Latest News

Thursday, April 14, 2016

အဝေဖန်ခံလိုက်ရတဲ့ဆောက်လုပ်ရေးဝန်ကြီးဦးဝင်းဌေးအကြောင်း

တခါတုံးက အကျဉ်းထောင်တွေထဲမှာ ခက်ခက်ခဲခဲ ဖြတ်ခဲ့ရသူတွေ၊ အခုလို တိုင်းပြည်ကို ပြန်ဦးဆောင်ခွင့်ရတာ သိပ်ဝမ်းသာတယ်။
ကိုဝင်းဋ္ဌေး
သူက ကျနော့်ထက်ကြီးပါတယ်။ ဒါပေမယ့် စက်မှု တက္ကသိုလ်မှာ ကျောင်းပြန်တက်ခွင့်ရတဲ့ အချိန်လေးတွေက အတူတူ၊ သတိယစရာ။
သူက အကျဉ်းထောင်က လွတ်လာချိန်၊ ကျနော်တို့ ကလည်း ကျောင်းကို ပြန်ကပ်ချိန်။
သူနဲ့ ပတ်သက်လို့
သေချာပြောရဲတာကတော့ ရိုးသားတယ်။
အလုပ် ရကတည်းက လမ်းမှာတွေ့ တိုင်း
ဇွတ်အတင်း ခေါ်ပြီး ကျွေးတတ်၊မွေးတတ်၊
အင်မတန် သဘောကောင်းတယ်။
ဧရာဝတီတိုင်းသားတွေ အတွက် ကံကောင်းတာပဲ။
သူက သူ့ မှာ ပါသမျှ ကျွေးမွေး ကူညီမယ် ။
ဆောက်လုပ်ရေးဝန်ကြီး ဆိုတော့ မရှိဆင်းရဲသားတွေ ဆို အိမ်တောင်ဆောက်ပေးမယ် ထင်တာပဲ။
တခုပဲ ညီအကိုချင်း အကြံပေးပါရစေ။
ရင်ထဲက ချစ်ခင်လေးစားလို့ ပဲ ဖြစ်ဖြစ်၊
အလေ့အကျင့် ဖြစ်နေတာပဲ ဖြစ်ဖြစ်၊
အဲ့သလို လက်အုပ်ချီ ကြိုဆိုတာကြီးကို ခံစားလို့ ကို မရတာ။
ပြည်သူ နဲ့ ဝန်ကြီး ဆိုတာ
ပေါ့ပေါ့ပါးပါး ရင်ချင်းထပ် ပြုံးရင် ရပါတယ်
လက်အုပ်ချီ နှုတ်ဆက်ကြတာကို
မောင်ခင်ညွှန့် လက်ထက်ကတည်းက ကြည့်မရတာ။
ပင်နီ အစား စပို့ ရှပ် နဲ့ ဆို ပိုကောင်းမယ်။
လွှတ်တော်သွားတာမှ မဟုတ်တာ။
တခါတလေ Sexy လေးလို နေစမ်းပါ။
ဘာပဲဖြစ်ဖြစ် ဧရာဝတီတိုင်းသားတွေ ကံကောင်းမှာပါ။
သင်္ကြန်မှာ ဝန်ကြီးကို တခုခု ကျွေးခိုင်းပေတော့။
အင်ဂျင်နီယာတွေက ချမ်းသာကြပါတယ်

.............
ဟိုတနေ့က ဧရာဝတီတိုင်းသင်္ကြန်မဏ္ဍဋ်ဖွင့်ပွဲ တိုင်းဒေသကြီးအစိုးရအဖွဲ့တက်ရောက်တဲ့ ဓါတ်ပုံတွေမှာ ကိုယ့်သူငယ်ချင်းအရင်းကြီး၊အမှုတွဲလဲဖြစ်တဲ့ ကိုဝင်းဌေး ပုံပါလာလို့ သူငယ်ချင်းတွေအတွက်ရည်စူး ကာ ပြန်ရှယ်လိုက်မိတယ်။
ဝင်းဌေး ဆိုတာက တကယ့်ကိုရိုးရိုးအေးအေး၊ကြိုးကြိုးစားစားနဲ့ သူ့ဘ၀ သူတည်ဆောက်လာတဲ့သူ၊ ၈၈ စက်မှုတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားဘ၀မှာ ကျောင်းသားလှုပ်ရှားမှုထဲပါလာပြီး ၉၀ မှာ ဖုန်းမော် ၂နှစ်ပြည့်အခန်းအနားကျင်းပဘို့ ပြင်ဆင်ကြရင်း ကျောင်းသားလူငယ်အုပ်စုတွေနဲ့ စစ်ခုံရုံးက ထောင်ဒဏ် ၃နှစ်အပြစ်ပေး၊ အင်းစိန်၊တောင်ငူ ကျောင်းတော်ကြီးတွေမှာ ဘ၀ပညာဆည်းပူးခဲ့သူ၊
ထောင်ကပြန်လွတ်လာတော့ ကျောင်းပြန်တက်ခွင့်ရတဲ့အချိန် ကျောင်းပြန်တက် နောက်ဆုံးနှစ်စာမေးပွဲကို ဂရိတ်အမြင့်နဲ့အောင်မြင်လာခဲ့သူ၊
ကျောင်းပြီးတော့ အလုပ်ခွင်ထဲ ၀င်နေရပေမဲ့ ဘ၀တူ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို တတ်နိုင်တဲ့နေရာကနေ အလုပ်ရှာ၊အလုပ်သွင်းပေး၊သာရေး၊နာရေးကအစ ကူညီစောင့်ရှောက်ပေးခဲ့သူ။
မိသားစုဘ၀ချို့ချို့တဲ့တဲ့- ကိုယ် ကိုယ်တိုင်ကလဲ ဘ၀တူသူငယ်ချင်းတွေနဲ့ သံယောဇဉ်မပြတ်၊ နိုင်ငံရေးသံယောဇဉ်လဲမပြတ်၊ရပ်တည်မှုကို အမြဲခိုင်နေအောင်ကြိုးစားခဲ့တဲ့သူ။
အနေအထိုင်ရိုးရိုးအေးအေး၊အလုပ်ကိုလဲကြိုးကြိုးစားစား၊အောက်လက်ငယ်သားတွေကလဲ ချစ်ကြည်ယုံကြည်၊ အလုပ်ရှင်က အစစ စိတ်ချ၊ဆက်ဆံဘူးသူတွေက ကျေနပ်။
ကြိုးစားတတ်၊ညှာတာတတ်၊ စိတ်ထားကောင်းတတ်တဲ့သူ။
ပါတီဝင်မဟုတ်ခဲ့ပေမဲ့ သူရဲ့ရိုးသား၊ကြိုးစားမှုကို အသိအမှတ်ပြုပြီး အဲသည်နေရာအတွက် ကမ်းလှမ်းတာတောင် ချက်ခြင်းလက်သင့်မခံရဲသေးဘဲ သူငယ်ချင်းတွေကို ဖွင့်တိုင်ပင်၊အကြံဥာဏ်တောင်း၊ သူငယ်ချင်းတွေ တွန်းအားပေးမှ လက်ခံဆောင်ရွက်ခဲ့တဲ့သူ၊
အခုတော့
ကိုယ်က ကိုယ့်သူငယ်ချင်း တိုက်ပုံကြီးဝတ်၊ခန့်ခန့်ကြီးလျှောက်လာတဲ့ပုံကို facebook ပေါ်မှာ တွေ့မိလို့ ကိုယ့်သူငယ်ချင်းတွေမြင်ရအောင် ရှယ်မိပါတယ်၊ တဆင့် တဆင့်နဲ့ပွားသွားလိုက်တာ
