Latest News

Monday, June 11, 2018

လူငယ်တွေ စာဖတ်မှဖြစ်မယ် - ​ဆောင်းပါး

လူငယ်တွေ စာဖတ်မှဖြစ်မယ် - ​ဆောင်းပါး

ဒီနေ့ခေတ်ကာလကိုကြည့်လိုက်ရင် စာဖတ်နှုန်းတွေ ကျဆင်းလာပြီလို့ အပြောများကြပါတယ်။ စာအုပ်တွေ ထုတ်တိုင်း ထုတ်တိုင်းလည်း ဟိုးတုန်းကခေတ်နဲ့စာရင် အုပ်ရေက  တော်တော်လေးကို  နည်းသွားကြပြီလို့ သက်ကြီးစကား သက်ငယ်ကြားရာကတစ်ဆင့် သိရ တယ်။ ထုတ်ကြတယ်။ အုပ်ရေ ၅ဝဝ တို့၊ ၁ဝဝဝ တို့။ အများအားဖြင့် ဒီလောက်ပဲ။ ဒီထက်ပိုထုတ်နိုင်တဲ့စာအုပ် တော်တော်ရှားသွားပါပြီ။ ဟိုတုန်းကတော့ တစ်ကြိမ် ထုတ်ရင် အုပ်ရေသောင်းဂဏန်းရှိပြီး တချို့စာအုပ်တွေ က အကြိမ်တွေပေါင်းလိုက်ရင် သိန်းဂဏန်း အထိတောင် ထုတ်ခဲ့၊ ရောင်းခဲ့ရတာတွေရှိသတဲ့။ ဒီနေ့တော့ ထောင် ဂဏန်းဆိုရင်ကို လက်မပဲထောင်ရတော့မလိုလို။ ဒါဟာ တကယ်တော့ သိပ်ပေါ့ပေါ့တွေးလို့ရမယ့်ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒီသတင်းစကားကို စာပေပညာရှင်ကြီးတွေ ပြောနေကြတာတော့ ကြာပါပြီ။ သိပ်ကိုကြာခဲ့ပါပြီ။

နောက်ဆုံးခံတပ်ကြီး

ကြည့်ရတာ   စာပေသံယောဇဉ်ကြီးလွန်းသူတွေက မဂ္ဂဇင်းတွေရပ်တည်နိုင်ဖို့၊  အသစ်အသစ်တွေ  ထုတ်ဝေ နိုင်ဖို့ အားခဲပြီးတော့၊  မောင်းတင်ပြီးတော့  ကြိုးစားကြ ပေမယ့်  နောက်ပိုင်းမှာ  ငွေကြေးအခက်အခဲ၊  စာဖတ် ပရိသတ်အခက်အခဲ စတာတွေကြောင့် အားမတန်လို့ မာန်လျှော့လိုက်ကြရပုံပါ။ ဒါပေမယ့် တိုက်ပွဲဝင်နေသူတွေ ကတော့ ဆက်ဝင်နေကြတုန်းပါပဲ။ စာပေလောကရဲ့ နောက်ဆုံးခံတပ်ကြီးတွေလို့များ ပြောရလေမလား။

စာပေသမားတိုင်းမဟုတ်နိုင်

ဒါက ဘာ့ကြောင့်ဒီလောက်အထိဖြစ်သွားရတာလဲ ဆိုပြီး ပြန်စိစစ်ကြည့်လိုက်တော့ ဘဝနေထိုင်မှုပုံစံတွေ ပြောင်းလဲလာကြလို့ပဲလို့ ပြောရမှာပါ။ ဒီဘက်ပိုင်းမှာ စာဖတ်တဲ့သူက တော်တော်ရှားလာတယ်။ မိုးလင်းက မိုးချုပ်စာတစ်အုပ်နဲ့အချိန်ကုန်တဲ့သူက ဘယ်နှယောက်ရှိ နိုင်မလဲ။ စာပေသမားတွေလောက်ပဲရှိနိုင်မယ်။ စာပေ သမားတောင်မှ စာပေသမားတိုင်းမဟုတ်နိုင်ဘူး။ စာပေ တစ်ဖက်၊ တစ်ခြားအလုပ်တစ်ဖက်နဲ့ ယက်ကန်ယက်ကန် သွားနေကြရသူတွေလည်း တစ်ပုံကြီးရှိဦးမယ်။ ကြည့်ရ တာက စာပေသက်သက်နဲ့ ဝမ်းတစ်ထွာကို ကျောင်းနိုင် ဖို့ကလည်း သိပ်တော့လွယ်ပုံမရပါဘူး။

စာပေသမားတွေတောင်မှ စာဖတ်နှုန်းကျကျလာတယ် လို့ ပြောရတော့မယ့်အချိန်ကို ရောက်နေပြီ ထင်ပါတယ်။ တခြားသူတွေဆိုရင်တော့ မပြောနဲ့တော့။ စာဖတ်တာက သိပ်ကိုနည်းသွားကြပြီ။ အထူးသဖြင့် လူငယ်တွေ စာဖတ် တာက ဟိုတုန်းကနဲ့စာရင် သိပ်ကိုနည်းသွားပြီလို့ဆိုကြပါတယ်။

အပြေးအလွှား

ပညာရေးကိုအားပေးတာကောင်းတယ်လို့ပြောရမယ်။ ဒါပေမယ့် တချို့လူကြီးတွေက နည်းနည်းလွဲနေကြ ပြန်တယ်။ ကလေးကို ကျောင်းစာမှကျောင်းစာသီးသန့်ပဲ ဖတ်စေ၊ မှတ်စေချင်ကြတယ်။ အပြင်စာလေးဘာလေး ဖတ်လာတာမြင်ရင် သိပ်မကြိုက်တော့ဘူး။ ဟန့်လိုက် တယ်။ ဟိုစိတ်ဒီစိတ်တွေ ဝင်ကုန်မှာစိုးလို့ဆိုလားဘာလား။ ဘာမှန်းတော့မသိ။   သူတို့ကိုယ်တိုင်လည်း   ရေရေ ရာရာတော့ သိပုံမရဘူး။ ကျောင်းထဲမှာ အမှတ်ကောင်းနေ ဖို့နဲ့ ဆယ်တန်းပြီးရင် တက္ကသိုလ်ကောင်းကောင်းကို သွားနိုင်ဖို့လောက်သာ ဦးတည်စေချင်ကြတာများနေ တယ်။ အပြင်စာတို့ဘာတို့ ဖတ်တာကို သိပ်အားမပေးချင် ကြတာကများတယ်။ ဒီတော့ ဒီအလေ့အကျင့်တွေက ကလေးသူငယ်ဘဝကနေ လူငယ်ဘဝအထိ အထုံပါလာ တယ်။ နည်းနည်းကြီးတဲ့အထိတောင် မပျောက်ချင်တော့ ဘူး။

ကြိုးစားအားထုတ်

စာဆိုတာ ကျောင်းကသင်မှ၊ ကျူရှင်ကသင်ပေးမှ၊ ဂိုက်ဆရာက အကြည့်ခိုင်းတော့မှ ကြည့်ရတဲ့ဟာမျိုးလို့ ထင်လာတော့တယ်။ ဟုတ်လည်းဟုတ်တယ်။ တတ်နိုင်တဲ့ မိဘကမွေးတဲ့ကလေးတွေအချို့က ကိုယ်လုပ်မယ့်အလုပ် တစ်ခု၊ ကိုယ်လေ့လာမယ့်ဘာသာရပ်တစ်ခုအတွက် ကိုယ့်ဘာသာ သိပ်ပြီးဝါယမစိုက်ထုတ်လို့ လုပ်စရာကိုင် စရာ ကြိုးစားစရာ သိပ်မလိုသလိုဖြစ်နေတယ်။ ခွံ့ကျွေး တဲ့ ထမင်းလုပ်ကို အသာလေးစားလိုက်ရသလိုမျိုးလေး ဖြစ်နေတယ်။ ကြိုးစားအားထုတ်ရတာတော့မှန်တယ်။ ဒါပေမယ့် ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ရယ်လို့မဟုတ်တော့ ဘူး။

