Latest News

Friday, June 8, 2018

နောင်တမရအောင် ကွမ်းယာကိုရှောင်

နောင်တမရအောင် ကွမ်းယာကိုရှောင်

ကိုယ်နေထိုင်တဲ့အရပ်ဒေသမှာ ဘာဆိုင်တွေအများဆုံး ရှိနေလဲဆိုတာ  ခင်ဗျားတို့   သတိထားမိကြရဲ့လား။ သတိထားကြည့်မယ်ဆိုရင်  ခင်ဗျားတို့အရပ်ဒေသမှာ ဆေးလိပ်နဲ့ ကွမ်းယာဆိုင်တွေ အများဆုံးရှိနေတာ တွေ့ရ  မယ်။ ဘာလို့ ဆေးလိပ်၊ ကွမ်းယာဆိုင်တွေ များနေတာလဲ ဆိုတာ ဆက်တွေးရင် ရောင်းကောင်းလို့ဆိုတာ တွေ့ရ မယ်။ ဘာလို့ရောင်းကောင်းတာလဲဆိုတာ ဆက်တွေးရင် သောက်တဲ့လူများလို့၊ စားတဲ့သူများလို့ဆိုတာ တွေ့ရ မယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဆေးလိပ် သောက်သူ၊ ကွမ်းစားသူ အလွန်များပါတယ်။  မြို့ပြ၊  ကျေးလက်ဒေသမရွေး သောက်ကြ၊ စားကြတယ်။

ကွမ်းကို အမြတ်တနိုးရှိ

ကျောင်းနေတုန်းက သင်ခဲ့ရတဲ့ သမိုင်းမှာလည်း ကွမ်းယာအကြောင်းပါပါတယ်။ ကွမ်းဆော်မင်းဆိုတဲ့ အနော်ရထာရဲ့ခမည်းတော်ဟာ အရင်က စလေငခွေး မင်းထံမှာ ကွမ်းဆော်အဖြစ် အမှုထမ်းခဲ့သူဖြစ်ပါတယ်။ ဘုရင်က ယုံကြည်လေးစားမှသာ အနားမှာကွမ်းတော် ရေကိုင် အမှုထမ်း၊ ကွမ်းဆော်အမှုထမ်း ဖြစ်ကြရတာပါ။ အပြည်ပြည်မင်းတွေက ဆက်သတဲ့ လက်ဆောင်တွေထဲ မှာလည်း ကွမ်းလောင်း၊ ကွမ်းချပ်၊ စလင်းကြာ၊ ကွမ်းအုပ် တွေပါတာမို့ ကွမ်းကို အမြတ်တနိုးရှိကြောင်း သိနိုင်ပါ တယ်။

ကွမ်းအစ်၊ ကွမ်းကလပ်ကို နဂါးရုပ်၊  နရားရုပ်၊ ဟင်္သာရုပ်၊ ခြင်္သေ့ရုပ်တွေခံပြီး  နန်းတွင်းမှာ ရွှေသား အစစ်နဲ့  သုံးလေ့ရှိပါတယ်။ ဆင်းရဲသားတွေကတော့ ရိုးရိုးသစ်သားနဲ့လုပ်တဲ့  ကွမ်းအစ်ပေါ့။ ကြက်တူရွေး အာခေါင်နီ   ကွမ်းကလပ်ကိုချီ   ဆိုတဲ့အတိုင်း  နီနီ ထွေးထွေးကွမ်းအစ်တွေကို ပြောတာပါ။

မင်းခမ်းမင်းနား အဆောင်အယောင်တွေဖြစ်

ရှေးက ရွှေ၊ ငွေ   ကွမ်းအစ်တွေကို  ဆုတော် လာဘ်တော်အဖြစ် ချီးမြှင့်ခံရရင် အင်မတန်ဂုဏ်တက် တယ်လို့    ယူဆခဲ့ကြပါတယ်။   ကရဝိက်ခံကွမ်းခွက်၊ ရွှေထွေးခံ၊ ငွေထွေးခံတွေဟာ မင်းခမ်းမင်းနားအဆောင် အယောင်တွေဖြစ်လို့ မြန်မာတွေ  ဘယ်ခေတ်ကစပြီး ကွမ်းစားလာကြသလဲဆိုတာ  ခန့်မှန်းကြည့်နိုင်ပါတယ်။

ကွမ်းယာဟာ နှုတ်ခမ်းနီရဲအောင် အလှအတွက် အမျိုးသမီးတွေ စားကြတာပဲလားလို့ ထင်စရာဖြစ်ပေမယ့် သည်ထက်ပိုလေးနက်တဲ့ အဓိပ္ပာယ်ရှိပါသေးတယ်။ လူပျို အပျိုတွေ တစ်ယောက်ကိုတစ်ယောက် မေတ္တာ လက်ခံ၊ မခံ  ကွမ်းယာနဲ့ အကဲခတ်ရပါတယ်။ ချစ်သူ ကိုယ်တိုင်က ကွမ်းယာ ယာပေးတယ်ဆိုရင် လက်ခံ ကြည်ဖြူတဲ့ အထိမ်းအမှတ်ပြတာပါပဲ။

အမျိုးသမီးက သူ့ချစ်သူကို ကွမ်းယာ ယာပေးရင် ဟောသည်လို ကဗျာလေးလည်း ရွတ်ဆိုလိုက်သေးတယ်။ ''မယ်ကိုယ်တိုင် ယာလို့ထား၊   မောင်စားဖို့ကွမ်းနုဝါ၊ ကမ်းလိုက်ချင်ပါ၊ လက်ဆောင်က နုံအချာ၊ ရှက်စရာ ပျိုတွေး၊ ချိုလည်း  မချိုပြန်နဲ့၊ ချာတူးလံစပ်   ဖန်ခါး သော်လည်း၊ စေတနာလွန် ပြတ်သားတာမို့၊ ထောက်ကူ ကာ  ကောက်ယူဝါးလို့ငယ်၊    စားလိမ့်မယ်လေး'' လို့ ဖတ်ရဖူးပါတယ်။    ဈေးကမဝယ်ဘဲ  ကိုယ်တိုင်ခူး၊   ကိုယ်တိုင်ယာ ချစ်သူကို စားစေချင်တယ်ဆိုတဲ့  မေတ္တာ လက်ဆောင်သဘောပဲလို့  သိနိုင်ပါတယ်။

မေတ္တာအထိမ်းအမှတ်သင်္ကေတ

အိန္ဒိယ၊ ထိုင်း၊ ကမ္ဘောဒီးယား၊  လာအို၊ ဗီယက်နမ် အရှေ့တောင်အာရှသားတွေဟာ   ကွမ်းကြိုက်သူတွေ ချည်းဖြစ်ပါတယ်။   သည်အထဲမှာ  မြန်မာက ကွမ်းနဲ့ ဧည့်သည်ကို ဧည့်ခံတယ်ဆိုတာ အထူးခြားဆုံးပဲ။ ကွမ်းနဲ့ ဧည့်ခံမှ ဧည့်ဝတ်ကျေတယ်လို့ ထင်ကြတာဟာ ယဉ်ကျေးမှု တစ်မျိုးဖြစ်ပါတယ်။  ပူဇော်ပွဲတွေမှာလည်း ကွမ်း၊ ဆေး လက်ဖက်မပါလို့မဖြစ်ပါဘူး။ ကွမ်းအစ်တည်ရင်း စကား လက်ဆုံကျပြီး ကြည်ကြည်နူးနူး ငြိမ်းအေးတဲ့အသွင် ပေါ်လာရပါတယ်။ မေတ္တာအထိမ်းအမှတ် သင်္ကေတလည်း ဖြစ်ပါတယ်။  အပျိုအိမ်ကအပြန်  ယာပေးလိုက်တဲ့ ကွမ်းယာကို    တမြုံ့မြုံ့ဝါးပြီး    ကျေကျေနပ်နပ်နဲ့ သီချင်းလေးကျူးပြီး   ပြန်လာကြတဲ့ ကာလသားတွေက ကွမ်းယာကို တန်ဖိုးအထားဆုံး ဖြစ်ပါလိမ့်မယ်။ ကွမ်းအစ် ကြီး နီတာရဲ၊ ရမ်းဖြဲကိုတဲ့သူပျော်ဆိုတဲ့ ကဗျာလေးလည်း ရှိခဲ့ပါတယ်။ ပလောင်သူလေးတွေကတော့ ကွမ်းရွက်အစား ကွမ်းထောင့် ကွေးကွေးလေးတွေကို ထုံးနဲ့စားဖို့ လက်ကိုင် ပဝါမှာချည်ပြီး  ခါးမှာပတ်ထားလေ့ရှိကြပါတယ်။ ချစ်သူ အတွက်ဆိုရင်  ကိုယ်တိုင်အထုပ်ဖြေပြီး ကျွေးတတ် ကြပါတယ်။

