Latest News

Wednesday, June 13, 2018

နေမာနဲ့ စီရိုနယ်လ်ဒိုတို့နှစ်ဦးထဲက ဘယ်သူ့ကိုရွေးမလဲ ရီးယဲလ်

နေမာနဲ့ စီရိုနယ်လ်ဒိုတို့နှစ်ဦးထဲက  ဘယ်သူ့ကိုရွေးမလဲ ရီးယဲလ်


ရီးယဲလ်မက်ဒရစ်အသင်းက နေမာကိုခေါ်ယူဖို့ ခြေလှမ်း ပြင်နေတာ ခရီးတစ်ဝက်လောက် ရောက်နေခဲ့ပြီး ရီးယဲလ်က ဘရာဇီးစတားအတွက် ပေါင် ၃ဝ၇သန်းအထိ အသုံးပြုသွားဖို့ ရှိနေခဲ့တယ်လို့ သိရပါတယ်။ ရီးယဲလ်က နေမာကိုရဖို့ ပီအက်စ်ဂျီနဲ့ နေမာတို့ ချုပ်ဆိုထားတဲ့ ထွက်ခွာခွင့်သဘောတူညီချက် ပေါင် ၂၆၃ သန်းအပြင် ပေါင် ၄၄ သန်း ထပ်ပိုးပြီး ပေါင် ၃ဝ၇ သန်းနဲ့ ခေါ်ယူဖို့  ပြင်ဆင်ထားတာဖြစ်ပါတယ်။

 ရီးယဲလ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပီအက်စ်ဂျီက နေမာကို လိုချင်ရင် စာချုပ်ပါ ထွက်ခွာခွင့်အချက် ပေါင် ၂၆၃သန်း (ယူရိုသန်း ၃ဝဝ)နဲ့ စက်တင်ဘာ ၁ ရက်
(အပြောင်းအရွှေ့ဈေးကွက် ဖွင့်ပြီးနောက်တစ်ရက်)မှာသာ ရရှိနိုင်မယ်လို့ အကြောင်းပြန်ခဲ့တာကြောင့် ပီအက်စ်ဂျီဘက်ကတော့ နေမာကို ထွက်ခွာခွင့်မပေးလိုဘဲ ၂ဝ၁၉ ခုနှစ်အထိ ဆက်ထိန်းဖို့ ဆုံးဖြတ်ထားတယ်ဆိုတာ ထင်ရှားပါတယ်။  နေမာဟာ ပြီးခဲ့တဲ့နွေဈေးကွက်အတွင်း ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် သန်း၂ဝဝ ( ယူရို ၂၂၅သန်း) နဲ့ ပြောင်းရွှေ့ခဲ့တာ ကြောင့် ပီအက်စ်ဂျီအနေနဲ့ နေမာကို ပြန်ရောင်းချမယ် ဆိုရင် တစ်ရာသီအကြာမှာ ပေါင် ၁ဝ၇သန်း မြတ်စွန်းမှာ ဖြစ်ပေမယ့်  ဒီအခွင့်အရေးကို ငြင်းပယ်လိုက်တာဖြစ်ပါ တယ်။ ယခုအာဆင်နယ်နည်းပြ အမ်မရီက ပီအက်စ်ဂျီ နည်းပြက သူမဟုတ်ခဲ့ဘဲ နေမာဖြစ်ခဲ့တာလို့ ဖွင့်ဟခဲ့ပြီး   အသင်းပိုင်ရှင် အယ်ခီလိုင်ဖီရဲ့ နေမာအပေါ် အရေးထား မှုကို သွယ်ဝိုက်ဖွင့်ဟခဲ့ပါတယ်။

ရီးယဲလ်အသင်းက ပြောင်းရွှေ့ကြေးပေးနိုင်တယ် ဆိုရင်တောင်  နေမာရဲ့  တစ်နှစ်လုပ်ခပေါင်၃၉သန်း (ယူရို ၄၅သန်း) ကို ပေးချေနိုင်မလား၊ ဒါလည်း မသေ ချာပါဘူး။ ရီးယဲလ်ဟာ တိုက်စစ်မှူး စီရိုနယ်လ်ဒိုအတွက် တစ်နှစ်လုပ်ခ ပေါင် ၁၈ သန်း (ယူရို ၂၁ သန်း) ပေးချေ နေရတာကြောင့် နေမာကို ရအောင်ခေါ်ရင် သူတို့ နှစ်ဦးစလုံးရဲ့ မြင့်မားတဲ့လုပ်ခလစာကို ပေးချေဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စဖြစ်လာပါတယ်။

ဒီတော့ ရီးယဲလ် ဥက္ကဋ္ဌပီရက်ဇ်က နေမာကို ခေါ်ယူဖို့ စီရိုနယ်လ်ဒိုကို လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီး ဒီကိစ္စ ရပ်အပေါ် နည်းပြဇီဒန်းက သဘောမတူညီခဲ့တာကြောင့် နောက်ဆုံး ပီရက်ဇ်နဲ့ ဇီဒန်းကြား ညှိမရဖြစ်ကာ ရီးယဲလ် က ဇီဒန်း ထွက်ခွာသွားခဲ့တာလို့ အချို့သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ ခုနောက်ဆုံးထွက်လာတဲ့ သတင်း အရ ရီးယဲလ်က စီရိုနယ်လ်ဒိုကို တစ်ပတ်လုပ်ခပေါင် ၅၅ဝဝဝဝ (တစ်နှစ်လုပ်ခ ပေါင် ၂၈ ဒသမ ၅ သန်း)နဲ့ စာချုပ်သက်တမ်းတိုးရေးကမ်းလှမ်းထားပြီး  စပိန် သတင်းစာဆရာ မာနိုလာမာရဲအဆိုအရ ရီးယဲလ်က စီရိုနယ်လ်ဒိုအတွက် မူရင်းလုပ်ခလစာ ပေါင် ၂၂သန်း၊ အပိုဆုကြေးအတွက် ပေါင် ၆ ဒသမ ၅ သန်းနဲ့ ကမ်းလှမ်း ခဲ့တာလို့ သိရပါတယ်။

စီရိုနယ်လ်ဒိုက      ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ  ရီးယဲလ်မှာ လုံလောက်တဲ့ ကစားသမားအင်အားရှိနှင့်ပြီးဖြစ်တာကြောင့် နေမာကို မလိုဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တဲ့စကားကို ပြောခဲ့တာကြောင့်  နေမာ ရောက်လာမှာကို စီရိုနယ်လ်ဒိုမလိုလားဘူးဆိုတဲ့ ယူဆ ချက်တွေလည်း ထွက်လာပါတယ်။ ရီးယဲလ်နောက်ခံလူ မာဆယ်လ်လိုကတော့ နေမာကို စီရိုနယ်လ်ဒိုပိုင်တာ မဟုတ်တာကြောင့်  နေမာ ရီးယဲလ်ကို ရောက်ရှိလာရေး တားဆီးနိုင်ခြင်းမရှိဘူးလို့ မှတ်ချက်ပြုပါတယ်။

တချို့ကိစ္စရပ်တွေကျတော့ ရေခဲချပ်ကြီးလိုပဲ အပေါ် ကကြည့်ရင် အနည်းငယ်သော အစိတ်အပိုင်းကို  မြင်ရ မှာဖြစ်ပေမယ့် အတွင်းပိုင်းမှာ ပြဿနာတွေက အများ ကြီးရှိနိုင်တာကြောင့်  ဇီဒန်းခေတ်လွန် ရီးယဲလ်အသင်းကို ဘယ်သူဦးဆောင်မလဲ၊ စီရိုနယ်လ်ဒိုနဲ့ နေမာတို့ထဲက ဘယ်တစ်ဦးကို ရီးယဲလ်အသင်းရွေးမလဲ၊ ‘ဒါမှမဟုတ် အစောပိုင်း သတင်းတွေက ဖော်ပြခဲ့သလို ဂါရတ်ဘေးလ်၊ ဘင်ဇီမာတို့ကို ထုတ်ရောင်းပြီး  နေမာကို ခေါ်ယူကာ ရီးယဲလ်တိုက်စစ်အတွဲမှာ စီရိုနယ်လ်ဒိုနဲ့ နေမာတို့ ပူးတွဲ ကစားမှုကို ပရိသတ်တွေ မြင်ရမလား ‘ဒါလည်း စိတ်ဝင် စားစရာကောင်းပါတယ်။

The Mirror

No comments:

Post a Comment