ဆရာက ဒါကိုဒီလိုကျက်၊ ဒါကိုဒီလိုမှတ်၊ ဒါကိုဒီလို တွေး၊ ဒီဟာလာရင် ဒီလိုရေးလို့ သင်လိုက်ရုံတင်မကဘူး။ ကျက်တဲ့မှတ်တဲ့၊ လေ့လာတဲ့အချိန်မှာလည်း ဘေးက နေထိုင်ပြီး အခုဒီဘာသာကြည့်၊ ခဏနေတော့ ဒီပုစ္ဆာတွေ တွက်ဆိုပြီးတော့ ဘေးကထိန်းကျောင်းပေးတဲ့အတိုင်းပဲ မျှောလိုက်သွားရတဲ့သဘောမျိုး။ ဒီတော့ သူ့ဘဝမှာ ခိုင်း တာကိုလုပ်နေရုံနဲ့ပဲ အရာရာကို အဆင်ပြေပြေ ဖြတ်သန်း နိုင်လာခဲ့တော့တယ်။ ဒါက အားလုံးကို ဝါးလုံးသိမ်းပြီး ဆိုလိုတာတော့မဟုတ်ပါဘူး။ ဖြစ်တတ်တဲ့အလေ့အထ တွေထဲက  တချို့ကိုသာ  ဆိုလိုရင်းပါ။  ဒါပေမယ့် အဲဒီ တချို့ရဲ့ ပမာဏက ဘယ်လောက်အထိများနေပြီလဲဆို တာတော့  သုတေသနကောင်းကောင်း   လုပ်ကြည့်နိုင်မှ သေချာသိရလိမ့်မယ်ထင်တယ်။

သဘောကျနေ

ကလေးတော်တော်များများက ဆယ်တန်းအောင်တဲ့ အချိန်လောက်အထိ အပြင်စာနဲ့ သိပ်မထိတွေ့ဖူးတာ များလာတယ်။ ဆရာခွံ့ကျွေးသမျှလေး စားလာခဲ့တာဆို တော့ တက္ကသိုလ်နယ်မြေကျတော့ နည်းနည်းအခက်အခဲ ဖြစ်လာကြတယ်။ ဘယ်စာကို ဘယ်အချိန်အထိကြည့်ရ မယ်။ ဘယ်ဘာသာကို ဘယ်လောက်အထိ လေ့လာဖို့ လိုတယ်ဆိုတာမျိုးကို ကိုယ့်ဘာသာ သိပ်မပိုင်းဖြတ်နိုင် တော့လို့ တက္ကသိုလ်မှာတောင် ကျူရှင်လိုက်ယူရပြန်တဲ့ အဖြစ်တွေလည်း ရှိလာကြတယ်။

မှတ်စုကို ဘယ်လို ထုတ်ရမလဲမသိတော့ဘူး။ သူများ ဆီကလိုက်တောင်းရတယ်။ တွေးရခေါ်ရ စဉ်းစားရမယ့် ဟာမျိုးဆိုရင် သိပ်ပြီး မလုပ်နိုင်တော့ဘူး။ အလွတ်ပဲ ကျက်လိုက်ချင်တော့တယ်။ အသေမှတ်ရတာလေးကိုပဲ သဘောကျနေတော့တယ်။ ဒါတွေက ပြင်တော့ပြင်နေပြီ။ သင်ရိုးတွေဘာတွေလည်း ပြောင်းနေကြပြီ။ ဒါပေမယ့် အရှိန်ကတော့ မသေသေးဘူးနဲ့တူပါတယ်။ အရှိန် လေးတွေ ကျန်သေးတာပေါ့။ ကိုယ်ယူထားတဲ့ ဘာသာရပ် တွေကိုတောင် သိပ်မနိုင် မနင်းတွေဖြစ်လာတော့အပြင် စာပေတွေနဲ့လည်း    ဝေးသထက်  ဝေးလာကြပြန်
တယ်။

ဒါပေမယ့် ဒီလိုဖြစ်နေတာက အားလုံးမဟုတ်ကြလို့ တော့ တော်သေးတယ်ပြောရမယ်။ ကျောင်းစာရော အပြင်စာပါ လေ့လာလိုက်စားတဲ့သူတွေ ရှိတော့ရှိနေကြ တယ်။ သူတို့ရှိနေလို့လည်း စာပေလောကက အသက် ကလေးငွေ့ငွေ့ကျန်နေသေးတာ။ ပျောက်ကွယ်မသွား သေးတာ။ မဟုတ်ရင်တော့ မတွေးဝံ့စရာပါ့။

