Latest News

Wednesday, June 13, 2018

ကမ္ဘာကျော်ခေါင်းလောင်းကြီးများ

ကမ္ဘာကျော်ခေါင်းလောင်းကြီးများ

ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် ခေါင်းလောင်းဟုဆို လျှင် အချက်ပြသောအရာများအဖြစ်လည်းကောင်း၊ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ပစ္စည်းအဖြစ်လည်းကောင်း သုံးစွဲခဲ့သည်။          တရုတ်နိုင်ငံတွင်
လွန်ခဲ့သော နှစ်ပေါင်း ၄ဝဝဝ လောက်ကပင် ခေါင်း
လောင်းများ စတင်ပေါ်ပေါက်သည်ဟု အဆိုရှိသည်။ သို့ရာတွင် ခိုင်လုံသော အထောက်အထားများကား မရှိ
ပေ။ အနောက်နိုင်ငံများတွင်မူ ရောမလူမျိုးတို့အုပ်ချုပ် သည့် တိုင်းပြည်များ၌ ခရစ်ယာန်အယူဝါဒကို အတည်
တကျ ကိုးကွယ်ကြသော ငါးရာစုနှစ်၊ ခြောက်ရာစုနှစ်
လောက်တွင် အစပြု၍ ခရစ်ယာန်ဘုရားရှိခိုးကျောင်း များတွင် ခေါင်းလောင်းများကို ထားရှိလာခဲ့ကြသည်။ ပထမတွင် သေးငယ်သော ခေါင်းလောင်းများကိုသာ ပြု
လုပ်ကြ၍ နောင်သော် တဖြည်းဖြည်း ကြီးသောခေါင်း
လောင်းများကို လုပ်လာနိုင်ကြသည်။ ထိုခေါင်းလောင်း
များကို မြို့တွင်းမှ အားလုံးကြားနိုင်စေသောငှာ မျှော်စင်
များပေါ်၌ ချိတ်ဆွဲထားလေ့ရှိကြသည်။ အများအားဖြင့် ခေါင်းလောင်းစင်များကို ဘုရားရှိခိုးကျောင်းများနှင့် တစ်ဆက်တည်း ထားလေ့ရှိကြသော်လည်း အချို့နေရာ
များတွင် သီးခြားအဆောက်အအုံများဖြင့် ထားတတ်ကြ လေသည်။

ခေါင်းလောင်းကို လူတို့သည် သာသနာရေးနှင့် ဆက်
စပ်၍   အသုံးပြုလာခဲ့ကြသည့်အတိုင်း  မြန်မာနှင့်
တကွ ဗုဒ္ဓအယူဝါဒနိုင်ငံများတွင်လည်း ခေါင်းလောင်း
ကြီးငယ်များကို စေတီပုထိုး၊ သိမ်၊ ကျောင်းစသည် များ၌ ထားရှိပြီးလျှင် ကုသိုလ်ကောင်းမှု တစ်ခုခုပြုပြီး
သောအခါ ခေါင်းလောင်းထိုး၍ အမျှအတန်းပေးဝေ လေ့ရှိကြသည်။ ရွှေတိဂုံစေတီရင်ပြင်တော်ပေါ်၌လည်း
အရွယ်အမျိုးမျိုးရှိသော   ခေါင်းလောင်းအမြောက်
အမြားကို တွေ့ရှိနိုင်သည်။ စေတီတော်၏ထီးတစ်ဝိုက်၌ ခြံရံချိတ်ဆွဲထားသော ရွှေဆည်းလည်း၊ ငွေဆည်းလည်း၊ ကြေးဆည်းလည်းတို့သည်လည်း    ခေါင်းလောင်း
အသေးစားများပင်  ဖြစ်ကြရာ   လေတိုက်ခတ်
သောအခါများ၌ ကြားရသော အသံတို့သည် သာယာ နာပျော်ဖွယ် ကောင်းလှပါသည်။