ရှင်ပြုတဲ့ရှင်လောင်းတွေရဲ့  အသုံးအဆောင်ထဲမှာ လည်း ကွမ်းအစ်၊  ရေတကောင်းဟာ ပါရစမြဲပါ။ ကွမ်းအစ် ကို မင်္ဂလာကိစ္စမှသာ   အသုံးပြုကြတာ မဟုတ်ပါဘူး။ သုမင်္ဂလာမှာရော၊ ဒုမင်္ဂလာမှာပါ သုံးစွဲကြပါတယ်။

ကွမ်းအစ်ကိုချရမှ ဧည့်ဝတ်ကျေ

မြန်မာလူမျိုးတွေဟာ     လာတဲ့ဧည့်သည်ရှေ့မှာ ကွမ်းအစ်ကိုချရမှ ဧည့်ဝတ်ကျေတယ်လို့လည်း ထင်ကြ ပါတယ်။ မြန်မာအချင်းချင်းသာ ဧည့်ခံတာမဟုတ်ပါဘူး။ ဟင်နရီဂေါက်ဂျာဆိုတဲ့  အင်္ဂလိပ်ကုန်သည်တစ်ဦးဟာ လက်ဆောင်ဘဏ္ဍာတွေနဲ့ မြန်မာမိဖုရားကြီးဆီ အခစား ရောက်လာတော့ မိဖုရားကြီးက ဧည့်ဝတ်ကျေပွန်စွာ သူ့ရဲ့ ကွမ်းကလပ်ပေါ်က   ကွမ်းယာကို လှမ်းပေးလိုက်တဲ့အခါ အင်္ဂလိပ်ကုန်သည်ခမျာ        ကျေးဇူးတင်ပါတယ်။        ကောင်းကောင်းသိမ်းထားပါ့မယ်ပြောပြီး   အင်္ကျီအိတ်ထဲ ထည့်လိုက်လို့ ရံရွေတော်တွေ ပြုံးကြတယ်လို့လည်း ဖတ်ရ ဖူးပါတယ်။ ကွမ်းဝါးရင်း   မင်းတုန်းမင်းကြီးက သူချစ်တဲ့ မြေးတော် ထန်းတပင်မင်းသားလေးကို ပေးတယ်ဆိုတာ အင်မတန်ချစ်ခင်တဲ့သဘောပါပဲ။

စာတွေ၊ ကဗျာတွေလည်း ရေခဲ့၊ စပ်ခဲ့

ပုဂံခေတ်က ရာဇသင်္ကြန်အမတ်ကြီး နရသီဟပတေ့ မင်းရှေ့ ဝင်ရောက်ခစားတဲ့အခါ  ပန်းကပ်ပဲ့ကိုကိုင်ပြီး ဝင်လာတယ်။ အဲဒီပန်းကပ်ဆိုတာ ပုဂံခေတ်က ကွမ်းအစ် ကို ခေါ်တာ။ အမတ်ကြီးက ပန်းကပ်ပဲ့နဲ့ ရှေ့တော်ဝင်လာ တော့  ဘုရင်က ပန်းကပ်ပဲ့ ဘာလို့ကိုင်တာလဲလို့ မေးတော် မူတယ်။ အမတ်ကြီးက ပန်းပွတ်သည်တွေ ကောင်းစားနေ လို့ ပန်းပွတ်မယ့်သူမရှိတာကြောင့်   ပန်းကပ်ပဲ့သုံးနေရ တယ်လို့ ပြန်လျှောက်တယ်။  ဘုရင်က အမတ်ကြီးကို အမျက်ထွက်ပြီး တွံတေးကို  နှင်လိုက်တယ်။   ဘာလို့လဲ ဆိုတော့ နရသီဟပတေ့မင်းက ပန်းပွတ်သည်သားကိုး။ နန်းတော်တိုင်တွေမှာ   ထုံးမသုတ်ရလို့ အမိန့်ထုတ်ပြီး ကိုယ်တိုင်ထုံးသုတ်မိလို့ ကိုယ့်လက်ညှိုး  ကိုယ်ပြန်ဖြတ် လိုက်ရတဲ့   ရခိုင်ဘုရင်မင်းထီး။   ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်ဆိုတာတွေလည်း အထင်အရှားရှိပါတယ်။ ကိုဗျတ်ဝိနဲ့   မအိုဇာတို့နှစ်ယောက်ရဲ့  ကွမ်းတစ်ယာ ရေတစ်မှုတ်    အချစ်ဇာတ်လမ်းကလည်း မြန်မာတွေ ရင်ထဲမှာ မပျောက်ကွယ်သေးပါဘူး။ ရှေးတုန်းက ကွမ်း၊ ဆေး ဆိုတာ  ထီးသုံးနန်းသုံးအဖြစ် အခြေအသင်းကြီးခဲ့ ပါတယ်။ စာတွေ၊ ကဗျာတွေလည်း ရေးခဲ့၊ စပ်ခဲ့ကြပါတယ်။ အဲဒီအထဲက ထင်ရှားတဲ့ ကဗျာတစ်ပုဒ်က