လေ့ကျင့်နေကြရ

တက္ကသိုလ်ကျောင်းသားအရွယ်လောက်ရောက်လာတော့ အများအားဖြင့်က စာပေဘက်လှည့်မယ် ဆိုတာ ထက်    ဟိုအရေးဒီအရေး   လူမှုရေးရာကိစ္စတွေက ရှည်လျားထွေပြားလို့လာကြတယ်။ ပြင်ရဆင်ရတာတွေက များလာပြီ။ စိတ်အလှအတွက် စာဖတ်ဖို့ဆိုတာထက် ရုပ်အလှအတွက် ဖြောင့်မယ်၊ ကောက်မယ်၊ တိမယ်၊ ညှပ်မယ်၊ ပေါင်းတင်မယ်၊ အရောင်ဆိုးမယ်၊ ဟိုလိုလုပ် မယ်၊ ဒီလိုလုပ်မယ်ဆိုတာတွေအတွက်က အချိန်ရော၊ ငွေရော အများကြီးသုံးနေကြရတယ်။ ယောက်ျားလေးတွေ ကလည်း ဘော်ဒီတောင့်ဖို့ဆိုလားဘာလား၊ ဒီအတွက် အချိန်တော်တော်ယူပြီး လေ့ကျင့်နေကြရပြန်တယ်။

ဆိုရှယ်မီဒီယာသုံး

တစ်နေ့တာအစီအစဉ်တွေက ကျောင်းကိစ္စရယ်၊ လူမှု ရေးရာရယ်၊ ဘာရယ်ညာရယ်ပေါင်းလိုက်တော့ စာပေ အတွက် အချိန်သိပ်မကျန်တော့ဘူး။ ကျန်တာတွေအတွက် သိပ်အချိန်မရဘူးဆိုပေမယ့် ဆိုရှယ်မီဒီယာသုံးဖို့ကတော့ အချိန်ရှိကြပါတယ်။ သုံးတဲ့သူလည်းများသလို၊ သုံးတဲ့ ပမာဏလည်း များကြတယ်။ အချိန်အများကြီးယူပြီးတော့ ကို သုံးကြတယ်။

စာပေအတွက် နည်းမျိုးစုံနဲ့ကြိုးပမ်းကြသူတွေအထဲမှာ တချို့တွေက စာအုပ်တွေကို အပင်ပန်းခံ၊ ငွေကုန်ခံပြီး ပီဒီအက်ဖ်ဖိုင်တွေလုပ်တင်၊ စာတစ်အုပ်လုံးကွန်ပျူတာပြန် ရိုက်ပြီးတင်၊ တင်တဲ့အတွက် ငွေကုန် ကြေးကျတွေအများ ကြီးခံပြီးတင်။ ဒါတွေလုပ်ပြီး စာပေဘက်လှည့်လာအောင် ကြိုးစားနေကြပေမယ့် စာဖတ်သူ အရေအတွက်ကတော့ သိပ်ပြီးတိုးမလာတဲ့အရိပ်အယောင်တွေဖြစ်နေပြန်တယ်။ စာအုပ်စာပေတွေကို  လိုင်းပေါ်တင်တာက  မူပိုင်ခွင့် ချိုးဖောက်သလိုတော့ ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် သူတို့ လည်း  ဒါတွေကို အကျိုးအမြတ်မရဘဲ အချိန်ကုန်ငွေ ကုန်ခံပြီးလုပ်ကိုင်ပေးနေကြတာဖြစ်လို့ အပြစ်လို့တော့ ပြောရခက်နေလိမ့်ဦးမယ်ထင်တယ်။

စာဖတ်ကြစေချင်တယ်။ အထူးသဖြင့် လူငယ်တွေကို စာသိပ်ဖတ်စေချင်တယ်။ ဝေလေလေယောင်ဝါးဝါးနဲ့ အချိန်ကုန်မသွားစေချင်ဘူး။ အပျော်အပါးဘက်ကိုချည်း သိပ်မလိုက်စေချင်ဘူး။

လက်ဖက်ရည် ဆိုင်မှာ အချိန်တွေများကြီးဖြုန်းတယ်။ ဘီယာဆိုင်မှာ အချိန်တွေ   အများကြီးဖြုန်းတယ်။  ကေတီဗွီတွေမှာ အချိန်တွေ ဖြုန်းတယ်။ ဒါက အချိန်ဖြုန်း
တယ်လို့ပဲ ပြောရမယ်ထင်တယ်။

အချိန်တွေပိုရသွားမယ်

တချို့ကပြောကြတယ်။ ဆိုင်လေးဘာလေးထိုင်ဦး။ အိမ်တွင်းချည်း    အောင်းမနေနဲ့၊    အပြင်လောကကို ထွက်ကြည့်။ ဘော်ဒါကဏ္ဍဆိုတာရှိရတယ်။ အပေါင်းအသင်းရောင်းရင်းဆိုတာရှိရတယ်။ မဟုတ်လို့ကတော့ မင်းလူတွေနဲ့ဝေးပြီး လူတောမတိုးဘဲဖြစ်သွားလိမ့်မယ်တဲ့။ သူများသောက်ဆိုသောက်၊ သူများစားဆိုစား၊ သူများ သွားဆိုသွား၊     ရေလိုက်ငါးလိုက်နေတတ်ရတယ်တဲ့။ ခုခေတ်၊ ခုစနစ်၊ ခုအခြေ ခုအနေနဲ့ ဒီလိုအကြံပေးစကား ဆိုကြတာလည်း ပြောတဲ့သူသိပ်တော့ လွန်ပုံမရပါဘူး။ အခြေအနေအချိန်အခါနဲ့က ကိုက်နေတာကိုး။ ကိုက်နေ တယ်ဆိုပေမယ့် ကောင်းနေတာတော့ ဟုတ်ဟန်မတူ သေးပါဘူး။    ပြုစရာပြင်စရာ   အပိုင်းလေးတွေတော့ ရှိနေပြီလို့ သုံးသပ်မိပါတယ်။

အပေါင်းအသင်းအတွက် အချိန်ပေးတာလည်းပေး။ စိတ်လက်အပန်းဖြေဖို့အတွက် နားနားနေနေ လုပ်မယ်ဆို လည်းလုပ်ပေါ့။ ဒါပေမယ့် တစ်ရက်တစ်ရက်မှာ စာလေး တော့ နည်းနည်းပဲဖြစ်ဖြစ် ဖတ်ကြစေချင်ပါတယ်။

အကုန်ရနိုင်

စာပေထဲမှာ   အကြောင်းအရာကလည်း   စုံတယ်။ နယ်ပယ်ကလည်း ကျယ်တယ်။ သုတကြိုက်သလား၊ ရသကြိုက်သလား။ သုတမှာမှ ဘယ်နယ်ပယ်ကိုသဘော ကျသလဲ။ ရသဆိုရင်လည်း ခေတ်ဟောင်းလား၊ ခေတ်သစ်လား၊ ဝတ္ထုလား၊ ကဗျာလား၊ ကာတွန်းလား။ ကိုယ်သန်ရာသန်ရာကို ရွေးနိုင်တယ်။ ဘာသာရေးလား၊ အတွေးအခေါ်လား၊ ဘာကိုစိတ်ဝင်စားသလဲ။ စာပေမှာ အားလုံးရှိနေတယ်။ အကုန်ရနိုင်တယ်။

စာဖတ်နေတဲ့လူတစ်ယောက်ဟာ မဖတ်တဲ့သူထက် တော့ အသိÓဏ်ဗဟုသုတတွေ ပိုပြီးမြင့်မားနေလိမ့် မယ်။ အသက်အရွယ်ချင်းတူရင် စာဖတ်တဲ့သူကသာ ပိုပြီးရင့်ကျက်နေလိမ့်မယ်။ ငယ်ရွယ်ပြီးစာဖတ်တဲ့သူက အသက်ကြီးပြီး စာမဖတ်တဲ့သူထက်တောင် အသိÓဏ် တွေ မြင့်မားနေလိမ့်မယ်။ သူ့မှာက သူ့ထက် အသက်ကြီး တဲ့ သူတွေ၊  ပညာကြီးတဲ့သူတွေရေးသားထားတဲ့ စာပေ တွေက ပေးထားတဲ့အသိÓဏ် ဗဟုသုတတွေ ရနေတာ ကိုး။ ဒီတော့ မဖတ်တဲ့သူထက်တော့ မြင့်နေမှာပေါ့။

စာကဖတ်ကိုဖတ်ရမယ်။ ဒီကနေ့ခေတ်မှာ စာဖတ် ကိုဖတ်မှဖြစ်တော့မယ်။ လူငယ်တွေဖြတ်သန်းရတဲ့ဘဝ အခြေအနေက ဟိုတုန်းကနဲ့မတူတော့ဘူး။ ဟိုးတုန်းက ကလေးတွေက မွေးကင်းစကနေ လူလားမြောက်တဲ့အချိန် အထိ မိဘနဲ့သားသမီး ရင်အုပ်မကွာ ကြီးပြင်းခွင့်ရကြ တယ်။ ဘယ်လိုကိစ္စမျိုးအတွက်ပဲဖြစ်ဖြစ် လူကြီးမိဘတွေ က အနီးကပ်ဆိုဆုံးမမှု၊ လမ်းညွှန်ပြသမှုတွေ လုပ်ပေး နေကြတယ်။ သိပ်မှားစရာအကြောင်းမရှိတော့ဘူး။ မှား စရာ အခွင့်အလမ်းနည်းသွားတယ်။