ကိစ္စအမျိုးမျိုးအတွက်

ခေါင်းလောင်းကို နိုင်ငံအသီးသီး၌ ကိစ္စအမျိုးမျိုး
အတွက် အသုံးပြုကြလေသည်။ သာသနာရေးကိစ္စများ မှအပ နန်းတက်ပွဲ၊ လက်ထပ်ပွဲစသော မင်္ဂလာအခမ်း အနားများ၌လည်း ခေါင်းလောင်းကို ထိုးတတ်ကြသည်။ စစ်ကြီးပြီးဆုံးသည့်အခါ၊ နိုင်ငံလွတ်လပ်ရေးရသည့် အခါများ၌လည်း ဝမ်းမြောက်ဝမ်းသာ အထိမ်းအမှတ်
အဖြစ် ခေါင်းလောင်းများကို ထိုးလေ့ရှိကြသည်။ ဘုရင်
နတ်ရွာစံသည့် အခါများ၌လည်း ဝမ်းနည်းသော အထိမ်း
အမှတ်ဖြင့် ကြေကွဲဖွယ်ဖြစ်အောင် ထိုးတတ်ကြသည်။ ထိုမှတစ်ပါး အစည်းအဝေးခေါ်သည့် ခေါင်းလောင်း၊ ကျောင်းတက်ကျောင်းဆင်းချိန်၌ ထိုးသော ခေါင်း
လောင်းများအပြင်၊ နှိုးစက်ပါသောနာရီ၌ တပ်ဆင်ထား
သည့်ခေါင်းလောင်း၊ စကားပြောကြေးနန်း(တယ်လီဖုန်း)၌ တပ်ဆင်ထားသည့် ခေါင်းလောင်း၊ အိမ်၊ ရုံး၊ ဟိုတယ်
စသည်တို့၌  တပ်ဆင်အသုံးပြုသည့်  လူခေါ်ခေါင်း လောင်းများလည်း ရှိပေသည်။

ခေါင်းလောင်းတွင် လက်ဖြင့်ထိုးရသော ခေါင်း
လောင်း၊ ကြိုးဖြင့်ဆွဲရသောခေါင်းလောင်း၊ စက်တပ်
ထားသော ခေါင်းလောင်းဟူ၍ အမျိုးမျိုးရှိသည်။ သံစုံ
ထိုးနိုင်အောင် အသံအမျိုးမျိုးထွက်သော ခေါင်းလောင်း အများ တပ်ဆင်ထားသည့် နေရာများလည်းရှိသည်။ အင်္ဂလန်ပြည် ဗဲလဖတ်မြို့ရှိ ထင်ရှားသော စိန့်ပက်
ထရစ် ခေါင်းလောင်းသည် ခြောက်ရာစုနှစ်လောက်က
ပြုလုပ်ခဲ့သော    ခေါင်းလောင်းဖြစ်ပေသည်။    ထို ရှေးခေါင်းလောင်းသည်     ထောင့်မှန်စတုဂံပုံဖြစ်၍ သတ္တုပြားများကို စို့များဖြင့်တေ့ဆက်ကာ ပြုလုပ်ထား
သည်။ နှောင်းပိုင်းတွင် သတ္တုကိုအရည်ကျို၍ ပုံသွန်း
သည့်အတတ် ထွန်းကားလာသည့်အတိုင်း ယခုအချိန်
တွင် ကမ္ဘာအရပ်ရပ်၌ ခေါင်းလောင်းများကို သွန်း
လုပ်ယူလာကြသည်။

ကမ္ဘာပေါ်တွင် ထင်ရှားကျော်စောသော ခေါင်းလောင်း
ကြီးများအနက် ရုရှားနိုင်ငံ မော်စကိုမြို့ ကရင်မလင် နန်းတော်ရှိ ဇာကိုလိုကော အမည်ရှိ ခေါင်းလောင်း
ကြီးမှာ ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည်။ တန်ချိန်
၂ဝဝကျော်စီး၍ အမြင့် ၁၉ပေ ၃လက်မ၊ အဝန်း
၉ဝ ပေ ၉ လက်မ၊ အထူ နှစ်ပေရှိသည်။ ထိုခေါင်းလောင်း
ကြီးကို ၁၈၃၃ ခုနှစ်တွင် သွန်းလုပ်ခဲ့ရာ ခေါင်းလောင်း
တစ်နေရာတွင် ပဲ့သွားသည်။ ထိုပဲ့သွားသည့် အစပင်
လျှင် ခုနစ်ပေ မြင့်ကာ ရှစ်ပေ ကျယ်ပြီးလျှင် အလေးချိန် ၁၁
တန်စီးသည်ဟု သိရသည်။ ထိုခေါင်းလောင်းကြီးကို လက်မှုပညာရှင် ၂ဝဝ ကျော်ဖြင့် သွန်းလုပ်ထားခြင်း ဖြစ်သည်။  ကမ္ဘာတွင် ဒုတိယအကြီးဆုံး ခေါင်းလောင်း
သည်လည်း မော်စကိုမြို့မှာပင်ဖြစ်၍ ထိုခေါင်းလောင်း
၏ တန်ချိန်မှာ ၁၂၈ တန်ရှိသည်။