တံတားဦးက ကွမ်းနုဝါ
ငမြာက ဆေး၊
ကွမ်းသီးတောင်ငူနဲ့
ကိုင်းထုံးဖြူ ပြည်ရှား
သာဝါးလို့ထွေး တဲ့။

ရှေးတုန်းက ကွမ်းနဲ့ဆက်စပ်တဲ့    ပစ္စည်းအကောင်း တွေ ထွက်တဲ့ဒေသတွေကို   ဖော်ပြထားတဲ့ကဗျာပါ။ အဲဒီ အရပ်ဒေသတွေက ထွက်တဲ့ပစ္စည်းတွေနဲ့ယာမှ အကောင်းဆုံး ကွမ်းယာဖြစ်တဲ့အကြောင်း ရေးထားတာပါ။

ဒါကြောင့် မြန်မာတွေဟာ ကွမ်း၊ ဆေးနဲ့ ခွဲခြားလို့  မရပါဘူး။ ဒါက ရှေးတုန်းကပါ။ အခုကတော့ ရှေးတုန်းကလို မဟုတ်လို့  ခွဲခြားရပါတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေးတုန်းက လူတွေက ကျန်းမာရေးအသိမကြွယ်ဝကြလို့ ကွမ်းဆေးကို အမွှမ်းတတင် စာတွေ၊ ကဗျာတွေ ရေးဖွဲ့ပြီး အိမ်ဦးခန်းတင်ထားတာပါ။ အခု ကျန်းမာရေးရှုထောင့် ကကြည့်ရင် ကွမ်းစားတာဟာ အလွန်အန္တရာယ်များတာ၊ ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေတာ သိလာရပြီဖြစ်တဲ့ အတွက် ခွဲခြားရတော့မယ်လို့ ပြောတာပါ။  ကွမ်းစားတာ ဟာ ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေပါတယ်။

စွဲလမ်းပြီး ဖြတ်မရအောင်ဖြစ်လာ

ကွမ်းယာဘာကြောင့် စားကြသလဲဆိုတာကို အဖြေရှာ ကြည့်တဲ့အခါ ခံတွင်းချဉ်လို့၊ နံလို့ ဝါးတာ၊ ခေတ်လူငယ် တွေစမ်းသပ်လိုစိတ်၊ စူးစမ်းလိုစိတ်၊ မခံချင်စိတ်နဲ့ စားတာ၊ ရုပ်ရှင်မင်းသားအိုက်တင်ကို အားကျပြီး အတုခိုး စားတာ၊ သူငယ်ချင်းတွေဆွဲဆောင်မှုကြောင့်  စားတာ၊  အလုပ် လုပ်ရင်း  အိပ်ချင်ပြေ စားတာ၊ ဘိုးဘွားမိဘတွေ စားတဲ့ ကွမ်းအစ်ကိုနှိုက်စားတာ၊ လူကြီးတွေ  ကွမ်းယာဝယ်ခိုင်း ရာက   အစပြုပြီး   စားတာ၊ ဆေးလိပ်ကို ကွမ်းယာနဲ့ အစားထိုးဖြတ်တာဆိုတဲ့  အကြောင်းတွေကို အရင်းခံစား မိရာက စွဲလမ်းပြီး ဖြတ်မရအောင်ဖြစ်လာကြတာပါ။

ကွမ်းယာစားသုံးတဲ့အတွက်  သဘာဝလှပတဲ့ ပုလဲ ရောင်သွားတွေ ပျက်စီးပြီးကျိုးလွယ်ပါတယ်။ လူရဲ့အလှ အပနဲ့အရွယ်ကို   ရင့်ရော်စေပြီး   ဖရဲသီးစေ့(အမည်း)ရောင်သွားတွေ ဖြစ်စေပါတယ်။ အင်္ကျီအဝတ်အစားတွေ ကို စွန်းထင်းစေပါတယ်။ ခန္ဓာကိုယ်မှာ ရောဂါရစေပါတယ်။ ပိုက်ဆံကုန်ပါတယ်။ ပတ်ဝန်းကျင်အလှအပကို ညစ်ပတ် စေပါတယ်။

ကွမ်းယာမှာ  ပါဝင်တဲ့ပစ္စည်းတွေနဲ့   ဆိုးကျိုး သက်ရောက်မှုတွေကတော့  ကွမ်းယာဆိုတာမှာ အချို၊ အစိမ့်၊ အခါးဆိုပြီး သုံးမျိုးရှိပါတယ်။ ကွမ်းယာအချိုမှာ ကွမ်း၊ ကွမ်းသီး၊ ထုံး၊ စမုန်စပါး၊ အာမွှေး၊ အုန်းယို၊ နွယ်ချို၊ နာနတ်ယို၊   ဖရုံယို၊   နှမ်းလှော်၊  ဖာလာ၊ နှင်းရည်၊ လေးညှင်းပွင့်၊   ရှားစေးတွေပါဝင်ပြီး  ချိုစိမ့်အရသာ ရှိပါတယ်။

ကွမ်းယာအခါးမှာ ပြုပြင်စီမံထားတဲ့ ၉၉ ရာခိုင်နှုန်း၊ ၁ဝဝ ရာခိုင်နှုန်း ဆေးပေါင်း(အရက်နဲ့ပေါင်း)၊ ဆေးမွှေး၊ လေးညှင်း၊ ထုံး၊ ကွမ်း၊  အာမွှေးတွေကို အနည်းအများ ထည့်တတ်ကြပါတယ်။ ဆေးရွက်ကြီးဟာ စီးကရက်၊ ဆေးလိပ်လိုပဲ  ဓာတုဗေဒအမျိုးပေါင်း ၄၃ဝဝ ကျော် ပါဝင်တဲ့အတွက် ဆေးလိပ်လိုပဲ လူတွေရဲ့ ကျန်းမာရေး ကို ထိခိုက်စေပါတယ်။  ဆေးရွက်ကြီးမှာ နီကိုတင်း၊ အမိုးနီးယား၊ ဘင်ဇိုင်း၊ ဆိုင်ရာနိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကတ္တရာဓာတ်တွေဟာ လူကို ဒုက္ခအပေးဆုံး ဓာတုပစ္စည်းတွေဖြစ်ပါတယ်။

အဆိပ်အတောက်တွေ ပျံ့နှံ့ဝင်ရောက်

ကွမ်းဝါးတာ၊ စားတာ၊ မျိုချတာကြောင့် ဓာတ်တွေ ဟာ ပါးစပ်အတွင်း သွေးကြောတွေ၊ အာရုံ အရသာခံဖု တွေထဲကို  စိမ့်ဝင်ပြီး ခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်အပိုင်း အသီးသီးကို  အဆိပ်အတောက်တွေ ပျံ့နှံ့ဝင်ရောက် သွားစေပါတယ်။  အဲဒီ အဆိပ်အတောက်တွေကြောင့် သွေးကြောကျဉ်းရောဂါ၊  နှလုံးရောဂါ၊   သွေးတိုးရောဂါ၊ အင်ဖာလို့ခေါ်တဲ့   နှလုံးကြွက်သားတွေပျက်စီးတာ၊ လေသင်တုန်းခေါ်      တစ်ခြမ်းသေလေဖြတ်တာ၊ ဦးနှောက်နဲ့သွေးကြောတွေ    ဆေးချေးနဲ့  ပိတ်ပြီး သွေးကြောတွေအားနည်းတာ၊ မျက်စိအာရုံကြော ထိခိုက် ပျက်စီးပြီး အမြင်ဝါးတာ၊ မျက်စိမှုန်တာ၊ ပါး၊ ပါးစောင်၊ သွားဖုံး၊ လျှာ၊ လည်ချောင်း၊ အစာမျိုပြွန်၊ အစာအိမ်၊ အသည်းကင်ဆာတွေ ဖြစ်တတ်ပါတယ်။