မလိုလားအပ်တဲ့ ပြောစရာ၊ဆိုစရာတွေ ၀ိုင်းတက်လာကြတော့ သူ့ကိုလဲ အားနာလိုက်တာ၊
ပြောနေကျတဲ့သူတွေကိုလဲ ဘယ်လိုရှင်းပြရမလဲမသိ၊ ခုချိန်မှ post ကိုပြန်ဖြုတ်ချလဲမမှီ၊ ဒါပေမဲ့ ကျွန်တော် ပြန်ဖြုတ်လိုက်ပါပြီ---
ကိုယ့်ကြောင့်ဖြစ်သလို ဖြစ်သွားတဲ့အတွက် သူငယ်ချင်းရေ တောင်းပန်ပါတယ်။
Thar Gyee



အဝေဖန်ခံလိုက်ရတဲ့ဓာတ်ပုံထဲကဆောက်လုပ်ရေးဝန်ကြီးဦးဝင်းဌေးအကြောင်း။
၂၀၁၃ခုနှစ်အတွင်း နေပြည်တော်မှာ နှစ်ပေါင်းများစွာကွဲကွာနေတဲ့ သူငယ်ချင်းတစ်ယောက်ကို ပြန်တွေ့ ခဲ့ရပါတယ်။ သူဟာမိခင်ဆောက်လုပ်ရေးကုမ္ပဏီရဲ့ အပြာရောင်ယူနီဖောင်းနဲ့ အင်ဂျင်နီယာတွေဆောင်းတဲ့ သံခမောက်ကို ဆောင်းရင်း နှစ်ပေါင်းများစွာ မြင်ခဲ့ဖူးတဲ့ သူ့ ရဲ့ ကိုယ်ပိုင်အပြုံးကို ပြုံးပြလိုက်ပါတယ်။ဧရာဝတီတိုင်းသားပေမယ့် အညာသားလို အသားမည်းပြီး စကားပြောရင် ရိုးရိုးရှင်းရှင်းပြောတ်တဲ့သူ့ ရဲ့ ဟန်ပန်ကိုကြည့်ရင်း တချိန်က အင်းစိန်ထောင်ထဲမှာ ဒေါက်တွေ၊သံခြေချင်းတွေခတ်ပြီး အရိုက်ခံခဲ့ရတဲ့ ပုံရိပ်တွေနဲ့ ပြန်လည်နှိုင်းယှဉ်မိပါတယ်။သူ့ရဲ့နာမည်က ကိုဝင်းဌေးလို့ခေါ်ပါတယ်။သူ့ကိုရေကြည်မြို့ နယ်၊ငါးသိုင်းချောင်း၊ကမ်းနီရွာမှာ အဘဦးတက်ဖြိုး၊အမိဒေါ်သန်းခတို့ကမွေးဖွားခဲ့ပါတယ်။မွေးချင်း ၄ယောက်ရှိပြီး ဘ၀ကိုကြိုစားရုန်းကန်ခဲ့ရတဲ့မိသားစုလည်းဖြစ်ပါတယ်။မိဘတွေကိုသူ့ကိုလယ်သမားဖြစ်မှာစိုးလို့စက်မှုအထက်တန်းကျောင်းကိုတက်စေခဲ့ပါတယ်။၁၉၈၂ခုနှစ်မှာစက်မှုအထက်တန်းကျောင်းကဘာသာစုံဂုဏ်ထူးနဲ့အောင်မြင်ပြီး စက်မှုတက္ကသိုလ်ကိုရောက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့ဘ၀က ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံသာမဖြစ်ခဲ့ရင်ရိုးရှင်းပြီးသာယာတဲ့ဘ၀တစ်ခုဖြစ်ခဲ့မှာပါ။
ဒါပေမယ့်စက်မှုတက္ကသိုလ်ကအစပြုတဲ့အရေးတော်ပုံလှုပ်ရှားမှုတွေကြောင့်
ကိုဝင်းဌေးရဲ့ဘ၀ဟာလည်း မုန်တိုင်းထန်ခဲ့ရပါတယ်။