စိတ်ရိုင်းတွေဝင်

တိုးတက်တဲ့နိုင်ငံတွေက နည်းပညာတွေဘယ်လောက် မြင့်လာမြင့်လာ၊ နည်းပညာမြင့်လာတာကို အကြောင်း ပြုပြီးတော့၊ ဖျော်ဖြေရေးနယ်ပယ်တွေကျယ်လာတာကို အကြောင်းပြုပြီးတော့ စာဖတ်နှုန်းတွေ ကျမသွားဘူး။ ပြောရရင် စာဖတ်နှုန်းမကျလို့လည်း တိုးတက်မှုတွေက ဆက်ပြီးတိုးတက်နေတာ။ ကိုယ့်ဆီက စာဖတ်နှုန်းကျနေ တယ်။ ဒါကို အချိန်မီပြန်ထိန်းနိုင်မှရမယ်။ မထိန်းနိုင်ရင် မလွယ်တော့ဘူး။  ဆရာမိဘ  ဆိုဆုံးမမှုတွေကလည်း နည်း၊ နည်းရတဲ့အထဲ ဆုံးမသလောက် ကလေးတွေက လည်းမနာခံ။ လမ်းလွဲတွေရောက်။ မူးယစ်ဆေးတွေ သုံး လို့သုံး။ လမ်းပေါ်တက်ပြီး ရိုက်ပွဲနှက်ပွဲတွေလုပ်လို့လုပ်နဲ့။ တချို့ များဆို ဘာမဟုတ်တဲ့ကိစ္စလေးအတွက်နဲ့ တောင် ဓားနဲ့ ထိုး၊ တုတ်နဲ့ရိုက်ပြီး အသက်ပါသေအောင်လုပ်တဲ့ အဆင့် အထိရောက်ကုန်ကြတယ်။ ဒီကိစ္စ ဒီလောက်အထိ လုပ် စရာလိုလို့လားလို့တောင် သိပ်တွေးလို့မရတဲ့ အခြေ အနေအထိ စိတ်ရိုင်းတွေဝင်နေကြတာ တွေ့ရပြန်တယ်။ ဒါတွေ ဘာကြောင့်ဖြစ်နေသလဲ။ အသိÓဏ်တွေနည်း လို့ပါပဲ။   ဒီအပြင်  တစ်ခြား ဘာအကြောင်းမှ မရှိနိုင် ပါဘူး။ အသိÓဏ်မနည်းအောင် ဘာလုပ်ရမလဲ။ စာဖတ် ရမယ်။

ဒီတော့ဒီအခြေအနေအတွက် ထွက်ရပ်လမ်းကြီးက စာပေကလွဲပြီး တခြားဘယ်ဟာမှ သူ့လောက် အစွမ်း ထက်မှာမဟုတ်ပါဘူး။ လူငယ်တွေလမ်းမှန်ရောက်ဖို့၊ အသိÓဏ်တွေမြင့်မားဖို့၊ လူချွန်လူကောင်းတွေ ဖြစ် လာကြဖို့အတွက်က စာပေကယ်မှသာ ဖြစ်နိုင်တော့မှာပါ။ ဖတ်ကြပါ။ ဖတ်ကြပါတော့။ အထူးဖြင့် လူငယ်တွေ စာဖတ်မှကို ဖြစ်တော့မယ်လို့ တိုက်တွန်းလိုက်ချင်ပါတယ်။ ဒါကိုပဲ ထပ်ခါတလဲလဲပြောနေတာပဲလို့ ထင်မှာပဲ။ ဒါပေမယ့် ဒါက ထပ်ခါတလဲလဲပြောဖို့ကိုလိုတဲ့ကိစ္စမို့လို့ ပြောကိုပြောရဦးမှာပါပဲ။ အခုပြောနေသလို နောင်လဲပဲ ဆက်ပြီး ပြောနေရဦးမှာပါပဲလေ။ ။

သိုက်စိုးထွန်း(နတ်ရွာ)

No comments:

Post a Comment