မှိုတက်တဲ့ဆေး၊ ကွမ်းသီးတွေကြောင့် အသည်းကြွပ်၊ အသည်းရောင်အသားဝါရောဂါ၊     ရင်ဘတ်အောင့်၊ လေထိုး၊ ဆီးအိမ်ကင်ဆာနဲ့ အမျိုးသမီးတွေမှာ သားအိမ် ခေါင်းကင်ဆာဖြစ်တာ၊ ကိုယ်ဝန်ဆောင်မိခင်လောင်း တွေမှာ သန္ဓေသားကို ထိခိုက်စေပါတယ်။ အသက်ရှူ လမ်းကြောင်းရောဂါ၊  ရင်ကျပ်ပန်းနာ၊ အမောမခံနိုင်ဘဲ သန္ဓေသားပျက်စီးနိုင်ပါတယ်။ မွေးဖွားလာတဲ့ကလေးဟာ လည်း မွေးရာပါ ရောဂါတွေဖြစ်စေပါတယ်။ ဆေးရွက် ကြီးကြောင့် ခြေချောင်း၊ လက်ချောင်းတွေ သွေးကြော ပိတ်ပြီး ခြေပုပ်၊ လက်ပုပ်နာဖြစ်ပြီး  ဖြတ်ပစ်ရလို့ အင်္ဂါ မစုံဘဲ ဒုက္ခိတလည်းဖြစ်စေပါတယ်။

သတိလစ်မေ့မြောတတ်

ကွမ်းမှာပါတဲ့ ဘင်ဇိုင်းက သွေးကင်ဆာ၊ အကြော တက်၊ ညောင်းညာကိုက်ခဲတာ၊ ချွေးစေးထွက်တာ၊ ပါးစပ်၊ ဆီး၊ ချွေးတွေမှာ ဆေးနံ့နံတာ၊ နားအာရုံကြောထိခိုက်ပြီး နားလေးတာ၊    ကွမ်းသီးကြောင့် လေထိုး၊ လေအောင့်၊ ဗိုက်နာတာ၊  အစာအိမ်ရောဂါဖြစ်တာ၊  ရင်ပူတာ၊ ကွမ်းသီးလေပြွန်ထဲဝင်ပြီး   အသက်ရှူလမ်းကြောင်း     ပိတ်ဆို့သေတတ်တာ၊  ဆေးရွက်ကြီးက မူးဝေအော့အန် ချွေးစေးတွေထွက်တာ၊  ဝမ်းသွားတာတွေဖြစ်တတ်ပါ တယ်။    ကွမ်းမစားဖူးသူတွေဟာ ဆေးရွက်ကြီးအနံ့ ကြောင့်     နားရွက်တွေထူပူနီရဲပြီး  သတိလစ်မေ့မြော တတ်ပါတယ်။

ကယ်လ်စီယမ်ကာဗွန်နိတ်လို့ ဘိုလိုခေါ်တဲ့ ထုံးဖြူ ဖြူကတော့ ခံတွင်းကင်ဆာ ဖြစ်စေပါတယ်။ လျှာ၊ သွား၊ ပါး၊ ပါးစောင်၊ သွားဖုံး၊ လည်ချောင်း၊ အစာအိမ်အနာတွေ ဖြစ်စေပါတယ်။ ထုံးကျောက်တွေ သွားနဲ့  သွားဖုံးပေါ် ဖုံးသွားတဲ့အတွက် ကြွေသွားတွေပျက်စီးပြီး အရောင် မဲ့တာ၊  သွားတွေ  ပွန်းပဲ့ကျိုးလွယ်တာ၊ ရေစီးကမ်းပြို လိုက်တာ၊   သွားကိုက်သွားနာ၊  အာရုံကြောထိ၍  သွားကျဉ်၊ အစာမစားနိုင်၊ အချဉ်မစားနိုင်တာ၊ လျှာထူပြီး တော်ရုံအငန်အရသာကို သာမန်ထက် ပိုစားမှအရသာ ရှိတာ၊ အငန်ပိုစားရတဲ့အတွက် သွေးတိုးရောဂါပိုဖြစ် နိုင်တာ၊ အသည်း၊ သည်းခြေ၊ ကျောက်ကပ်၊ ဆီးအိမ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်တာ၊ ခွဲစိတ် ကုသရ ပါက အသက်အန္တရာယ်ဖြစ်စေတာတွေ ဖြစ်စေပါတယ်။

ဒါကြောင့်မို့ ရောဂါမှတစ်ပါး ဘာကောင်းကျိုးမှ မပေး တဲ့ ကွမ်းယာကို   အခုကစပြီး နောင်တမရအောင် ကွမ်းယာကိုရှောင်ဆိုတဲ့  ဆောင်ပုဒ်အတိုင်း လက်တည့် မစမ်းဖို့ စေတနာကောင်းနဲ့     ရေးသားလိုက်ရပါ        တယ်။     ။

ရွှေရိုး(​ကြေးမှုံ)

No comments:

Post a Comment