၁၉၈၈ အရေးအခင်းကြီးဖြစ်နေတဲ့အချိန်မှာ တက္ကသိုလ်ကျောင်းတွေပိတ်သွားလို့ ကိုဝင်းဌေးလည်းရွာကိုပြန်ခဲ့ရပါတယ်။ဒါပေမယ့်အကြာကြီး ရွာမှာနေရတော့သူမပျော်တော့ပါဘူး။သူက ရန်ကုန်မှာပဲနေချင်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်မိဘတွေကိုအကျိုးအကြောင်းပြောပြီး ရန်ကုန်ကိုပြန်တက်လာခဲ့ပါတယ်။ရန်ကုန်ရောက်တော့ အဆောင်မှာနေပြီး ကြုံရာကျပန်းအလုပ်တွေလုပ်ခဲ့ပါတယ်။ပန်းရံလက်သမား အလုပ်တွေကစပြီး ကျူရှင်ဆရာအဆုံးအကုန်လုံးကိုဝင်းဌေးလုပ်ဖူးပါတယ်။အလုပ်အဆင်ပြေပေမယ့် သူ့ ဗီဇကငြိမ်မနေပါဘူး။နိုင်ငံရေးလှုပ်ရှားနေတဲ့စက်မှုတက္ကသိုလ်ကျောင်းသားဘုန်းမော် ၂ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားပြုလုပ်ဖို့ အစီအစဉ်နဲ့ ကြုံလာပါတယ်။ဒီအစီအစဉ်ကိုစက်မှုတက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ကျော်ကျော်စိုး၊ဇော်ရဲဝင်း၊ပုဏ္ဏား စတဲ့သူတွေနဲ့ အကောင်အထည်ဖော်ဖို့ နိုင်ငံရေးသမားဟောင်းကြီး ဗိုလ်ကြာညွန့် အိမ်မှာ တွေ့ ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီအစီအစဉ်ကိုစစ်ထောက်လှမ်းရေးသိရှိသွားတဲ့အခါမှာ သူတို့ ကို လိုက်လံဖမ်းဆီးခဲ့ပါတယ်။ကိုဝင်းဌေးလည်းဖမ်းဆီးခံခဲ့ရပြီး အင်းစိန်ထောင်ထဲကိုရောက်ရှိသွားခဲ့ပါတယ်။ နောက်ဆုံး စစ်ခုံရုံးကသူတို့ ကိုထောင်ဒဏ်သုံးနှစ်စီ ချမှတ်ခဲ့ပါတယ်။ထောင်ထဲရောက်တော့ ကိုဝင်းဌေးအတွက်ပိုမိုကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတော့တာပါပဲ။ထောင်က နိုင်ငံရေးသမားတွေ၊ကျောင်းသားတွေကို ထောင်အလုပ်တွေလုပ်ဖို့ လေဘာချတယ်။ကျောင်းသားတွေကမလုပ်နိုင်ဘူးဆိုပြီးငြင်းဆန်တယ်။ဒီမှာတင်ပြဿ နာတွေဖြစ်ပြီး Labour Strike တွေဖြစ်ပေါ်လာပါတယ်။ဒီထဲမှာ ကိုဝင်းဌေး၊ထက်ရာဇာ၊ကျော်ကျော်စိုး၊ကျော်ကျော်သိန်း၊ကိုမြင့်နိုင်တို့ အပါအ၀င်ကျောင်းသားတော်တော်များများပါဝင်ပြီး ထောင်အာဏာပိုင်တွေက ခြေချင်းခတ်ပြီး စစ်ခွေးတိုက်ကို ပို့ ခဲ့ပါတယ်။စစ်ခွေးတိုက်မှာ ထောင်ရဲ့နာမည်ကြီး လူမိုက်တွေဖြစ်တဲ့ ကြည့်မြင်တိုင်ကဟန်တင်ကြီးတို့၊ကြက်ဖတို့ကပုံစံကြီးထိုင်ခိုင်းပြီးနည်းမျိုးစုံနဲ့ရိုက်နှက်နှိပ်စက်ခဲ့ပါတယ်။စစ်ခွေးတိုက်မှာတလတိတိပညာပေးခံရပြီးမှ အဆောင်ကိုပြန်ရောက်လာပါတယ်။မည်းမည်းရှည်ရှည်နဲ့ကိုဝင်းဌေးပုံစံက ပိုမည်းပြီးမီးသွေးလိုမာကျစ်သွားပါတယ်။လောကဓံကိုလည်းပိုပြီးခံနိုင်ရည်ရှိသွားပါတယ်။
ကိုဝင်းဌေးနဲ့ အတူနေရတာကတော့ ဗမာပြည်ကွန်မြူနစ်ပါတီကသံမဏိဦးစိန်လှဖြစ်ပါတယ်။ဦးစိန်လှက ကိုဝင်းဌေးကို နိုင်ငံရေးသဘောတရားတွေနဲ့နိုင်ငံရေးအယူအဆတွေကိုသင်ကြားပေးပါတယ်။သူအမြဲတမ်းအမှတ်ရနေတဲ့အဖြစ်အပျက်ကတော့ အဘဦးစိန်လှရဲ့ချဉ်ပေါင်ဟင်းပါပဲ။တခါတုန်းက အဘဦးစိန်လှက စစ်ပြေးတပ်ကြပ်ကြီးတစ်ယောက်ကို ဆားနည်းနည်းရှာခိုင်းတယ်။ပြီးတော့ ကိုဝင်းဌေးကို တောင်ယာထဲသွားပြီး ချဉ်ပေါင်ရွက်ခူးခိုင်းတယ်။ပြီးတော့ ဘီစကွတ်မုန့်ထုပ်ထုတ်တဲ့ပလတ်စတစ်အဟောင်းကိုယူပြီး ချဥင်္ပေါင်ရွက်တွေရောဆားတွေရောနယ်ပြီးထည့်လိုက်တယ်။ပြီးတော့အိမ်ဝမှာကြိုးနဲ့ စည်းပြီး တိုက်ခေါင်မိုးဖြစ်တဲ့သွပ်ပေါ်ကို ပစ်တင်လိုက်တယ်။ကိုဝင်းဌေးက အဘဦးစိန်လှလုပ်ရပ်ကို နားမလည်လို့မေးကြည့်တော့ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်သလိုတနေကုန်ရင်ချဉ်ပေါင်ဟင်းလည်းစားရမယ်၊သွပ်ပေါ်ကိုဆားရည်တွေစီးပြီး ကြာရင်သွပ်ပေါက်သွားလိမ့်မယ်လို့ ပြောပါတယ်။ဒါကအဘဦးစိန်လှရဲ့ရန်သူကိုတိုက်ခိုက်ရမယ့်အယူအဆဖြစ်ပါတယ်။ 

၁၉၉၁ ခုနှစ်မှာတော့ အင်းစိန်မှာရှိတဲ့ကျောင်းသားတွေကိုလူစုခွဲတဲ့အခါ ကိုဝင်းဌေးလည်းကျနော်တို့နဲ့အတူ တောင်ငူထောင်ကိုပြောင်းရွှေ့ ခဲ့ပါတယ်။တောင်ငူထောင်မှာထမင်းဝိုင်းတွေဖွဲ့ ကြတော့ ကျနော်တို့ထမင်းဝိုင်းကအကြီးဆုံးပါပဲ။ကြည့်မြင်တိုင်ကညီညီလှိုင်၊တောင်ဥက္ကလာကအောင်သွင်နဲ့ပါလေး၊မြောက်ဥက္ကလာကမင်းလွင်၊ငသိုင်းချောင်းကကိုဝင်းဌေး၊ဦးဇင်းဦးခေမာစာရ၊ပဲခူးကဇော်ဝင်း၊ဒိုက်ဦးကထွန်းထွန်း၊မင်းဘူးကကျနော်ပါဝင်ပါတယ်။ဒီထမင်းဝိုင်းကြီးရဲ့ချက်ပြုတ်ရေးတာဝန်ကို