သာကေတတံတားသစ်(ဒေါပုံတံတား)ပေါ်မှ ဇွန် ၁ဝ ရက်တွင် ယာဉ်များ ယာယီဖြတ်သန်းသွားလာခွင့်ပြုမည်
ရန်ကုန် ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်နှင့် ဒေါပုံမြို့နယ်သို့ ပုဇွန်တောင်ချောင်းကို ဖြတ်သန်းကာ တည်ဆောက်နေသော ဂျပန်နည်းပညာသုံး ဒေါပုံတံတား တည်ဆောက်နေမှုမှာ ယခုအခါ ၉၅ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီးသွားပြီဖြစ်၍ ဒေါပုံတံတားသစ်အပါအဝင် မီးရထားလမ်း ခုံးကျော်တံတားနှင့် ကားလမ်းခုံးကျော်တံတားပေါ်၌ ဇွန် ၁ဝ ရက် နံနက် ၇ နာရီတွင် ယာဉ်များကို ယာယီဖြတ်သန်း သွားလာခွင့်ပြုတော့မည်ဖြစ်သည်။
အဆိုပါ ဒေါပုံတံတားမှာ ရန်ကုန်မြို့နှင့် နောင်ဖြစ် ပေါ်လာမည့် ဆိပ်ကမ်းဒေသဖြစ်သော သီလဝါစက်မှုဇုန် နေရာတို့ကို ဆက်စပ်ပေးမည့်လမ်းမပေါ်၌ တည်ဆောက် ထားခြင်းဖြစ်ပြီး ဂျပန်ယန်းငွေ ၄၂၁၆ သန်း အကုန်အကျခံကာ ဂျပန်နိုင်ငံ၏ ထောက်ပံ့ငွေဖြင့် တည်ဆောက်ခြင်းဖြစ်သည်။ တံတားသစ်ကြီးတည်ဆောက်ရေးလုပ်ငန်းပိုင်း၌ ဂျပန်နိုင်ငံ မှ အင်ဂျင်နီယာများအပြင် မြန်မာအင်ဂျင်နီယာများ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ အင်ဂျင်နီယာများပါဝင်ပြီး လုပ်သားအင်အား အမြောက်အမြားဖြင့် နာရီပေါင်း ရှစ်သိန်းကျော်ကြာ နေ့၊ ည ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ တံတားကြီး၏အရှည်မှာ ပေ ၈၃ဝ (၂၅၃ မီတာ)ရှိပြီး ၂၁ ဒသမ ၅ မီတာကျယ်ကာ ကြိုတင်အားဖြည့် သံကူကွန်ကရစ် ကြိုးဆိုင်းတံတားအမျိုးအစားဖြစ်သည်။ လေးလမ်းသွား ဖြစ်ပြီး ကားလမ်းဘေးတွင် တစ်ဖက်လျှင် နှစ်မီတာအကျယ်အဝန်းရှိ လူသွားလမ်း ပလက်ဖောင်း အသွား၊ အပြန်ပါရှိကြောင်း တံတားကြီးကို တာဝန်ယူတည်ဆောက် နေသည့် ဂျပန်နိုင်ငံNIPPON KOEI Engineering Consultants မှ သိရသည်။
ယခုအခါတွင် လျှပ်စစ်မီးတိုင်စိုက်ခြင်းနှင့် သွယ်တန်းခြင်းလုပ်ငန်းများ၊ လူသွားလမ်းကြောင်းအတွက် လမ်းခင်းခြင်းလုပ်ငန်းများနှင့် ချဉ်းကပ်လမ်းဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး မိုးရာသီကာလတွင် တံတားမှစီးကျလာမည့် ရေများအတွက် ရေမြောင်းစနစ်လုပ်ငန်းများသာ ဆောင်ရွက်ရန် ကျန်ရှိတော့ကြောင်း သိရသည်။ ယခုနှစ် ဇူလိုင်လတွင် တံတား စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ပြီး သြဂုတ်လဆန်းပိုင်းတွင် တံတား ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ဒေါပုံတံတားသစ်ချဉ်းကပ်လမ်းနှင့်စပ်လျဉ်း၍ မီးရထားလမ်းခုံးကျော် တံတား၊ ကားလမ်းခုံးကျော်တံတားတို့ဆောက်လုပ်ရပြီး မင်္ဂလာတောင်ညွန့် မြို့နယ်နှင့် ဒေါပုံမြို့နယ်ကိုဆက်သွယ်သည့် အဓိကလမ်းသည် မင်္ဂလာ တောင်ညွန့်ဘက်ခြမ်း၌ ၂၅၉ မီတာရှိကာ ဒေါပုံဘက်ခြမ်း၌ ၄၅၅ ဒသမ ၈ဝ မီတာရှိသည်။ လေးလမ်းသွားဖြစ်ပြီး ယာဉ်သွားလမ်း တစ်လမ်းအကျယ်မှာ ၃ ဒသမ ၅ မီတာဖြစ်ကာ တစ်ဖက်လျှင် နှစ်မီတာအကျယ် ပလက်ဖောင်းများ အပါအဝင် လမ်းတာပေါင်အကျယ် ၂၁ ဒသမ ၃ မီတာ ဆောက်လုပ်ထား ကြောင်း ချဉ်းကပ်လမ်းလုပ်ငန်းများဆောင်ရွက်နေသည့် လမ်းဦးစီးဌာန လမ်းတည်ဆောက်ရေးအဖွဲ့(၃) လမ်းအထူးအဖွဲ့(၁၄)မှသိရသည်။
ဒေါပုံတံတားချဉ်းကပ်လမ်းတည်ဆောက်ခြင်းလုပ်ငန်းတွင် မင်္ဂလာ တောင်ညွန့်မြို့နယ်ဘက်ခြမ်း၌ မီးရထားလမ်းခုံးကျော်တံတား၊ ကားလမ်းခုံးကျော် တံတားတို့၏ ချဉ်းကပ်လမ်းလုပ်ငန်းများ တည်ဆောက်ထားခြင်းဖြစ်ပြီး စီမံကိန်း တစ်ခုလုံးရှိ ရထားလမ်း၊ ကားလမ်းခုံးကျော်တံတား နှစ်စင်းနှင့် လမ်းလုပ်ငန်းများ ဆောင်ရွက်မှုမှာ ၈၁ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးကာ ကုန်ကျငွေ စုစုပေါင်း ငွေကျပ်သန်းပေါင်း ၁၁၁၅၆ ဒသမ ၅၆၃၄ သန်း အကုန်အကျခံဆောင်ရွက် ထားကြောင်း၊ ကားလမ်းခုံးကျော်တံတားမှာ ပုဇွန်တောင်မြို့နယ်မှ မင်္ဂလာ တောင်ညွန့်မြို့နယ် မင်္ဂလာဈေးဘက်သို့ သွားရာလမ်းတွင် ဆောက်လုပ်ထားခြင်း ဖြစ်ပြီး တံတားအရှည် ပေ ၉ဝ၊ ယာဉ်သွားလမ်း အကျယ် ၂၃ မီတာ၊ လူသွားလမ်းအကျယ်တစ်ဖက်လျှင် ၂ ဒသမ ၄ မီတာစီရှိသည်။ လေးလမ်း သွားဖြစ်ပြီး သံကူကွန်ကရစ်ဖောင်ဒေးရှင်းလုပ်ငန်းများ ဆောင်ရွက် ထားကာ ခွင့်ပြုယာဉ်အလေးချိန် ၇၅ တန်ရှိသည်။ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) တံတားအထူးအဖွဲ့(၁၁)မှသိရသည်။
ချဉ်းကပ်လမ်းနှင့် ဆက်စပ်နေသည့်ပတ်လမ်း ငါးခုရှိသည့်အနက် လေးခုကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောက်လုပ်ပြီး တစ်ခုကို ဂျပန်နိုင်ငံမှ တာဝန်ယူဆောက်လုပ်ခြင်းဖြစ်သည်။ ပတ်လမ်းအရှည် စုစုပေါင်း ၇၂၃ ဒသမ ၅ မီတာရှိကြောင်း၊ မီးရထားခုံးကျော်တံတား၏ ချဉ်းကပ်လမ်း (မင်္ဂလာတောင်ညွန့်ဘက်ခြမ်း)အားMSE တည်ဆောက်ပြီး မင်္ဂလာတောင်ညွန့် ဘက်ခြမ်းနှင့် ဒေါပုံဘက်ခြမ်းကို ကတ္တရာကွန်ကရစ် ၆၄၅၃ တန် ခင်းကျင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒေါပုံဘက်ခြမ်းတွင် နှစ်ပေ အကျယ်ရေမြောင်း ပေ ၉၄ဝ နှင့် သုံးပေအကျယ်ရေမြောင်း ပေ ၃၂ဝ ဖြင့် စုစုပေါင်း ပေ ၁၂၆ဝ ထည့်သွင်းဆောက်လုပ်ထားကြောင်း၊ ချဉ်းကပ်လမ်းများအတွက် ရန်ပုံငွေရရှိမှုအနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှ ယခု တံတားသစ်ဆောင်ရွက် ပြီးစီးသည့် နှစ်နှစ်တာကာလအတွင်း စုစုပေါင်းငွေကျပ် ၄၁ဝ၂ သန်း အကုန်အကျခံဆောက်လုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးသန်းတိုးအောင်က ပြောသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးအင်ဂျင်နီယာချုပ်(မြို့ပြ)ဦးကျော်လင်းက ''တံတားဟောင်းက နှစ်လမ်းသွားဆိုတော့ မင်္ဂလာတောင်ညွန့် ဘက်ကိုသွားတဲ့ ယာဉ်တွေနဲ့ ပုဇွန်တောင်ဘက်ကိုပြန်ဆင်းတဲ့ ယာဉ်တွေ ယာဉ်ကြောပိတ်မှုတွေဖြစ်နေပါတယ်၊ အခုတံတားသစ်ကျတော့ လေးလမ်းသွား ဖြစ်တဲ့ အတွက် ပုဇွန်တောင်ဘက်က ကွေ့ပတ်ဆင်းတဲ့ ယာဉ်လမ်းကြောင်းအတွက် နေရာ ပိုပေးထားပါတယ်၊ ကားလမ်းခုံးကျော်တံတားမှာဆိုလည်း အဝင်/ အထွက်နေရာကို ခြောက်လမ်းသွားလောက်အထိ လုပ်ဆောင်ထားပါတယ်၊ ဒါကြောင့် ဒီတံတားသစ်ဟာ အကျယ်ပိုလာပြီး ယာဉ်တွေလည်း ချောင်ချောင်ချိချိ ဖြတ်သန်းမောင်းနှင်နိုင်ကြတော့မှာ ဖြစ်ပါတယ်၊ တံတားဟောင်းက နောက်ပိုင်း မှာ ပိတ်မှာဖြစ်ပါတယ်၊ တံတားသစ်မှာ ယာဉ်တွေကို ယာယီဖြတ်သန်းမောင်းနှင် စေတာဖြစ်ပါတယ်၊ ချဉ်းကပ်လမ်းနှစ်ခုဆက်ဖို့ ဆောင်ရွက်တဲ့အခါကျရင် တံတားဟောင်းမှာ ဒေါပုံဘက်သွားမယ့် ယာဉ်လမ်းကြောင်းတစ်လမ်းပဲ ထားရှိ မှာဖြစ်ပြီး တံတားသစ်မှာကျတော့ ဒေါပုံဘက်ကိုသွားမယ့် ယာဉ်လမ်းကြောင်း တစ်လမ်းနဲ့ ဒေါပုံဘက်ကနေ မင်္ဂလာတောင်ညွန့်ဘက်ကိုသွားမယ့် ယာဉ် လမ်းကြောင်းတစ်လမ်းထားရှိမှာဖြစ်ပါတယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ဘက်က ချဉ်းကပ်ခုဆက်သွယ်တဲ့လမ်းကြောင်းကတော့ ဇွန် ၂ဝ ရက် နောက်ပိုင်း အကုန်ဆောင်ရွက်ပြီးစီးမှာဆိုတော့ တံတားဟောင်းကြီးကို ပိတ်လိုက် တော့မှာဖြစ်ပါတယ်၊ တံတားသစ်ကနေ ယာဉ်တွေအားလုံး လွယ်ကူစွာဖြတ်သန်း မောင်းနှင်နိုင်ကြတော့မှာ ဖြစ်ပါတယ်'' ဟု စီမံကိန်းလုပ်ငန်းခွင်အကြောင်း ကို ရှင်းပြသည်။
အဆိုပါ ဒေါပုံတံတားသစ်တည်ဆောက်ရေးစီမံကိန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဂျပန်နိုင်ငံ Nippon Koei ကုမ္ပဏီမှ Consultant အဖြစ်တာဝန်ယူပြီး The Consortium of Tokyu-Toyo-IIK (Tokyu Construction Co.,Ltd., Toyo Construction Co.,Ltd. and IHI Construction Co.,Ltd.) တို့က ၂ဝ၁၅ ခုနှစ် ဧပြီလပိုင်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်းလုပ်ငန်းခွင်မှ သိရသည်။
သတင်းနှင့်ဓာတ်ပုံ(ပွင့်သစ္စာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment