနေတာ ဖွင့်ရခက်လို့ အန်တီ့အတွက် ကားခ ခဏပေးပေးပါလား ကွယ်၊ ဂိတ်ကျမှ အဒေါ်ကဆင်းမှာဆိုတော့ ပေးမယ် သိလား'' အဒေါ်ကြီးစကားကြောင့် လူကျပ်ကျပ်မှာ ပိုက်ဆံ အိတ်ဖွင့်ရခက်နေတဲ့ အဒေါ်ကြီးကိုကြည့်ကာ ''ဟုတ် ဟုတ်   ရပါတယ်''ကျွန်မစကားကြောင့်  အဒေါ်ကြီးက ''ကျေးဇူးပါ တူမကြီးရယ်၊ ဂိတ်ထိလိုက်မှာလား၊ အဲဒီကျ ပေးမယ် သိလား''ကျွန်မလည်း ခေါင်းညိတ်ပြလိုက်ပါတယ်။ ၅ဝဝ စိုက်ပေးလိုက်ပါတယ်။ ကားစီးရင်း အဒေါ်ကြီး ဝတ်စားထားပုံ ဆင်မြန်းထားတဲ့ လက်ဝတ်ရတနာတွေကို ငေးကြည့်ကာ အားကျရင်း  လိုက်ပါခဲ့ပါတယ်။ သူဌေး တစ်ယောက်အတွက် ၅ဝဝ လောက် စိုက်ပေးပြီး ခင်မင် သိခွင့်ရတာ မဆိုးပါဘူးလို့ တွေးမိပြန်တယ်။ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ကြရင်း အဒေါ်ကြီး အမျိုးသားက ပွဲရုံပိုင်ရှင်၊ အဒေါ်ကြီးသားက ဆရာဝန် ဆိုတဲ့အကြောင်းအရာတွေသိတော့ ပိုလို့အားကျမိပါတယ်။တစ်ယောက်နဲ့တစ်ယောက် လိပ်စာတွေပြောရင်း ခင်မင်ခွင့် ပိုရအောင် ကျွန်မကြိုးစားလိုက်ပါတယ်။ ဒီနေ့မှ ကားပျက် နေလို့ဆိုပြီး ဘတ်စ်ကားစီးရတာကိုလည်း ပြောပြပါတယ်။ ဂိတ်တွေကျော်ဖြတ်လာတာနဲ့အမျှ လူအချို့ဆင်းသွားတော့ ကားက အနည်းငယ်ချောင်လာပါတယ်။ ''ရော့ အိပ်ချင်ပြေ အချဉ်လေးစား''အဒေါ်ကြီးပေးတဲ့ ချဉ်ပေါင်းထုပ်လေးထဲက တစ်ဖတ်ယူကာ အိပ်ချင်ပြေ စားလိုက်ပါတယ်။ အိပ်ချင်ပြေ မပြေတော့မသိဘူး ဂိတ်ရောက်မှပဲ ''အစ်မ အစ်မ ထတော့ ဂိတ်ဆုံးပြီ''စပယ်ယာ့ အသံစူးစူးကြားမှ ရုတ်တရတ်လန့်နိုး လာတော့  ကားပေါ်မှာ  ကျွန်မတစ်ယောက်တည်း။ ယောင်ယောင်ရမ်းရမ်း ဟိုကြည့်သည်ကြည့်လုပ်ပြီး သတိ ထားမှ ''ကျွန်မပိုက်ဆံအိတ်မရှိတော့'' အလန့်တကြားနဲ့ ''ဟဲ့ စပယ်ယာလေး ဟို အဒေါ်ကြီးရော၊ အစ်မဘေးနားက အဒေါ်ကြီးရော'' ကျွန်မစကားကြောင့် ကောင်လေးက ခေါင်းကုတ်ကာ ''သြော် အစ်မဘေးက အဒေါ်ကြီးလား  အစ်မစအိပ်ကတည်းက ဆင်းသွားတာလေ၊ အဲဒါ အစ်မ အဒေါ်  မဟုတ်ဘူးလား''စပယ်ယာလေးစကားကြောင့် ''အမလေးဟဲ့ သွားပါပြီ၊ အဲဒါ ငါ့အဒေါ်မဟုတ်ဘူးဟဲ့ အဲဒါ ငါ့ကိုမုန့်ကျွေးအိပ်ဆေးခတ်ပြီး  ငါ့ပိုက်ဆံအိတ် အလစ်သုတ်သွားတာ''ကျွန်မစကားကြောင့် စပယ်ယာ လေးက အံ့သြဟန်နဲ့ ''ဟာဗျာ ဘယ်သိမလဲ၊ အစ်မတို့က ကားပေါ်မှာ တကယ့်အသိတွေလိုပြောနေတော့ အသိ မိတ်ဆွေ ဒါမှမဟုတ် အဒေါ်နေမှာပါဆိုပြီး ဂရုမထား တော့ဘူးလေ၊ အဲဒီအဒေါ်ကြီးဆင်းသွားတော့ သတိထားပြီး တောင်မကြည့်လိုက်မိဘူး''စပယ်ယာလေးစကားကြောင့် ''ကျွန်မကိုယ့်နဖူးကိုယ်ရိုက်ကာ''သွားပါပြီ သူများကို တကယ်အဟုတ်မှတ်ပြီး အထင်ကြီးယုံမိတာ ခံလိုက်ရပြီ၊ လက်ထဲမှာ   ပိုက်ဆံတစ်ကျပ်မှမရှိတော့ဘူး၊  ရှေ့ဆက် ခရီးဆက်ဖို့ ဘယ်လိုလုပ်ရပါ့မလဲတွေးရင်း အပေါ်အင်္ကျီ အိတ်ကပ်ကို ဟိုစမ်းသည်စမ်းလုပ်မိတော့ ''ကတ်ပြားလေး''အမယ်လေး ကျွန်မ  ATM   ကတ်ပြားလေး မနက်က ဟို တောင်းတဲ့   အဘွားကြီးပေးတုန်းက  ပိုက်ဆံအိတ်ထဲ ပြန်မထည့်ဘဲ အိတ်ကပ်ထဲ အမြန်ထည့်ကာ ထွက်လာပုံကို ပြန်သတိရမိပါတယ်။ အနီးနားရှိ  ATM   စက်မှာ ငွေကို ထုတ်ကာ လူလိမ်မိန်းမကြီးပြောတဲ့ လိပ်စာအတိုင်း လိုက်ခဲ့ ပါတယ်။   သူပြောတဲ့  လိပ်စာအတိုင်း  ပွဲရုံတွေရှိပေမယ့် ထိုအဒေါ်ကြီး ပိုင်တာတွေမဟုတ်။ သေချာသွားပြီ ကျွန်မ အလိမ်ခံလိုက်ရပြီ။ ကျွန်မရဲ့ တစ်ပါးသူကို အားကျမှု၊ အထင်ကြီးမှုက ကျွန်မကိုဒုက္ခပေးလိုက်ပြီ။  ATM   ကတ် ကလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း ဟိုအဒေါ် ကြီးအတွက် စိုက်ပေးခဲ့တဲ့ ကားခ ၅ဝဝ ကို ထမင်းဆာနေတဲ့ ကလေးကိုပေးလိုက်ရင် ဘယ်လောက်သူပျော်လိုက်မလဲ။ ရေသန့်ဘူးလေးရတာတောင် သူပျော်နေရှာတာလေ။ သူတစ်ပါးရဲ့ ကြွားဝါမှု၊ ဟန်ဆောင်မှုတွေကို အထင်ကြီးပြီး ခင်မင်ချင်ခဲ့တဲ့ ကျွန်မ ရိုးရိုးသားသား ဗြွှ ကတ်ကို လိုက်ပေးတဲ့ အဘွားကြီးကို ကျေးဇူးတင်စကားလေးပြောပြီး ထမင်းကျွေးခဲ့ရင် ဘယ်လောက်များတောင် ကုသိုလ်တွေ ရလိုက်မလဲ။ မှတ်တိုင်မှာရပ်နေတဲ့ ဘတ်စ်ကားပေါ်မှာ ကျွန်မ တိတ်တိတ်လေးတွေးနေမိပြန်တယ်။ ''သမီးရေ ထမင်းဖိုးလေး  ပေးသနားပါကွယ်၊  အမေကြီးဆာလို့ပါ'' ကားနောက်မြီးမှာ  လက်ကလေးတုံတုံနဲ့  တောင်းနေတဲ့ အမေကြီးကိုကြည့်ကာ တစ်ထောင်တန်တစ်ရွက် ထုတ်ပေး လိုက်ပါတယ်။ ''ငါ့တူမကြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ သွားလေရာလာလေရာ ဘေးကင်းပါစေ၊ ဒီထက်မက ကုသိုလ်ပြုနိုင်ပါစေ၊ ဘေးခပ်သိမ်းငြိမ်းပါစေ'' စတဲ့ဆုတွေ တစ်သီကြီးပေးကာ အပြုံးပန်းနဲ့ ထွက်ခွာသွားပါတယ်။သံဝေဂရစေတဲ့ ဒီနေ့အဖြစ်အပျက်ကိုကြည့်ရင်း မာယာ မျက်နှာဖုံးတွေတပ်ဆင်ထားတဲ့ လူတွေကို အထူးဂရုပြု ရှောင်ကြဉ်ကာ ရှိတဲ့လူတိုင်းကိုလည်း အထင်မကြီး အားမကျတော့။ မရှိတဲ့လူတိုင်းကိုလည်း အထင်မသေးမိ တော့ပေ။ လူတိုင်းရဲ့ အပြင်ပန်းကို မကြည့်ဘဲ ကူညီသင့် တာကိုကူညီရင်း လဲနေသူကိုထူပေးဖို့ကိုသာ ကျွန်မတွေးမိ ပါတော့တယ်။    ။

ဆုဆုတာ

No comments:

Post a Comment