မြန်မာနိုင်ငံ၌    ဘိုးတော်ဘုရားလက်ထက်တွင် မင်းကွန်းစေတီတော်ကြီးအနီး၌ မင်းကွန်းခေါင်းလောင်း ကြီးကို သွန်းလုပ်ခဲ့သည်။ ထိုခေါင်းလောင်းကြီးကို သတ္တု
ပြားဖုံးထားသော သုံးချောင်းပူးရက်မကြီး၌ ဆွဲထား
သည်။ ထိုရက်မကြီးသည် ကျွန်းတိုင်ကြီးများကိုငုံ၍
ဆောက်ထားသော အုတ်တိုင်နှစ်ခုပေါ်တွင် တင်ထားရှိ
သည်။ ခေါင်းလောင်းကြီးသည် မလွှဲနိုင်ချေ။ ခေါင်း
လောင်းကြီးကို ထောက်ထားသည့် တိုင်ကြီးများသည် မြေငလျင်၏ဒဏ်ကြောင့် ပျက်စီးယိုယွင်းနေကြသဖြင့် ခေါင်းလောင်းကြီး အောက်သို့ပြုတ်မကျစေရန် သစ်သား
တုံးကြီးများဖြင့် ထောက်ပေးထားရသည်။ ထိုခေါင်းလောင်း
ကြီးကို ကြေးညိုနှင့် သွန်းလုပ်သည်။ ရွှေစငွေစများ
ကို ခေါင်းလောင်းကြီး၏ ကြေးသားထဲတွင်မြှုပ်ထားသည်။

ထိုခေါင်းလောင်းကြီး၏ အပြင်ဘက်အခြမ်းသည် နှုတ်ခမ်းဝ၌ ၁၆ ပေနှင့် သုံးလက်မရှိသည်။ အတွင်း
ဘက်နှုတ်ခမ်းဝအထက် လေးပေနှင့် ရှစ်လက်မနေရာ
၌ အမြင့်သည် ၁၁ ပေရှိသည်။ ခေါင်းလောင်းကြီး၏ အတွင်းဘက်အခြမ်းအမြင့်သည် ၁၁ ပေနှင့် ခြောက်
လက်မရှိ၍ အပြင်ဘက်အမြင့်သည် ၁၂ ပေရှိသည်။
အတွင်းထိပ်ပိုင်း၏အချင်းသည် ရှစ်ပေနှင့် ခြောက်
လက်မရှိ၍ ခေါင်းလောင်းကြီး၏အထူသည် ခြောက်
လက်မမှ ၁၂ လက်မအထိရှိ၍ အလေးချိန်မှာ အကြမ်း
အားဖြင့် တန်ချိန် ၈ဝ ခန့်ရှိမည်ဟု အင်္ဂလိပ်တို့က ခန့်မှန်းခဲ့ကြသည်။ ထိုအလေးချိန်အရ မင်းကွန်းခေါင်း
လောင်းကြီးသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ခေါင်းလောင်းပင်ဖြစ်သည်။

ဘိုးတော်ဘုရားသွန်းလုပ်

ထိုခေါင်းလောင်းကြီးအကြောင်းကို ကုန်းဘောင် ခေတ် မဟာရာဇဝင်တော်ကြီးတွင် ဘိုးတော်ဘုရားသည်
သက္ကရာဇ် ၁၁၇ဝ ပြည့်နှစ် ကဆုန်လဆန်း ၅ ရက်နေ့
တွင် သွန်းလုပ်သည်ဟု ပါရှိသည်။ ခေါင်းလောင်းကြီး
၏အတိုင်းအတာကိုလည်း အဝအချင်း ၃၁ တောင် ၎
သစ် (၁၆ ပေ ၈†လက်မ)၊ လုံးပတ် ၃၃တောင် ၁ မိုက် ၎
သစ် (၅ဝပေ †လက်မ)၊ ဇောက် ၁၃ တောင် ၁ မိုက် ၄ သစ် (၂ဝပေ ၃လက်မ) ရှိသည်။ အလေးချိန်မှာ ကြေးအချိန်
၅၅၅၅၅ ပိဿာ ဖြစ်သည်ဟူ၍ ဖော်ပြထားလေသည်။ ထိုပိဿာချိန်ကို တန်ချိန်ဖွဲ့လျှင် ၉ဝ ဒသမ ၅၂ တန်ရ
သည်။