ကိုဝင်းဌေးက ရဲရဲရင့်ရင့်တာဝန်ယူလိုက်ပါတယ်။ပြီးတော့ဒီလူဆယ်ယောက်စာ စားဖို့ဟင်းအတွက်တစ်နေကုန်၊တစ်နေခန်းချက်ပြုတ်တော့တာပါပဲ။ဘာဟင်းချက်ချက်လောက်တယ်လို့မရှိပါဘူး။တောင်ယာဘုတ်ကိုင်က ကန်ဇွန်းရွက်တစ်စည်းပေးလည်းအဆင်မပြေ၊၂စည်းပေးလည်းအဆင်မပြေ၊ငါးစည်းလောက်ပေးမှ အဆင်ပြေတယ်။ ကြာတော့လည်းဘုတ်ကိုင်တွေက မပေးချင်တော့ဘူး။ ၀က်သားတွေဘာတွေဝယ်စားရင်လည်းတပိဿာကို တစ်နပ်ပဲစားကြတယ်။ဒါတောင်ထမင်းကိုထောင်ကတာဝန်ယူလို့တော်သေးတယ်။ 
ဒီထမင်းဝိုင်းကြီးအတွက် အဓိကခေါင်းစားရတာကတော့ ကျနော်တို့ရဲ့မာမီကြီးကိုဝင်းဌေးပါပဲ။ကျနော်တို့ကနေ့တိုင်းဘောလုံးကန်ဖို့၊ခြင်းခတ်ဖို့၊Scrabble ဆော့ဖို့လောက်စဉ်းစားနေတဲ့အချိန်မှာ ကိုဝင်းဌေးခင်မျာ ကြက်သွန်တွေနွှာလိုက်၊ငရုတ်သီးတွေထောင်းလိုက်၊ဆီတွေပြေးချေးလိုက်နဲ့အလုပ်ရှုပ်နေလေ့ရှိပါတယ်။သူ ၂နာရီလောက်ပင်ပင်ပန်းပန်းချက်ပြီးတဲ့အခါမှာ ကျနော်တို့ကဆယ်မိနစ်နဲ့အပြတ်ရှင်းလေ့ရှိပါတယ်။တစ်ခါကတော့ကျနော်တို့ကိုအမြင်ကတ်လို့လားမသိဘူး။စွယ်တော်ရွက်အကြမ်းတွေကိုဟင်းချက်ပြီးကျွေးတယ်။သရက်ရွက်အကြမ်းတွေကိုလည်းသုပ်ပြီးကျွေးတယ်။သူဘာတွေပဲလုပ်လုပ်မစားတဲ့ဟင်းဆိုတာမရှိဘူး။ကျနော်တို့ကဂျီးမများပဲစားလေ့ရှိပါတယ်။ဒီလိုနဲ့တောင်ငူထောင်မှာ ကိုဝင်းဌေးရဲ့လက်ရာနဲ့ ပျော်ပျော်ရွှင်ရွှင်စားသောက်ပြီး ဖြတ်သန်းခဲ့ကြပါတယ်။

ခုတော့ဒီထမင်းဝိုင်းထဲက ပါလေးတစ်ယောက်က ကွယ်လွန်သွားပါပြီ။အောင်သွင်၊ဇော်ဝင်းနဲ့ ဦးဇင်းခေမာစာရလည်းနိုင်ငံရပ်ခြားမှာ အခြေကျနေပါပြီ။ကျနော်လည်း ၂၀၁၂ခုထောင်က ပြန်လွတ်လာပြီးတဲ့နောက် မီဒီယာနယ်ပယ်မှာ ပြန်လည်ကျင်လည်နေပါပြီ။ကျနော်တို့ရဲ့စားဖိုဆောင်မာမီကြီး ကိုဝင်းဌေးလည်း သူ့ရဲ့မူလအလုပ်ဖြစ်တဲ့အင်ဂျင်နီယာအလုပ်ကိုလုပ်ကိုင်နေပါပြီ။အခုအသက်အရွယ် အိမ်မှာဟင်းချက်ရသေးသလားဆိုတာကိုတော့သူ့အမျိုးသမီးပဲသိနိုင်တော့မှာဖြစ်ပါတယ်။
ဇော်သက်ထွေး

No comments:

Post a Comment