Latest News

Tuesday, June 19, 2018

အိန္ဒိယမှ ပြည်ပပဲဝယ်ယူခွင့် လိုင်စင် ခွင့်ပြုပေးလိုက်သဖြင့် ပြည်တွင်း မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း ပြန်လည် မြင့်တက်

အိန္ဒိယမှ ပြည်ပပဲဝယ်ယူခွင့် လိုင်စင် ခွင့်ပြုပေးလိုက်သဖြင့် ပြည်တွင်း မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း ပြန်လည် မြင့်တက်

ရန်ကုန် ဇွန် ၁၈

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် အိန္ဒိယအစိုးရက ပြည်ပမှမတ်ပဲတန်ချိန် တစ်သိန်းခွဲ၊ ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် နှစ်သိန်းအထိ ပြန်လည်ဝယ်ယူ တင်သွင်းခွင့်ပြုမည်ဖြစ်၍ ဇွန် ၁၅ ရက်က တရားဝင်လိုင်စင် ချထားပေးခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ပြည်တွင်းမတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းသည် မြင့်တက်လာကြောင်း ပြည်တွင်း ပဲဈေးကွက်အတွင်းမှ သိရသည်။

ဇွန် ၁၄ ရက်တွင် မတ်ပဲတစ်တန်လျှင် ငွေကျပ် ၄၆ဝဝဝဝ ရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် ၄၈ဝဝဝဝ ခန့်သို့လည်းကောင်း၊ ပဲစင်းငုံတစ်တန်လျှင် ယခင်ငွေကျပ် ၄၈ဝဝဝဝ ခန့်ရှိရာမှ လက်ရှိတွင် ငွေကျပ် ၅၁ဝဝဝဝ ခန့်သို့ အသီးသီးဈေးနှုန်းမြင့်တက်ခဲ့သည်။ ယခင် အိန္ဒိယအစိုးရမှ ပဲဝယ်ယူခွင့် လိုင်စင်တရားဝင် ချထားပေးမှု အချိန်ကြန့်ကြာနေ၍ တဖြည်းဖြည်းဈေးနှုန်းပြန်လည် ကျဆင်းခဲ့ရာမှ ယခုအခါ ဈေးနှုန်းပြန် လည်မြင့်တက်လာခဲ့ခြင်းလည်း ဖြစ်သည်။

''ဒီရက်ထဲမှာတော့ ပဲဈေးနှုန်းက အနည်းငယ်ပြန်တက်လာတယ်။ တင်သွင်းခွင့်ကတော့ အရင်ကတည်းက ကျပြီးသားပါ။ ဒါပေမဲ့ တရားဝင်လိုင်စင် လက်ထဲမရောက်ကြသေးလို့ မတင်ပို့သေးတာပါ။ တရားဝင် တင် သွင်းခွင့်လိုင်စင် လက်ထဲရောက်ပြီဆိုတာနဲ့ စပြီးတင်ပို့ကြတော့မှာပါ''ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးကပြောသည်။

အဆိုပါ ကြေညာချက်မတိုင်မီက မတ်ပဲ တစ် တန်လျှင် ငွေကျပ် ၃၈ဝဝဝဝ၊ ပဲစင်းငုံ တစ်တန်လျှင် ငွေကျပ် သုံးသိန်းခွဲအထိ အနိမ့်ဆုံးဈေးဖြစ်ပေါ်ခဲ့ပြီး ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်း တစ်တန်လျှင် အမြင့်ဆုံး ငွေကျပ် ငါးသိန်းကျော်အထိ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ ပဲစိုက်ပျိုးထွက်ရှိမှု အောင်မြင်သောကြောင့် စံချိန်တင်ပိုလျှံသည့် အနေအထားသို့ရောက်ရှိကာ အိန္ဒိယတောင်သူများ၏ အကျိုးစီးပွားကိုကာကွယ် ရန် အိန္ဒိယအစိုးရ အနေဖြင့် ပြည်ပမှ ပဲဝယ်ယူတင်သွင်းခွင့်ကို ၂ဝ၁၇ ခုနှစ် သြဂုတ်လမှ စတင်ကာ ၂ဝ၁၈ ခုနှစ် မတ် ၃၁ ရက်အထိ တန်ချိန်ပမာဏ ကန့်သတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ပြည်တွင်း၌ ခန့်မှန်း မတ်ပဲ လက်ကျန်တန်ချိန် သုံးသိန်း ကျော်၊ ပဲစင်းငုံ လက်ကျန်တန်ချိန် တစ်သိန်းဝန်းကျင်နှင့် ပဲတီစိမ်း လက်ကျန်တန်ချိန် ငါးသောင်း ဝန်းကျင် ခန့်ရှိနိုင်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ သိရသည်။

MWD

No comments:

Post a Comment