တရုတ်ပြည်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ် ဂျီနန်း မြို့အရောက်တွင်   မင်မင်းဆက် (၁၃၆၈-၁၆၄၄)လက်ထက် လွန်ခဲ့သောနှစ်ပေါင်း ၆ဝဝ ခန့်က သွန်း
လုပ်ခဲ့သော ယုံလီ အမည်ရှိ ကြေးသွန်းခေါင်းလောင်းကြီး ကို တွေ့ရသည်။ ထိုကြေးသွန်းခေါင်းလောင်းကြီးမှာ ၄၅ တန် အလေးချိန်ရှိ၍ ၆ ဒသမ ၇၅ မီတာ အမြင့်
ရှိသည်။ ၃ ဒသမ ၃ မီတာ အချင်းရှိ၍ သုည ဒသမ
၂၂ မီတာထူသည်။ ခေါင်းလောင်းကြီး၏ အတွင်းအပြင် မျက်နှာစာအပြည့်တွင် တရုတ်အက္ခရာ ၂၂၇ဝဝဝ ဖြင့် ထွင်းဖော်ထားသော ဗုဒ္ဓကျမ်းဂန်လာ သုတ္တန်များကို တွေ့ရှိရသည်။

ကျိုတိုမြို့ ချီယွန်အင် ကျောင်းတော်တွင် တည်ရှိသော ခေါင်းလောင်းကြီးမှာ ၁၆၃၃ ခုနှစ်တွင်သွန်းလုပ်၍ ၇၄ တန်အလေးချိန်ရှိသည်။ ဂျပန်တွင် အလေးချိန် အများဆုံး ခေါင်းလောင်းကြီးဖြစ်သည်။ ထိုခေါင်း လောင်းကြီးကို ထိုးခတ်ရန် ရဟန်း ၁၇ ပါး လိုအပ်မည်
ဖြစ်ကြောင်း သိရှိရသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး

ထို့ပြင် မြန်မာ့သမိုင်းတစ်လျှောက်တွင် သမိုင်း
ကြောင်းအရ ပြောဆိုလို့သာရပြီး သက်သေပြနိုင်ရန် ခဲယဉ်းလှသော ခေါင်းလောင်းတစ်လုံးမှာ ဓမ္မစေတီ ခေါင်းလောင်းကြီးပင်ဖြစ်သည်။ အကြမ်းအားဖြင့် တန်
ချိန်  ၃ဝဝ ခန့်ရှိသော ဓမ္မစေတီမင်း၏ မဟာခေါင်းလောင်း
ကြီးသည် ရေးမှတ်ခဲ့သမျှ သမိုင်းမှတ်တမ်းများထဲတွင် အကြီးမားဆုံး ခေါင်းလောင်းကြီးအဖြစ် တည်ရှိလာ ခဲ့သည်။ မြန်မာပြည်မှ ဓမ္မစေတီမင်းက ခရစ်နှစ် ၁၄၈၄ တွင် သွန်းလုပ်ခဲ့သော ထိုခေါင်းလောင်းသည် ရန်ကုန်မြို့
ရွှေတိဂုံစေတီတော်ကြီးတွင် တည်ရှိခဲ့ပါသည်။

ဓမ္မစေတီခေါင်းလောင်းကြီးသည် အမြင့် ၁၂တောင်
(၆ ဒသမ ၂၆ မီတာ) အဝအချင်း ရှစ်တောင် (၄ ဒသမ
၁၈၄ မီတာ)ရှိသည်ဟု ဆိုပါသည်။ ရွှေတိဂုံဘုရားတွင် တည်ရှိခဲ့စဉ်က   ခေါင်းလောင်းကြီး၏ပုံသဏ္ဌာန်ကို ခန့်မှန်းရေးဆွဲသည့်ပုံကို (http://www. blagovestbells.com/Internet/ing/shwedagon1.jpg)တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ ဓမ္မစေတီခေါင်းလောင်းကြီးသည် ခရစ်နှစ် ၁၆ဝ၂ ခုနှစ်တိုင်အောင် အလေးချိန်အများဆုံး ခေါင်းလောင်းကြီးအဖြစ် ရွှေတိဂုံဘုရားတွင် ချိတ်ဆွဲ
တည်ရှိခဲ့ပါသည်။ ထိုနှစ် ၁၆ဝ၂ တွင် ပေါ်တူဂီတပ်သား နှင့် ကုန်သည်ဖြစ်သော ဖိလစ်ဒီဘရစ်တို ဆိုသူက ထို
ခေါင်းလောင်းကို ဖယ်ရှားခဲ့ပြီး ¤င်း၏ခြေကုပ်စခန်းဖြစ်
သော သန်လျင်သို့ ရန်ကုန်မြစ်ကြောင်းအတိုင်း အထူးပြု လုပ်ထားသောဖောင်ဖြင့် သယ်ယူရန် ကြိုးပမ်းခဲ့သည်။ သို့ရာတွင် ခေါင်းလောင်းသယ်ယူခဲ့သော သင်္ဘောသည်
ရန်ကုန်နှင့် ပဲခူးမြစ်ဆုံနေရာတွင် နစ်မြုပ်သွားခဲ့သည်။
ဓမ္မစေတီခေါင်းလောင်းကြီးသည် ထိုနစ်မြုပ်ရာ နေရာ၌
ပင် ယနေ့ထိတိုင် မြုပ်နေဆဲဖြစ်ပြီး မြစ်ကြမ်းပြင် ၂၅ ပေ
(၇ ဒသမ ၆ မီတာ) အောက်တွင် ကောင်းမွန်စွာရှိနေနိုင်ပါ သည်။ ခေါင်းလောင်းတည်ရှိရာနေရာ ရှာဖွေခြင်းနှင့် ခေါင်းလောင်း ဆယ်ယူရန် ကြိုးပမ်းမှုအမြောက်အမြား ပြုလုပ်ခဲ့ကြသော်လည်း ယခုထိပင် အောင်မြင်မှု မရရှိ သေးချေ။

ထိုဓမ္မစေတီခေါင်းလောင်းကြီးကို ပြန်လည်ဆယ်ယူ
ထိန်းသိမ်းနိုင်ခြင်းမရှိသေးမီ  ပြည့်စုံသည့်  အချက်
အလက်မရှိသေးသော်လည်း ဓမ္မစေတီခေါင်းလောင်း ကြီးသည် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီး အစစ်
အမှန်ဖြစ်မည်ဟု ထင်မြင်ယူဆရသည်။ အဘယ်ကြောင့်
ဆိုသော် ခေါင်းလောင်းကြီးသည် ဇောက် ၁၂ တောင်ရှိ၍
ကြေးပိဿာချိန် ၁၈ဝဝဝဝ ရှိသည်။ ¤င်းကိုတန်ဖွဲ့ပါ
က တန် ၂၉ဝ ရှိသည်။ ထို့ကြောင့် ဓမ္မစေတီ ခေါင်းလောင်း
ကြီးသည် ဇာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်း ခေါင်းလောင်းတစ်လုံးစာ ပို၍ကြီးမားနေသည်ကို အံ့သြ
ဖွယ် လေ့လာတွေ့ရှိရပါသည်။

ရှေးလူများ စတင်အသုံးပြုခဲ့သော ခေါင်းလောင်းများ မှာ လေးထောင့်ပုံ ခေါင်းလောင်းကလေးများသာ ဖြစ်
ကြ၍ အချို့မှာ အလုံပိတ်ဖြစ်သော ခလောက်ကလေး များ ဖြစ်ကြသည်။ ထိုစဉ်က ဟီဗြူဘုန်းကြီးအချို့၏ ဝတ်ရုံများ၌လည်း ရွှေဖြင့်ပြုလုပ်သော ချူကလေးများကို တပ်ဆင်ခဲ့ကြလေသည်။ နှောင်းပိုင်းခေတ်များတွင်မှ သွန်းလုပ်လာခဲ့ကြသော ခေါင်းလောင်းကြီးများသည် ယခုအခါတွင် ကမ္ဘာကျော်ခေါင်းလောင်းကြီးများအဖြစ်
မြင်တွေ့နေကြရပြီ ဖြစ်ပါသည်။     ။

မာန်သစ်ငြိမ်း (ရှေးဟောင်းသုတေသန)

ကိုးကား
- မြန်မာ့စွယ်စုံကျမ်းအတွဲ-၂
- ဓမ္မစေတီခေါင်းလောင်းကြီးတကယ်ရှိ၊ မရှိနှင့်
ကမ္ဘာကျော်ခေါင်းလောင်းကြီးများ -
အရှင်ပဏ္ဍိတာနန္ဒ (တကောင်း)

No comments:

Post a Comment